လိင်တံကျိုးခြင်း

လိင်တံကျိုးခြင်း

အမျိုးသားတွေရဲ့လိင်တံဟာ အရိုးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်ပေမယ့် ကျိုးနိုင်ပါတယ်။ လိင်တံကျိုးတာဟာ အရိုးကျိုးတာနဲ့တော့မတူသလို ကုသမှုအနေနဲ့လည်း အရိုးကျိုးတဲ့အခါမှာလုပ်လေ့ရှိတဲ့ ကျောက်ပတ်တီးကိုင်တာမျိုးလုပ်လို့မရပါဘူး။

အတိအကျပြောရရင် လိင်တံကျိုးတယ်ဆိုတာဟာ လိင်တံရဲ့ tunica albuginea လို့ခေါ်တဲ့ တစ်သျှူးအမျှင် အမြှေးလွှာတွေ စုတ်ပြဲပျက်စီးသွားခြင်း ဖြစ်ပါတယ်။ လိင်တံကျိုးခြင်းဟာ လိင်တံတောင်မတ်နေတဲ့ အချိန်တွေမှာပဲ ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံရင်းနဲ့ပဲ အများဆုံးဖြစ်လေ့ရှိပါတယ်။ အားသုံးခြင်း မသုံးခြင်းနဲ့ သိပ်မဆိုင်ဘဲ လိင်ဆက်ဆံတဲ့ပုံစံတွေ လိင်ဆက်ဆံမှုပြုတဲ့နေရာတွေနဲ့ ပိုဆိုင်ပါတယ်။

အထူးသဖြင့် အမျိုးသမီးက အပေါ်ကနေတဲ့ပုံစံ၊ လေးဘက်ထောက်ပုံစံမျိုးတွေနဲ့ ဆက်ဆံတဲ့အခါတွေမှာနဲ့ ကားထဲ ရုံခန်းထဲ အဝတ်လဲခန်းထဲ စတဲ့ အိပ်ရာပေါ်မဟုတ်တဲ့ နေရာတွေမှာ အလောတကြီး လိင်ဆက်ဆံတဲ့အခါတွေမှာ လိင်တံကျိုးခြင်းဟာ ပိုဖြစ်နိုင်ခြေများပါတယ်။

ဒါ့အပြင် မိမိဘာသာအာသာဖြေတဲ့အခါ ကြမ်းတမ်းစွာ အာသာဖြေမိတာမျိုးရှိရင် လိင်တံတောင်မတ်နေတဲ့အချိန် သတိမထားမိဘဲ အိပ်ရာပေါ် ဟိုဘက်ဒီဘက်လှိမ့်မိရင် လိင်တံတောင်မတ်ရင်းတန်းလန်းနဲ့ ကုတင်ပေါ်က မှောက်ရက်ပြုတ်ကျရင် လိင်တံထောင်မတ်နေချိန် လိင်တံကို ထိခိုက်မိရင် (ဥပမာ တံခါးနဲ့ညှပ်မိတာမျိုး၊ ပစ္စည်းတခုခုနဲ့ခိုက်မိတာမျိုး) စတဲ့ အခြေအနေတွေမှာလည်း လိင်တံကျိုးခြင်းဖြစ်နိုင်ပါတယ်။

လိင်တံကျိုးတဲ့အခါ လိင်တံကနေသွေးထွက်တာ၊ လိင်တံမှာ နာကျင်မှုခံစားရတာ၊ တဖျစ်ဖျစ် လို တခုခုကွဲတဲ့အသံထွက်တာ၊ ရုတ်တရက် လိင်တံပျော့ကျသွားတာ တွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံရင်းနဲ့ လိင်တံကျိုးတာဖြစ်ရင် ချက်ချင်းသိနိုင်ဖို့ခက်ပါတယ်။

ဘာလို့လဲဆိုတော့ ပုံမှန်မှာလည်း လိင်ဆက်ဆံတဲ့အခါ နာကျင်မှုကို ခံစားရတတ်ပါတယ်။ တဖျစ်ဖျစ်အသံထွက်တာ၊ ရုတ်တရက်လိင်တံပျော့ကျသွားတာမျိုးတွေကလည်း မိန်းမကိုယ်ထဲမှာ လေတွေရှိနေရင်၊ စိတ်ဖိစီးစရာများနေရင်လည်း ဖြစ်နိုင်ပါတယ်။

သို့ပေမယ့် အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့ လိင်တံမှာအညိုအမည်းကွက်တွေပေါ်လာတာ၊ ဆီးသွားရခက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လိင်တံကျိုးတာ ဖြစ်ဖြစ်ချင်း အမြန်ဆုံး နီးစပ်ရာဆေးရုံဆေးခန်း သွားကာ ဆရာဝန်နဲ့ပြသပြီး ကုသဖို့လိုပါတယ်။

ဖြစ်တဲ့အချိန်ကနေ ၂၄ နာရီအတွင်းပြနိုင်ရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကုသမှုခံယူတာ နောက်ကျတာနဲ့အမျှ လိင်တံပုံပျက်သွားနိုင်ခြေပိုများပြီး ကုသပြီးသော်လည်း လိင်တံကပုံမှန်ပုံစံအတိုင်းမဖြစ်တာ၊ အရင်လို လိင်ကိစ္စစွမ်းဆောင်နိုင်စွမ်း မရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။

လိင်တံကျိုးတဲ့အခါ စောစောကုသလေ အရင်လိုပြန်ကောင်းနိုင်ခြေပိုများလေလို့ အထူးကုဆရာဝန်ကြီးတွေက ပြောကြားထားပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ လိင်ဆက်ဆံရင်းသော်လည်းကောင်း၊ အာသာဖြေရင်းနဲ့သော်လည်းကောင်း၊ ခိုက်မိလို့သော်လည်းကောင်း အထက်မှာဖော်ပြပါလက္ခဏာတွေခံစားရရင် နီးစပ်ရာဆေးရုံဆေးခန်း အမြန်ပြသပြီး လိင်တံကျိုးတာဟုတ်မဟုတ်စမ်းသပ်ကြည့်ကာ ဟုတ်ခဲ့ရင် အမြန်ဆုံးကုသဖို့လိုပါတယ်။

စမ်းသပ်မှုတွေအနေနဲ့ကတော့ ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာတွေလုပ်ရနိုင်ပါတယ်။ တချို့အခါတွေမှာဆိုရင် သံလိုက်ဓါတ်မှန် (MRI) ရိုက်ရတာမျိုးလည်းရှိနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အခြေအနေပြင်းထန်မှုနဲ့ စမ်းသပ်စစ်ဆေးလို့ရတဲ့ ရလဒ်အပေါ်မူတည်နိုင်ပါတယ်။ လိင်တံကျိုးတာ (တစ်သျှူးအမြှေးလွှာစုတ်ပြဲတာ) အနည်းငယ်လောက်ပဲဆိုရင် ရေခဲကပ်တာ၊ ဆီးပိုက်ထည့်တာ၊ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး သောက်တာ၊ ၁ လလောက် လိင်ဆက်ဆံတာရှောင်လိုက်တာ တွေလုပ်လိုက်ရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ပြင်းထန်တယ်ဆိုရင်တော့ ချက်ချင်း ခွဲစိတ်ကုသမှု ခံယူဖို့ လိုနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ