လိင်ဆက်ဆံစဉ် နာကျင်မှု (Dyspareunia) လိင်ဆက်ဆံစဉ်နာကျင်မှုကို Primary အခြေခံနှင့် Secondary ဒုတိယအဆင့်ဟူ၍ နှစ်မျိုးခွဲခြားထား သည်။
လိင်ဆက်ဆံစဉ် ကာလတစ်လျှောက်လုံး နာကျင်မှုဝေဒနာ ခံစားရပါလျှင် Primary အခြေခံဟု သတ်မှတ်၍ နာကျင်မှုမရှိသောကာလပြီးမှ နာကျင်မှုခံစားရလျှင် (ဆက်ဆံမှု၌ နာကျင်မှု၊ မနာကျင်မှု ရောယှက်နေလျှင်) Secondary ဒုတိယအဆင့်ဟု သတ်မှတ်ပါသည်။ အပေါ်ယံနာကျင်မှုသည်စိတ်နှင့်ဆက်နွယ်မှုရှိပြီးအတွင်းပိုင်းနာကျင်မှုသည် ရောဂါတစ်စုံတစ်ခု ကြောင့် ဖြစ်နိုင်ပါသည်။ နာကျင်မှုနှင့် ပတ်သက်၍
(က) နာကျင်သောနေရာ
(ခ) နာကျင်မှုအမျိုးအစား (ဘယ်လိုနာကျင်သလဲ)
(ဂ) နာကျင်မှု၏ ပြင်းထန်ခြင်း
(ဃ) နာကျင်မှုဖြစ်ပေါ်ချိန်
(င) ကြာမြင့်သည့်ကာလ
(စ) အခြားဆက်စပ်မှု အကြောင်းခြင်းရာများစွာကို အသေးစိတ်မေးမြန်းရန် လိုအပ်ပါသည်။ ဆေးပညာရှင်များ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များလုံးဝရှာဖွေမတွေ့ရှိမှသာစိတ်ပိုင်းဆိုင်ရာ ပြဿနာအကြောင်းထည့်သွင်းစဉ်းစားသင့်ပါတယ်။လိင်ဆက်ဆံမှုကို ကြောက်ရွံ့ခြင်းပင်လျှင်နာကျင်မှုဝေဒနာကို ဖြစ်ပေါ်စေသောအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံစဉ်နာကျင်မှုသည် ဆန္ဒနိုးကြွမှု၊ ဆန္ဒပြည့်မြောက်မှုနှင့် ဆက်ဆံလိုသော ဆန္ဒတို့အား အနှောက် အယှက်၊ အဟန့်အတားဖြစ်စေသည်။ အပေါ်ယံနာကျင်မှု အပေါ်ယံနာကျင်မှုမှာ အင်္ဂါအဝနာကျင်မှုကိုဆိုလိုခြင်းဖြစ်ပါသည်။အပေါ်ယံနာကျင်မှုသည်အများဆုံး ဖြစ်လေ့ဖြစ်ထရှိပြီး ဖြစ်စေနိုင်သော အကြောင်းရင်းဇစ်မြစ်များစွာရှိကြောင်း တွေ့ရတတ်သည်။ သို့သော် အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေရန် ခက်ခဲနေတတ်သဖြင့် လူနာအဖို့ ကုသမှုအပေါ် ကျေနပ်မှု မရနိုင်ဘဲ ရှိနေတတ်သည်။ ကုသရာတွင် ဝေဒနာသက်သာပျောက်ကင်းမှု ပြည့်ဝစွာမရရှိနိုင်သဖြင့်ဆရာဝန်ကိုယ်တိုင် ခေါင်းခြောက်ရသောကိစ္စတစ်ခုဖြစ်သည်။အင်္ဂါအဝနာကျင်မှုသည် ဝေဒနာသက်သာပျောက်ကင်းလိုက်၊ ပြန်လည်ဖြစ်ပေါ်လိုက်နှင့်လုံးလည်လိုက်နေတတ်သည်။ပူလောင်သည့် ဝေဒနာ၊ယားယံခြင်းနှင့် နေရထိုင်ရခက်သလို ဖြစ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံနာကျင်မှုသည် လိင်ဆက်ဆံခြင်းပြုမှသာ မဟုတ်ဘဲ အချိန်ပြည့် နာကျင် နေတတ် နိုင်ပါသေးသည်။ တချို့ကဆိုလျှင် လမ်းလျှောက်စဉ်မှာပင် နာကျင်လာတတ်ကြသည်။ အထူးသဖြင့်အမျိုးသမီး ပြင်ပအင်္ဂါများ ရောင်ရမ်းခြင်းကြောင့်ဖြစ်လေ့ရှိသည်။ လိင်ဆက်ဆံရာတွင် ချောမွေ့စေရန် သုံးသောပစ္စည်းများ၊ သုတ်ပိုးသေစေရန်သုံးသော ဆေးဝါးများနှင့် အခြားဓါတုဗေဒပစ္စည်းများကြောင့်လည်း နာကျင်မှုဝေဒနာ ဖြစ်စေနိုင်သည်။ သားမွေးလမ်းကြောင်းနာကျင်မှု သားမွေးလမ်းကြောင်းနာကျင်မှုမှာ ဖြစ်ပွားမှုနှုန်း အလွန်နည်းပါးပါသည်။ သားမွေးလမ်းကြောင်းသည် သဘာဝအားဖြင့် အာရုံခံစားမှုနည်းသော အင်္ဂါတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။ အတွင်းပိုင်းနာကျင်မှုသည်လည်း ဖြစ်ပွားမှုများကြောင်း တွေ့ရသည်။ အဓိက အကြောင်းရင်း ဇစ်မြစ် များမှာ ဝမ်းဗိုက်အောက်ပိုင်း ရောင်ခြင်း၊ အမျိုးသမီးမျိုးပွားအင်္ဂါများ ခွဲစိတ်ကုသမှုခံယူခဲ့ခြင်း၊ ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသခဲ့ခြင်းများ၊ လိင်အင်္ဂါ အဖုအကျိတ်များ၊ ဝမ်းဗိုက်ပိုင်းအတွင်း အဖုအကျိတ်များ၊ ဆီးလမ်းကြောင်း ပိုးဝင်ခံရခြင်း၊ မမျိုးဥအိမ် အကျိတ်များ စသည်တို့ကြောင့် အတွင်းပိုင်း နာကျင်မှုဖြစ်နိုင်သည်။ ကုသခြင်း ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို အဓိကကုသပေးရန် လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု နှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကိုလည်း ထိရောက်စွာ လုပ်ဆောင်ပေးသင့်ပါတယ်။ သားမွေးလမ်းကြောင်းကျုံ့ခြင်း (ဆက်ဆံရေးလမ်းကြောင်းကျုံ့ခြင်း) သားမွေးလမ်းကြောင်းကျုံ့ခြင်းသည် လိင်ဆက်ဆံသည့်အခါ နာကျင်စေခြင်းနှင့် လိင်ဆက်ဆံရန် ကြောက်လန့်မှုတို့ကို ဖြစ်စေနိုင်ပါသည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုနှစ်မျိုးစလုံးကို ဖြစ်စေပါသည်။အမျိုးသမီးများသည်အမျိုးသမီးများနှင့်ဆက်ဆံရမည်ကိုပင် ကြောက်လန့်တုန်လှုပ်နေတတ်သည်။ သားမွေးလမ်းကြောင်း အောက်ပိုင်းရှိ ကြွက်သားများ ကျုံ့ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်းသည် တစ်ကြိမ်တစ်ခါမျှ လိင်ဆက်ဆံခြင်းမပြုဖူးသူ အမျိုးသမီးများ၌ ဖြစ်ပါက “Primary Vaginismus” ဟုခေါ်ပါသည်။ အကယ်၍ယခင်က လိင်ဆက်ဆံစဉ်က မဖြစ်ခဲ့သော်လည်း နောက်ပိုင်းဆက်ဆံမှုများတွင် သားမွေးလမ်းကြောင်း ကျုံ့ခြင်းဖြစ်ပါက “Secondary Vaginismus” ဟု ခေါ်ပါသည်။ ဝေဒနာ၏ ပြင်းထန်မှုသည် လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်းနှင့် လိင်ဆက်ဆံမှုကို ငြင်းပယ်ခြင်းတို့ဖြစ်စေပါသည်။သားမွေးလမ်းကြောင်းကျုံ့ခြင်းသည်လိင်ဆက်ဆံမှုပြုမှသာ ဖြစ်တတ်ခြင်းမဟုတ်ဘဲအမှန်တကယ်ဆက်ဆံမှုမပြုသော်လည်းလှုံ့ဆော်မှုအဆင့်မှာပင် ဖြစ်တတ်ပါသည်။ ထိုသို့ သားမွေးလမ်း ကြောင်း ကျုံ့ခြင်းရှိနေပါက လိင်ဆက်ဆံမှုမပြုဘဲ ပြင်ပလှုံ့ဆော်မှုဖြင့် ဆန္ဒပြည့်ဝအောင် ဆောင်ရွက်ပေးသင့် ပါသည်။
သားမွေးလမ်းကြောင်းကျုံ့နေသူ အမျိုးသမီးအား အတင်းအကျပ်လိင်ဆက်ဆံရန် ကြိုးပမ်းမှုပြုပါက နာကျင်မှု၊ ကြောက်ရွံ့မှု၊ထိတ်လန့်တုန်လှုပ်မှု၊ ကြေကွဲဝမ်းနည်းမှုနှင့်စိတ်ဓါတ်ကျဆင်းမှုများ ဖြစ်ပေါ်စေ နိုင်ပါသည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်း Vaginismus ရှိပါက ဇွတ်အတင်း ဆက်ဆံမှုကို ရှောင်ကြဉ်ကြရန် အရေးကြီးသည်။ ရောဂါဖြစ်ရခြင်း၏ဇစ်မြစ်များ သားမွေးလမ်းကြောင်းကျုံ့ခြင်း၏ အဓိကအကြောင်းရင်းမှာ စိတ်ဆန္ဒမဲ့ (သိစိတ်ဖြင့်မဟုတ်သော) သားမွေးလမ်းကြောင်း ကြွက်သားများကျုံ့ညှစ်ခြင်းဖြစ်သည်။ မည်သည့်အတွက် တချို့အမျိုးသမီးများတွင် သားမွေးလမ်းကြောင်းကျုံ့ခြင်းဖြစ်တတ်၍ တချို့တွင် မဖြစ်ကြသည်ကို အတိအကျ မသိနိုင်ပေ။ လိင်ဆက်ဆံစဉ် နာကျင်မှုဝေဒနာသည် သားမွေးလမ်းကြောင်းကို ဖြစ်စေသော အကြောင်းရင်းဖြစ်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ သို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုသည် လိင်ဆက်ဆံရမည်ကို ကြောက်လန့်စေသည်။ ပထမဦးဆုံး လိင်ဆက်ဆံစဉ်က ခံစားခဲ့ရသော နာကျင်မှု ဝေဒနာကို ကြောက်လန့်မှုကြောင့်လည်း နောက်တစ်ကြိမ် လိင်ဆက်ဆံရမည်ကို စိုးရိမ်နိုင်တတ်ပါသည်။ အခြားတစ်ချက်မှာ လိင်ဆက်ဆံသဖြင့် ကိုယ်ဝန်ရရှိမည်ကို စိုးရိမ်ကြောင့်ကြမှုကြောင့် သားမွေးလမ်းကြောင်း ကျုံ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဘာသာရေးယုံကြည်မှုများ၊ လိင်ပိုင်းဆိုင်ရာ ဗဟုသုတနည်းပါးခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ မုဒိမ်းကျင့်ခံခဲ့ရခြင်း၊ ဆက်ဆံဖော်အပေါ် ဒေါသဖြစ်ခြင်း စသည်တို့သည်လည်း အကြောင်းရင်း ဇစ်မြစ် ဖြစ်တတ်ပါသည်။ အချစ်ပျယ်မည်ကို စိုးရိမ်ခြင်း၊ ကိုယ်ဝန်ရှိမည်ကို ကြောက်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့် အင်္ဂါ လမ်းကြောင်း သေးငယ်သည်ဟု ယုံမှား သံသယရှိခြင်းတို့ကြောင့် သားမွေးလမ်းကြောင်း ကျုံ့နေတတ်၏။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများသည်လည်း ပြဿနာ၏ ဇစ်မြစ်ဖြစ်နေနိုင်ပါသေးသည်။ ကုသခြင်း အပြုအမူပိုင်းဆိုင်ရာ ကုသမှုသည် သားမွေးလမ်းကြောင်း ကျုံ့ခြင်းအတွက် အရေးကြီးသော ကုသမှုဖြစ်၏။ အထူးလေ့ကျင့်ခန်းများဖြင့်ကြွက်သားများအကြောလျော့အောင် ဆောင်ရွက်ရမည်ဖြစ်၏။သားမွေးလမ်းကြောင်းအားစနစ်တကျလေ့ကျင့်မှု ပြုပေးရပါမည်။သားမွေးလမ်းကြောင်းအား လေ့ကျင့် ပေးခြင်းမှာ အထူးဖန်တီးပြုလုပ်ထားသော အရွယ်အစားမတူသည့် ပစ္စည်းများကို အသုံးပြုရ၏။ သေးငယ်သော ပစ္စည်းမှစ၍တဖြည်းဖြည်းကြီးသောပစ္စည်းကိုထည့်သွင်းပြီးနာကျင်မှုမဖြစ်ပေါ်အောင် လေ့ကျင့်နည်းပင် ဖြစ်သည်။သားမွေးလမ်းကြောင်းကျုံ့ခြင်းမှာ လေ့ကျင့်မှုဖြင့် ပျောက်ကွယ်သွားမည်ဖြစ်၏။ဆန္ဒပြီးမြောက်မှုပြဿနာ (Female Organism Disorder or Anorgasmis) အမျိုးသမီးများ ဆန္ဒပြီးမြောက်ခြင်းဆိုသည်မှာ အတိအကျ သတ်မှတ်ရန် မလွယ်ကူပေ။ မည်သည့် အဆင့်သည် စိတ်ဆန္ဒပြည့်ဝမှုအရှိဆုံးဆိုခြင်းမှာပင် ရှင်းလင်းစွာမရှိနိုင်ပါ။ တချို့သော အမျိုးသမီးများသည် ဆန္ဒပြီးမြောက်မှု မရှိနိုင်ပါ။ တချို့သော အမျိုးသမီးများသည် ဆန္ဒပြီးမြောက်မှု မရှိသည့်တိုင် ကျေနပ်မှုရှိခဲ့ကြ ကြောင်း တွေ့ရသည်။ အမျိုးသမီးများ ဆန္ဒပြည့်ဝမှုနှင့်ပတ်သက်၍ အမျိုးသားများကိုယ်တိုင် နားလည်သဘောပေါက် ထားသင့်ကြသည်။ အမျိုးသားများသည်မိမိကဲ့သို့ပင်အမျိုးသမီးများသည်ဆန္ဒပြီးမြောက်မှုမရှိလျှင်လိင်ဆက်ဆံမှုအပေါ်ကျေနပ်မှုရရှိမည်မဟုတ်ဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် အမျိုးသမီးများ ဆန္ဒပြီးမြောက်စေရန် ဆန္ဒလွန်ကဲမှုများ ဖြစ်တတ်ကြ၏၊။ ဆန္ဒမပြီးမြောက်ခြင်းမှာ ဆန္ဒပြီးမြောက်မှုဖြစ်စဉ်ကို အလိုအလျောက် (မသိစိတ်ဖြင့်) ဆန္ဒမဲ့ ဟန့်တား ထားမှုကို ဆိုလိုပါသည်။ တချို့အမျိုးသမီးသည် သာမန် လိင်အင်္ဂါချင်း ဆက်ဆံမှုဖြင့် ဆန္ဒပြီး မြောက်နိုင် ကြသည်။ တချို့မှာမူ အခြားလှုံ့ဆော်မှုများ (ဥပမာ – အင်္ဂါစေ့အား လှုံ့ဆော်ပေးမှု) ရှိမှသာ ဆန္ဒပြီးမြောက် တတ်ကြ၏။ လိင်ဆက်ဆံခြင်းဖြင့် ဆန္ဒမပြီးမြောက်တတ်သော အမျိုးသမီးများသည် စိတ်ဖြေဖျောက်မှုဖြင့် ဆန္ဒပြီးမြောက်နိုင်ကြောင်း တွေ့ရသည်။ ဆေးပညာရှင်တချို့က ဆန္ဒပြီးမြောက်ခြင်းကို “Mini-death” အငယ်စား သေဆုံးခြင်းဟု တင်စားသုံးနှုန်းလေ့ရှိ၏။ လိင်ပညာပေးခြင်းနှင့်အကျိုးအကြောင်း ဆွေးနွေးခြင်းများသည်ဆန္ဒမပြီးမြောက်ခြင်းအတွက် အရေးကြီးသော ကဏ္ဍမှပါဝင်လျက်ရှိပါသည်။ ကုသခြင်း ကြောက်ရွံ့မှုကို ဖယ်ရှားပစ်ခြင်းနှင့် အားပေးကူညီခြင်းလိုအပ်သည်။ ပဋိပက္ခကို ဖြေရှင်းပေးရမည် ဖြစ်သည်။ လှုံ့ဆော်မှုအပိုင်းကို ပိုမိုုပြုဆောင်ပေးရန် အရေးကြီးသည်။ လိင်ဆက်ဆံဖော်နှစ်ဦးအကြားဆက်ဆံရေး ကောင်းမွန်ပြေပြစ်စေရန် ဆောင်ရွက်ပေးရပါမည်။လိင်ပညာပေးခြင်း၊လက်ခံယုံကြည်မှုများကိုမှန်ကန်စေခြင်းနှင့်ဆက်ဆံဖော်၏လိုအပ်ချက်ကိုနားလည် စေခြင်းတို့အတွက် ဆွေးနွေးပညာပေးခြင်း လိုအပ်မည်ဖြစ်ပေသည်။ သားမွေးလမ်းကြောင်း (ဆက်ဆံရေးလမ်းကြောင်း) ကျုံ့ခြင်းအားကုသမှု
၁။ လိင်ပညာပေးခြင်း ဆွေးနွေးခြင်း
၂။သားမွေးလမ်းကြောင်း ကြွက်သားများအား လေ့ကျင့်ပေးခြင်း
၃။လိင်ပိုင်းဆိုင်ရာခန္ဓာဗေဒကိုကိုယ်တိုင်စမ်းသပ်သိရှိနားလည်ပေးခြင်း
၄။ သားမွေးလမ်းကြောင်းအားလေ့ကျင့်ပေးခြင်း
၅။ဆက်ဆံဖော်အားပူးပေါင်းလေ့ကျင့်စေခြင်း
၆။စမ်းသပ်၍လိင်ဆက်ဆံမှုပြုစေခြင်း
၇။ ကြောက်ရွံ့စိုးရိမ်မှုကို ဆွေးနွေးပညာပေးခြင်း
ဆန္ဒမပြီးမြောက်ခြင်းအမျိုးအစား – အခြေခံအဆင့် ဆန္ဒမပြီးမြောက်ခြင်း (လုံးဝဆန္ဒမပြီးမြောက်ဖူးခြင်း) – ဒုတိယအဆင့်ဆန္ဒမပြီးမြောက်ခြင်း(ယခင်ကဆန္ဒပြီးမြောက်ခဲ့သော်လည်းယခုအချိန်၌ဆန္ဒမပြီးမြောက်စေနိုင်ခြင်း) – လုံးဝဆန္ဒမပြီးမြောက်ခြင်း (မည်သည့်အခြေအနေ၌မဆို ပြည့်ဝရန် မဖြစ်နိုင်ခြင်း) – အခြေအနေအရ ဆန္ဒမပြီးမြောက်ခြင်း (တချို့သော အခြေအနေများ၌ ဆန္ဒမပြီးမြောက်သော်လည်း အခြားနေရာများ၌ ဆန္ဒပြီးမြောက်ခြင်း) ဆန္ဒမပြီးမြောက်မှုကို ကုသခြင်း – လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒကို မိမိတို့ကိုယ်တိုင် စမ်းသပ်သိရှိနားလည်စေခြင်း -ဆန္ဒဖြေဖျောက်ခြင်း – ကြောက်ရွံ့ထိတ်လန့်မှုကို ဖြေရှင်းပေးခြင်း – လိင်ဆက်ဆံခြင်းအပေါ် အာရုံစူးစိုက်ခံစားစေခြင်း – ပစ္စည်းကိရိယာသုံးစွဲခြင်း (ဥပမာ – Vibrators) – အာရုံပြောင်းစေခြင်း – လိင်ဆန္ဒဖြစ်ပေါ်မှု မြှင့်တင်ရန် လေ့ကျင့်ခြင်း – အခြေအနေပြောင်းလဲစေခြင်း – ဆက်ဆံမှုအရ ဆန္ဒပြီးမြောက်စေခြင်း။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)