ယောက်ျားလေးအချင်းချင်း ချစ်ကြတဲ့အခါ (သို့မဟုတ်) MSM

ယောက်ျားလေးအချင်းချင်း ချစ်ကြတဲ့အခါ (သို့မဟုတ်) MSM

“ဆရာ ရေ ဝမ်းသွားလို့ လာပြတာ   ”

ကျော်ကျော်တစ်ယောက် ဒေါက်တာ အောင်နိုင်ဆေးခန်းထဲသို့ ဝင်လာသည်။

ရေသန့်ဗူးလေး ကိုင်လာသည်။

” ဓာတ်ဆားရည်သောက်နေလား ”

”  ဟုတ်ကဲ့ဆရာ ဓာတ်ဆားရည ်သောက်နေပါတယ်”

”  အများကြီးသွားလို့လား ”

“ဒီနေ့တော့ သက်သာသွားပါပြီ ဆရာ  ”

ဒေါက်တာ အောင်နိုင်သည် သွေးပေါင်ချိန်ကြည့်သည်။ သွေးပေါင်ကောင်းသည်။ အဖျားတိုင်းကြည့်သည်။ အဖျားလည်း မရှိပါ။  ဗိုက်ပေါ် လက်တင်၍လည်းစမ်းလိုက်သေးသည်။

” သွေးပေါင်လည်း ကောင်းနေတယ်။ အခုရော ဝမ်းရပ်သွားပြီလား ”

” ဝမ်းက ရပ်သွားပါပြီဆရာ။ လူက နှုန်းနေလို့ အားဆေးလေး ထိုးချင်လို့လာတာပါ ”

“ဓာတ်ဆားရည်လည်း သောက်နေတယ်ဆိုတော့ ဆက်သောက်ပါ”

” နောက်တစ်ချက်က ကျွန်တော် ပိုးသတ်ဆေးလေး သောက်ချင်လို့ပါ ”

“အခု ဝမ်းရပ်သွားပြီပဲ။ ဘာလို့ ပိုးသတ်ဆေး သောက်ချင်ရတာလဲ။ ပိုးသတ်ဆေး သောက်ဖို့ မလိုပါဘူး။  ”

” ဝမ်းက ခဏခဏ သွားနေလို့ပါ ဆရာ ”

” ဘယ်လို ခဏခဏ သွားနေလို့လဲ။ အခု ရပ်သွားပြီလေ ”

“နှစ်ရက် သုံးရက် ဖြစ်လိုက်။ နှစ်ပတ်လောက်နေရင် ပြန်ဖြစ်လိုက် ဖြစ်နေလို့ပါ  ”

” ကြာပြီလား။ ”

“ကျွန်တော် သတိထားမိတာ သုံးလေး လရှိပြီ။ ”

” ဝမ်းက သူ့ဘာသာ ရပ်သွားတာလား။ ဆေး သောက်သေးလား ”

“တစ်ခါ တစ်လေ လမ်းထိပ် ဆေးဆိုင်က ဆေး ဝယ်သောက်တယ်။ ပျောက်သွားတယ်။   ”

ကျော်ကျော်သည် စကားပြောရတာ မောသွားလို့ထင်သည်။ ဓာတ်ဆားရည် တစ်ငုံ့ သောက်လိုက်သည်။

” တစ်ခါ တစ်လေ လည်း သူ့ဘာသာ ပျောက်သွားတယ် ဆရာ ”

“အရင်ကရော ဝမ်း လွယ်တတ်လား  ”

” ကျွန်တော်က ဝမ်းချုပ် တတ်တဲ့ သူပါ။ ဝမ်းက ခိုင်ပါတယ်။ ငယ်ငယ်က ဆိုရင် ဝမ်းနှုတ်ဆေး တောင် သောက် ရတဲ့ သူပါ။ အခု ကြီးမှ ဝမ်းတွေ ခဏခဏ သွားနေလို့ ခက်နေတာ။ ”

ဒေါက်တာ အောင်နိုင်သည် ကျော်ကျော် ပြောသည် များကိုသေချာ နားထောင်ရင်း အတွေးများ ချာချာ လည် နေတော့သည်။

” သွေးစ တွေ အချိအချွဲ တွေ ပါသေးလား ”

“ဒီတစ်ခေါက်တော့ မပါဘူးဆရာ။ ဟိုး တစ်ခါကတော့ပါတယ်။   ”

“ဟုတ်လား  ”

” အဲဒီတုန်းက လမ်းထိပ်က ဆေးဆိုင်က ဆေး စပ်သောက်လိုက်တယ်။ ”

ဆရာဝန်ထက် လမ်းထိပ် ဆေးဆိုင်ကို ပိုအားကိုးသည်။ လမ်းထိပ်ဆေးဆိုင်မှ မနိုင်သော case များသာဆေးခန်းသို့ရောက်လာသည်။

” ဝမ်းစစ်ကြည့်ရအောင်။ ဒါမှလည်းရောဂါတစ်ခုကို အမြစ်ပြတ် ကုနိုင်မယ် ”

“ဟုတ်ကဲ့ပါဆရာ  ”

” ကျွန်တော် တစ်ခုလောက် မေးလို့ရပါမလားဆရာ ”

“မေးပါ။   ”

”  ကျွန်တော့် သူူငယ်ချင်း တစ်ယောက်လည်း ကျွန်တော့်လိုပဲ ဝမ်းခဏခဏ သွားတတ်လို့ပါ ဆရာ။ ကျွန်တော်တို့ နှစ်ယောက် ရောဂါများ တူနေသလားလို့”

ဒေါက်တာ အောင်နိုင် ကျော်ကျော်ကို့ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ လက်သည်းခြေသည်းလေးတွေကို သေချာ တိထားသည်။ ဆေးခန်းလာပေမဲ့လည်းအိင်္ကျ ီကို သေသပ်စွာ ဝတ်ဆင်ထားသည်။ ဖိုသီ ဘတ်သီ ဖြစ်နေသည် က မိမိဖြစ်သည်။ အလုပ်ကြမ်းမလုပ်ဖူးလို့ထင်သည်။ အသားအရည်လေးက ကြည်လင်နေသည်။ Skin care လည်း သုံးပုံရသည်။ ရေမွေးနံ့ကလည်း သင်းပျံနေသည်။ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။

MSM ( Men who have sex with men)

သူများ သားပျို သမီးပျိုကို ဒီလိုမျိုးလည်း မထင်ရက်ပါ။

ကြည့်လိုက်တော့ လည်း ကျားကျားရားရားနှင့်။ ကိုယ်ကမှ နွဲ့ နေသယောင် ထင်ရသေးသည်။ ဆရာဝန်ဆိုတော့လည်း ကျန်းမာရေး မလိုက်စားနိုင်သောကြောင့် သူတို့လို ယောကျာ်း ပီပီသသ ခန္ဓာကိုယ်မျိုး မရှိ။

လူက အလုပ်ကြမ်း မလုပ်ဖူးလို့ နုနုဖတ်ဖတ်။ ထင်စရာရှိလျှင် ကိုယ်လို ဆရာဝန်ကိုတောင် ထင်ရဦးမည်။

” သူငယ်ချင်းက အမျိုးသမီးလား။ အမျိုးသားလား ”

” အမျိုးသားပါဆရာ ” ကိုယ်ထင်တာ  မှန်နေပြီလားလို့အတွေး တစ်ချက်ဝင်လာသည်။

“ခင်ဗျား သူငယ်ချင်းနဲ့ တစ်အိမ်ထဲ အတူနေတဲ့သူငယ်ချင်းလား   ”

” မဟုတ်ပါဘူး ဆရာ ” မှန်ဖို့နီးစပ်လာပြီ။

“အိမ်က တစ်ခြား မိသားစု ဝင်တွေရော ဝမ်း ခဏခဏ ပျက်ကြလား  ”

မေးချင်တာကို တိုက်ရိုက် မမေးပဲ တစ်ခြား မေးခွန်းများ လှည့်မေးနေကြသည်။

” တစ်အိမ်လုံးက လူ တွေ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် တစ်ယောက်ထဲ ဖြစ်တာပါ ”

” သူငယ်ချင်း နှစ်ယောက် သိပ်ရင်းနှီးသလား ” စကား စလိုက်သည်။

”  တော်တော် ရင်းနှီးလား”  ဒေါက်တာ အောင်နိုင်သည် ကျော်ကျော်ကို သေချာ ကြည့်ပြီး နောက်တစ်ကြိမ် ထပ် မေးလိုက်သည်။

ကျော်ကျော် မျက်နှာပေါ်တွင် ပန်းရောင် သန်းသွားသည် ဟု ထင်လိုက်သည်။

“ရင်းနှီးပါတယ်ဆရာ  ”

ဒေါက်တာ အောင်နိုင်သည် ဒီ တစ်ကြိမ် မေးခွန်းကို တိုက်ရိုက်မေးလိုက်သည်။

” သူငယ်ချင်း ထက် ပိုတယ် မလား။  ”

ကျော် ကျော် သည် ဒီမေးခွန်းကို ဖြေဖို့ အားယူနေသည်။

နထင်တွင် ချွေးလေး စို့လာသည်ဟု ဒေါက်တာ အောင်နိုင်ထင်သည်။

” ဟုတ်ကဲ့ ဆရာ ”

ဒေါက်တာ အောင်နိုင်သည် ကုလားထိုင်မှနေ၍ ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ ကျော်ကျော် သည် လည်း သူ့ ကိုယ်ကို ရှေ့သို့ တိုးလိုက်သည်။ ကိုယ်မေး ချင်သော မေးခွန်းကို တိုက်ရိုက် မေးလိုက်သည်။

” ခင်ဗျားတို့ သူငယ်ချင်း နှစ်ယောက် အတူတူ နေတတ်သလား ”

အပြင် က လူတွေ ကြားသွားမည် စိုးသောကြောင့် လေသံ တိုးတိုး လေး မေး လိုက်သည်။  တကယ် တိုးတိုးလေးမေးလိုက်ခြင်းသာ။  ကျော်ကျော် သည် ခေါင်းငြိမ့်လိုက်သည်။ ထိုနောက် လေသံလေး နှင့် ဖြေသည်။

“နေဖြစ်ပါတယ်ဆရာ  ”

ဆရာဝန်၏ အပြုံးသည် ဟန်မဆောင်နိုင်ပေ။ ”  အတူနေပြီးတိုင်း ဝမ်း ပျက်တယ်လို့ ထင်သလား”

”  ထင်ပါတယ်ဆ ရာ ”

” နှစ်ယောက်စလုံး အတူတူ ကုသ ရမယ်း။ တစ်ယောက်ထဲ ကု လို့ မရဘူး။ ”

” ဟုတ်ကဲ့ပါ ဆရာ။  ”

” နှစ်ယောက်စလုံး ဝမ်း စစ်ရမယ်။ ”

” ဟုတ်ကဲ့ပါ ဆရာ ”

” နောက်ပြီးရင် တော့ ခြင်ဆင်ရမဲ့ အရာတွေ ရှိတယ်။  ဒါမှ နောက်တစ်ခါ ဒါမျိုးထက် မဖြစ်အောင်လို့ ကာကွယ်လို့ရတယ်။”

” ဟုတ်ကဲ့ပါဆရာ ”

ဒေါက်တာ အောင်နိုင်သည် ရှေ့ကုန်းနေသော ခါးကို ပြန်မတ်လိုက်သည်။ ထို့နောက် နောက်သို့ မှီလိုက်သည်။

အေးအေး ဆေး ဆေး Counselling လုပ်မည် ဆိုသည့် သဘော။

” ဝမ်းပျက်စေတဲ့ ပိုးတစ်မျိုးကြောင့် ဝမ်းခဏခဏပျက်နေတာ။ ဘာပိုးလည်း ဆိုတာတော့ ဝမ်းစစ်ကြည့်မှ အတိအကျ သိရမယ်။ နောက် တစ်ကြိမ်ထပ်မဖြစ်ရန် ဆောင်ရန် ရှောင်ရန်လေးတွေ တော့ ရှိတယ်”

” အတူ မနေခင်နဲ့ အတူနေပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေး ကြောရမယ်။ လက်ကိုလည်း လက်အိတ်စွပ်တာဟာ ပိုကောင်းပါတယ်။ ပေါင်ခြံတွေ တင်ပါးနေရာတွေကို ကိုင်ပြီးရင် လက်သေချာ ဆေးရပါတယ်။ ဒါမှမဟုတ် ရင်လည်း လက်အိတ် စွပ်သင့်ပါတယ်။ ပေါင်ခြံ တင်ပါးနေရာတွေကိုမနမ်း ရှုံရပါဘူး။ နမ်းရှုံ့ချင်တယ်ဆိုရင် အတူမနေခင် ရေချိူးလိုက်တာ အကောင်းဆုံးပါပဲ။ အတူနေပြီးရင်လည်းရေချိုးသင့်တယ်။ အဓိက ကတော့ oral sex နဲ့ anal sex ကြားမှာ Condom ကို လဲ သင့်တာပဲ။ အတွင်းခံတွေကို နမ်း ချုံ့တာမျိုးတွေလည်း မလုပ်သင့်ဘူး။ ”

”  ဟုတ်ကဲ့ပါဆရာ။ ကျွန်တော် ဆောင်ကြဉ်ပါမယ်”

ကျော်ကျော်သည် ဆရာဝန်ကို နှုတ်ဆက်ကာ ထွက်သွား၏။ ဆရာဝန်သည် အတွေးများနှင့် ခြာခြာလည် ကာ ကိုယ့်ကိုကိုယ် လူကဲခတ် ညံ့တာပဲဟုလည်း တစ်ပြိုင်နက် တွေးလိုက်မိသည်။

Dr. အေးချမ်းမိုး