ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

ရာသီမလာခင် မိန်းမအများစု ခံစားရလေ့ရှိတဲ့ပြဿနာတခုကတော့ ရင်သားတွေတင်းပြီးတော့ နာကျင်ကိုက်ခဲတာပါပဲ။လေ့လာမှုတွေအရ ဒီလိုဖြစ်ရတာဟာ အဲဒီအချိန်မှာ ဖြစ်တတ်တဲ့ဟော်မုန်းအတက်အကျကြောင့်လို့ ဆိုပါတယ်။ရင်သားတွေတင်းပြီးနာကျင်တာကို သက်သာအောင်လုပ်နိုင်တဲ့နည်းလမ်းတချို့ရှိပေမဲ့ တော်တော်နဲ့မပျောက်ခဲ့ရင် ပိုပြီးနာကျင်လာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းပြတာ ကောင်းပါတယ်။

ရာသီမလာခင်ရင်သားနာရတဲ့အဓိကအကြောင်းအရင်းကိုပြောပါဆို ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ပြောရပါမယ်။ရာသီမလာခင်မှာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ နဲပါးသွားတတ်ပါတယ်။အဲ့အချိန်မှာ ရင်သားနာတာစပါတယ်။တယောက်နဲ့တယောက် နာပုံနာနည်းတွေတော့ မတူညီကြပါဘူး။တချို့က စူးခနဲစူးခနဲနာပြီး တချို့က ဆွဲညှစ်ထားသလို ခပ်အောင့်အောင့်နာပါတယ်။ရင်သားတဖက်ထဲနာတာရှိသလို နှစ်ဖက်လုံးနာတာလဲ ရှိနိုင်ပါတယ်။ချိုင်းကြားတွေ လက်မောင်းအောက်တွေမှာလည်း နာတတ်ပါတယ်။ရင်သားဟာနဂိုထက်ကြီးလာသလိုလိုရှိပြီး တင်းနေတတ်ပါတယ်။နို့သီးခေါင်းနားမှာ ပိုနာတယ်လို့လည်း ဆိုပါတယ်။တချို့ကြတချိန်လုံးလိုလို နာနေတတ်ပြီး တချို့မှာတော့ နာလ်ုက်ပျောက်လိုက်ပါပဲ။

ရင်သားကိုက်ခဲနာကျင်တာတွေသက်သာဖို့ဆို ဆေးဆိုင်တွေမှာဝယ်လို့လွယ်တဲ့ Ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။တခါတလေကျ ဆရာဝန်က ဟော်မုန်းပမာဏထိန်းညှိဖို့ သန္ဓေတားဆေးတချို့ကို ရက်အနည်းငယ်သောက်ခိုင်းနိုင်ပါတယ်။

သက်သာအောင်လုပ်နိုင်မဲ့နည်းလမ်းတွေကတော့

– ပိုပြီးသက်တောင့်သက်သာချောင်ချောင်ချိချိဖြစ်စေမဲ့ ဘရာစီယာ ဘော်လီအစရှိတာတွေ ဝတ်ပါ။
-ကော်ဖီ လက်ဘက်ရည် အားဖြည့်အချိုရည်အစရှိတဲ့ ကဖင်းဓာတ်ပါတဲ့အစားအသောက်တွေ ရှောင်ပါ။
-အငံလျော့စားပါ။
-ရေခဲကပ်တာ ဒါမှမဟုတ် ရေနွေးအိတ်ကပ်တာမျိုးတခုခုလုပ်ပေးပါ။
-Vit E နဲ့ Vit B6 တို့ဟာ ရင်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။
-လေ့ကျင့်ခန်းအပေါ့စားလေးတွေလုပ်နိုင်ပေမဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုမျိုးတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။

များသောအားဖြင့် ရာသီမလာခင် ရင်သားတွေတင်းပြီးနာကျင်တာဟာ ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပေမဲ့ အကြာကြီးနာကျင်နေတာ ပိုဆိုးလာတာဆိုရင်တော့ ဆေးရုံဆေးခန်းပြဖို့အရေးကြီးကြောင်း သတိပေးလိုက်ရပါတယ်။

Dr.KG

ဆက်စပ် ဆောင်းပါးများ