မေး။ “ ကျွန်မအသက် (၂၀) ရှိပါပြီ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က မိဘသဘောတူတဲ့ လူတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။ အရင်ကတော့ ချစ်သူရည်းစားတစ်ယောက်မှ လည်းမထားဖူးပါဘူး။ Honeymoon အနေနဲ့ ကမ်းခြေတစ်ခုကိုသွားခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာပဲဆီးသွားရင် အရမ်းကျင်ပါတယ်။ ဆီးလည်း ခဏခဏ သွားချင်ပါတယ်။ နှစ်ရက်လောက်ရှိပါပြီ။ အဖျားတက်တာနဲ့ ဗိုက်အောက်ပိုင်း အရမ်းနာကျင်နေတာပါ။” ဖြေ။ Honeymoon Cystitis လို့ခေါ်တဲ့ မင်္ဂလာဦးညမှာဆီးအိမ်ထဲ ဆီးပိုးဝင်ပြီးဆီးအောင့် ဆီးကျင်တဲ့ ရောဂါဖြစ်တာပါ။ အမျိူးသမီးများ ပထမဆုံးအကြိမ် အမျိူးသားနဲ့ ဆက်ဆံတဲ့အခါမှာ အဖြစ်များပါတယ်။ အမျိုးသားများ အတွက် ဝမ်းသာစရာဖြစ်ပါတယ်။ ကိုယ်လက်ထပ်ယူထားသောအမျိူးသမီးသည် တစ်ခြား အမျိူးသား တစ်ယောက်နှင့် အရင်ကမဆက်ဆံဖူးဘူးလို့ ယေဘူယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ ဘာကြောင့် ဆီးပိုးဝင်လည်း ဆိုရင် အမျိူးသားလိင်အင်္ဂါ၊ လက်ချောင်းနှင့် အခြားပစ္စည်းတွေမှ တစ်ဆင့် ပိုးဝင်သွားတာပါ။ အဖြစ်များလားမေးရင် အဖြစ်များပါတယ်.. Honeymoon က အပြန်ဖြစ်တတ်ပါတယ်။ အစပိုင်းမှာ ဆီးကျင်တာ ဆီးအောင့်တာလောက်ပဲ ဖြစ်ပါမယ်။ ဆီးခဏခဏ သွားချင်နေတာမျိူးလည်းဖြစ်တတ်ပါတယ်။ ဆီးမထိန်းနိုင်ပဲ လမ်းမှာ ထွက်ကျတာ မျိူးလည်း ဖြစ်တတ်ပါတယ်။ ဗိုက်အောက်ပိုင်းနာကျင်တာတွေ ဆီးစပ်ကိုက်တာမျိုးတွေ လည်းခံစားရတတ် ပါတယ်. ဒီထက် ပိုဆိုးရင်တော့ ဆီးထဲမှာအနည်တွေပါလာမယ် သွေးလည်းပါလာတတ်တယ်.. အနံ့တွေ အရမ်းနံလာမယ်။ တစ်ချို့ အမျိူးသမီးတွေ ရှိပါတယ်။ ဆီးခဏခဏအောင့်တတ်တဲ့အကျင့်။ အဲဒီအခါမျိုးမှာ ပိုးသတ်ဆေးကိုဆေးဆိုင်ကနေ (၂) ခွက်စာ (၃) ခွက်စာ ဝယ်သောက်တတ်ကြပါတယ်.. (၃) ခွက်လောက် သောက်ပြီးလို့ ရောဂါသက်သာသွားရင် ဆီးပိုး မရှိတော့ဘူးလို့ ယူဆကြပါတယ်။ အဲ့ဒါဟာ သိပ်ကိုမှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်. ဆရာဝန်နဲ့ တိုင်ပင်ပြီး ပိုးသတ်ဆေးကို (၅)ရက် လောက် သောက်ရပါမယ်။ ဒါမှသာ ရောဂါအရှင်းပျောက်မှာပါ။ တစ်ချို့လည်းရှိပါတယ်. ဆီးအောင့်ပြီဆိုတာနဲ့ရေတွေ တနေကုန် ထိုင်သောက်နေတော့တာပါ။ ဆီးလမ်းကြောင်း ပိုးဝင်လျှင် ရေများများသောက် ဆီးများများသွားလျှင် သက်သာပါတယ်။ ရေများများလည်း သောက်ခိုင်း ပါတယ်။ ဒါပေမဲ့ ဆီးပိုးဝင်နေတဲ့အတွက် ပိုးသတ်ဆေး (Antibiotics) မသောက်ပဲကိုယ့်သဘောနဲ့ ကိုယ် “ရေကုထုံး” နဲ့ ကုနေတတ်တဲ့ ညီမငယ်တွေကလည်းအများကြီးရှိပါတယ်. ဆရာဝန်နဲ့ သွားပြရင် ပိုးသတ်ဆေးတိုက်မယ်.. ပိုးသတ်ဆေးသောက်ပြီးရင် ခေါင်းမူးတတ်တယ်လ့ို တရားသေ မှတ်ထားတတ်သောသူတွေလည်းရှိတတ်ကြပါသေးတယ်။ ပိုးသတ်ဆေးမသောက်လျှင်တော့ ဆီးပိုးဟာ ကျောက်ကပ် အထိ ပျံ့နှံသွားနိုင်ပါတယ်… ဒီထက်ပိုဆိုးရင် ဆီးပိုးသွေးထဲရောက်သွားနိုင်ပါတယ်။ ဒီလိုအချိန်မျိုးဆိုလျှင် လူနာဟာ အဖျားတွေ အရမ်းကြီးမယ်။ ငှက်ဖျားလူနာလိုမျိုးချမ်းတုန်ပြီးအဖျားတွေ အရမ်းတက်နေတတ်ပါတယ်. ငှက်ဖျားလူနာ ချမ်းတုန်နေတာမျိုးက သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်လို့ ချမ်းတုန်နေတာ မျိုးကတော့ ပိုးသတ်ဆေးသောက်မှပဲသက်သာမှပါ။ ဒီလို အခြေအနေမျိုးမှာ ကိုယ်သာလူနာကိုယ်သာ ဆရာဝန်လုပ်၍ ကုနေလို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။ နီးစပ်ရာ ဆရာဝန်နဲ့သွားရောက်ပြသ၍ ကုသရမဲ့အခြေအနေပါ။ ဆီးချိုရောဂါ ရှိသူများ၊ ကျောက်ကပ်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဆီးလမ်းကြောင်း ပိုးဝင်ပါက ဆရာဝန်နှင့်သာ ကုသမှုခံယူရပါမည်။ Honeymoon Cystitis ကတော့ အမျိုးသားနဲ့ဆက်ဆံတဲ့အချိန်မှာရောဂါပိုးတွေကို နေရာ ပြောင်းပေးသလို ဖြစ်သွားသောကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိူးသားနဲ့မဆက်ဆံခင်မှာ ဆီးသွားထားရပါမယ်။ ထို့အပြင် ဆက်ဆံပြီးတဲ့ အချိန်မှာလည်းဆီးထပ်သွားရပါမည်။ ဆီးသွားပြီးတိုင်းလည်း အမျိုးသမီးအင်္ဂါကို ရေနှင့် စင်ကြယ်စွာ ဆေးကြောပေးရပါ မယ်။ ဆပ်ပြာသုံးစွဲခြင်းမျိုး မလုပ်သင့်ပါ။ ဆီးသွားပြီးရေဆေးရင်လည်း လက်ကိုအနောက်ကနေအရှေ့ကို ဆေးတာဟာ မှားယွင်းပါတယ်။ လက်ကို အရှေ့ကနေ အနောက်ကိုပဲဆေးရပါမယ်။ ဒါမှမဟုတ် လက်ကိုဘယ်ညာရွေ့ရပါမယ်။ အနောက်ကနေ အရှေ့ကိုရွေ့လျှင် စအိုဝက ရောဂါပိုးတွေဟာရှေ့ဖက်မှာရှိတဲ့ဆီးလမ်းကြောင်းထဲကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။ ရေတစ်မျိုးတည်းနှင့် လုံလောက်ပါတယ်။ သို့သော် သန့်ရှင်းစင်ကြယ်သော ရေတော့ ဖြစ်ရပါမယ်။ မြန်မာအမျိုးသမီးအများစု ဖြစ်ပွားတတ်တာကတော့ ခရီးသွားရင် ဆီးအောင့်တတ်တာပါပဲ။ ခရီးသွားတဲ့ အခါမျိုးမှာ တွေ့ရာထမင်းဆိုင်တွေမှာ ဆီးသွားရပါတယ်။ ရေတွေကြည့်လိုက်ပါ။ ဝါဝါကျင်ကျင်လေးတွေပါ။ အဲဒီလို အချိန်မျိုးမှာ Tissues သုံးတာပိုကောင်းပါတယ်။ ဒီညီမလေး ဖြစ်တာကတော့ Honeymoon cystitis ရောဂါပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးတွေ ပေးလိုက်တော့သက်သာသွားမှာပါ။ ဆောင်သင့်တာတွေဆောင်၊ ရှောင်ကျဉ်သင့်တာတွေကို ရှောင်ကျဉ်ရင် ဆီးပိုးဝင်တာတွေကို ကာကွယ်နိုင်ပါတယ်။ Honeymooner လေးများရွှင်လန်းပါစေ။
AUTHOR – ဒေါက်တာအေးချမ်းမိုး