ဖန်ပြွန်သန္ဓေသား  လူတိုင်းယူလို့ရသလား

 

ဖန်ပြွန်သန္ဓေသား  လူတိုင်းယူလို့ရသလား

ဖန်ပြွန်သန္ဓေယူခြင်းဆိုတာဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးရဖို့ခက်နေတဲ့အိမ်ထောင်စုံတွဲတွေမှာ

အမျိုးသားရဲ့သုတ်ကောင်တွေ နှင့် အမျိုးသမီးရဲ့သားဥတွေကိုထုတ်ယူကာ ခန္ဓာကိုယ်ပြင်ပ ဓါတ်ခွဲခန်းထဲကအထူးပြုလုပ်ထားတဲ့ဖန်ပြွန်ထဲမှာပေါင်းစပ်စေပြီး ရလာတဲ့သန္ဓေအောင်ဥ ကို သားအိမ်ထဲတိုက်ရိုက်ထည့်ခြင်းဖြင့် ကိုယ်ဝန်ရအောင်လုပ်ခြင်းဖြစ်ပါတယ်။

ဆေးပညာအရတော့ဒီလိုလုပ်တာကို In vitro fertilization(IVF) လို့ခေါ်ပါတယ်။

ကလေးရဖို့ ခက်ခဲတိုင်း IVF တန်းမလုပ်ပေးပါဘူး။လုပ်ဖို့လည်းမလိုသေးနိုင်ပါ။

ဘာလို့လဲဆိုတော့ IVF လုပ်ခြင်းဟာ ကုန်ကျစရိတ်လည်းအရမ်းများတဲ့အပြင် လုပ်ရတဲ့အဆင့်တွေကလည်းများလို့ပါ။

IVF လုပ်တဲ့အခါ အဆင့် ၄ ဆင့်ရှိပါတယ်။

အဲ့ဒါတွေကတော့

အဆင့်၁-မမျိုးဥကြွေအောင်လှုံ့ဆော်ခြင်း

ပုံမှန်အတိုင်းဆိုရင် အမျိုးသမီးတွေဟာ တလကို မမျိုးဥတလုံးပဲကြွေပါတယ်။

IVF နည်းဖြင့် ကိုယ်ဝန်ဆောင်မယ်ဆိုရင်ပုံမှန်ကြွေတဲ့ မမျိုးဥတလုံးတည်းနဲ့မလုံလောက်ပါဘူး။ပျက်စီးဆုံးရှုံးနိုင်ခြေကိုပါတွက်ပြီး မမျိုးဥကိုများနိုင်သလောက်များများယူထားဖို့လိုပါတယ်။

ဒါကြောင့် မျိုးဥအိမ်မှ မျိုးဥများများကြွေအောင် လှုံဆော်ပေးတဲ့ ဟော်မုန်းဆေးတွေ သို့မဟုတ် သန္ဓေအောင်အားဆေးတွေသောက်တာ ထိုးတာတွေလုပ်ရနိုင်ပါတယ်။

ဒီလိုမလုပ်ခင်နဲ့လုပ်နေစဉ်အတွင်းမှာ သားဥကြွေမကြွေ၊ဟော်မုန်းပမာဏကောင်းမကောင်းသိဖို့အတွက် အာထရာဆောင်းရိုက်တာ၊သွေးတွင်းဟော်မုန်းစစ်တာတွေလည်းမကြာခဏလုပ်ဖို့လိုနိုင်ပါတယ်။

အဆင့်၂-မမျိုးဥ ထုတ်ယူသိမ်းဆည်းခြင်း

ဟော်မုန်းဆေးတွေပေးပြီးနောက် မမျိုးဥအိမ်တွေက မျိုးဥတွေကြွေလာပြီဆိုရင် ကြွေလာတဲ့မျိုးဥတွေကို မျိုးဥအိမ်တွေဆီကနေ ထုတ်ယူပါတယ်။

ထုတ်ယူတဲ့နည်းကတော့ မိန်းမကိုယ်မှတဆင့် သားဥပြွန်ကိုဖြတ်ကာ မျိုးဥအိမ်ဆီရောက်အောင် သေးသွယ်တဲ့မျိုးဥစုပ်ယူပိုက်လေးကိုသွင်းပြီး စုပ်ယူတာဖြစ်ပါတယ်။မျိုးဥအိမ်နှစ်ဖက်လုံးကမျိုးဥတွေကို သည်နည်းနဲ့ တလှည့်စီစုပ်ယူပါတယ်။

သည်လိုလုပ်တဲ့အခါမှာနာကျင်မှုအနည်းငယ်ခံစားရနိုင်ပါတယ်။ဒါပေမယ့် အရမ်းစိုးရိမ်ဖို့မလိုပါ။ပြုလုပ်နေစဉ်နာကျင်မှုသက်သာအောင် ဆေးဝါးများပေးထားမှာဖြစ်ပါတယ်။

စုပ်ယူလို့ရတဲ့မမျိုးဥတွေကိုတော့ စုပ်ယူပြီးပြီးချင်းမှာ မမျိုးဥတွေအတွက်လိုအပ်သောအာဟာရဓါတ်တွေပါတဲ့ Culture dish ထဲထည့်ပါတယ်။

ထို့နောက်မှာတော့ Incubator ထဲကို ပြောင်းထည့်ပါတယ်။

အဆင့်၃-သုတ်ကောင်နဲ့ပေါင်းစပ်ကာသန္ဓေအောင်ဥဖြစ်စေခြင်း

ဒီအဆင့်မှာတော့ စုပ်ယူရရှိထားတဲ့မမျိုးဥတွေထဲက အရည်သွေးကောင်းတာတွေကိုပြန်စီစစ်ရွေးချယ်ပြီး အမျိုးသားဆီကနေ ယူထားတဲ့သုတ်ပိုးတွေထဲက အကောင်းဆုံးသုတ်ပိုးတွေနဲ့ရောနှောကာ ဖန်ပြွန်ထဲကို ထည့်သွင်းပါတယ်။

ထို့နောက်မှာတော့ မိခင်သားအိမ်အခြေအနေနဲ့တူအောင်ဖန်တီးထားတဲ့ ပတ်ဝန်းကျင်နေရာမှာ ဖန်ပြွန်ကိုထားရှိကာ သုတ်ကောင်တွေနဲ့မမျိုးဥတွေပေါင်းစပ်ပြီး သန္ဓေအောင်ဥတွေဖြစ်မဖြစ်စောင့်ကြည့်ပါတယ်။

ဒီလိုစောင့်ကြည့်ရင်းနဲ့သုတ်ကောင်ကမမျိုးဥထဲကို ဝင်ဖို့ခက်နေတယ်ဆိုရင် Intracytoplasmic Sperm Injection ICSI နည်းကိုသုံးပြီး သုတ်ကောင်အားမမျိုးဥထဲရောက်အောင် ထည့်သွင်းပါတယ်။

အဆင့်၄-မိခင်သားအိမ်ထဲကိုသန္ဓေသားလွှဲပြောင်းထည့်ပေးခြင်း

ဖန်ပြွန်ထဲမှာ သန္ဓေအောင်ဥတွေကနေ သန္ဓေသားလောင်းတွေအဖြစ်ကြီးထွားလာတဲ့အခါ သူတို့တွေထဲက အကောင်းဆုံးတွေကိုရွေးချယ်ပြီး အမျိုးသမီးရဲ့ဆန္ဒနဲ့ခံနိုင်ရည်ပေါ်မူတည်ကာ ကလေးတယောက်လိုချင်ရင် သန္ဓေသားလောင်းတခု၊နှစ်ယောက်(အမြွှာပူး)လိုချင်ရင် သန္ဓေသားလောင်းနှစ်ခု ကို အမျိုသမီးရဲ့မွေးလမ်းကြောင်းမှတဆင့် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းကိုထည့်သွင်းပေးပါတယ်။

ယောကျ်ားလေး၊မိန်းကလေးရွေးချယ်လို့လည်းရပါတယ်။

တချို့မျိုးဆက်ပွားစင်တာတွေမှာတော့ ဖန်ပြွန်ထဲက သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်သွင်းခြင်းမပြုမှီ သန္ဓေသားလောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါပါမပါ စစ်ဆေးခြင်း(Pre-implantation Genetic Diagnosis-PGD)စစ်ဆေးခြင်းကို ပြုလုပ်ပါတယ်။

ဒီလိုစစ်ဆေးခြင်းဖြင့် သန္ဓေသားလောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါပါလာနိုင်ခြေကိုလျော့ကျစေတယ်လို့ သုတေသနပညာရှင်အချို့ကဆိုထားပါတယ်။

ဒါပေမယ့် တချို့သုတေသနပညာရှင်တွေကတော့ ဒီလိုစစ်ပေမယ့်လည်း မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါပါလာနိုင်ခြေဟာ သိသာစွာလျော့ကျမသွားစေတတ်ဘူး။

PGD လုပ်ပြီးထည့်တဲ့သန္ဓေသားလောင်းကိုလည်း မွေးလာတဲ့အခါ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါတွေ လုံးဝမပါလာနိုင်ပါလို့ အာမခံမရပါလို့ ပြောထားတာမျိုးလည်းရှိပါတယ်။

ဒါကြောင့် တချို့မျိုးဆက်ပွားစင်တာတွေအနေနဲ့ PGD မလုပ်ဘဲ သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်တာမျိုးလည်းရှိပါတယ်။

IVF လုပ်တဲ့အခါဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။မျိုးဥကြွေစေရန်လှုံ့ဆော်တဲ့ ဟော်မုန်းဆေးတွေသောက်ရတာကြောင့် ခေါင်းကိုက်တာ၊ပျို့အန်တာ၊မောတာ၊ကိုယ်အလေးချိန်တိုးလာတာ၊

မမျိုးဥအိမ်ကိုဆေးတွေက အခန့်မသင့်လို့ အလွန်အကျွံ့လှုံ့ဆော်မိတဲ့အခါ Ovarian Hyperstimulation Syndrome (OHSS)ရောဂါဖြစ်ပြီး ဝမ်းဗိုက်မှာရေဖျဉ်းစွဲသလိုဖြစ်တာ၊ခန္ဓာကိုယ်ဖောရောင်တာ၊ဆီးနည်းတာ တွေဖြစ်နိုင်ခြေရှိပါတယ်။

၂။သားဥအိမ်အတွင်းမှာသားဥတွေကိုယူတဲ့အခါမှာ ပိုးဝင်တာ၊သွေးထွက်တာ၊သားဥအိမ်အနီးတဝိုက်က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ(ဥပမာ ဆီးအိမ်၊အူ)ကိုထိခိုက်မိတာတွေဖြစ်နိုင်ခြေရှိပါတယ်။

၃။ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း နေရာလွဲမှားသန္ဓေတည်တာ၊လမစေ့ဘဲမွေးတာ၊ပေါင်မပြည့်ဘဲမွေးတာတွေဖြစ်နိုင်ပါတယ်။

ရိုးရိုးသာမန်ကိုယ်ဝန်သည်တွေနည်းတူ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာလည်းရှိပါသေးတယ်။

ဒီဆိုးကျိုးတွေအပြင် ဖန်ပြွန်သန္ဓေနည်းဟာ လုပ်တိုင်းအောင်မြင်မယ်လို့ ယတိပြတ်အာမမခံထားပါ။တချို့တွေဆို နှစ်ကြိမ်၊သုံးကြိမ်လောက် လောက်မှအောင်မြင်ပြီးကိုယ်ဝန်ရတာမျိုးလည်းရှိပါတယ်။

IVF နည်းဟာ ဒီလိုဘေးထွက်ဆိုးကျိုးတွေများတဲ့အပြင် အောင်မြင်မယ်မအောင်မြင်ဘူးသေချာမပြောနိုင်တာကြောင့်၊အကုန်အကျလည်းအရမ်းများတာကြောင့် ကိုယ်ဝန်ရဖို့ခက်ခဲတဲ့အိမ်ထောင်ရှင်စုံတွဲတိုင်းကို ဒီနည်းစလုပ်ပေးလေ့မရှိဘဲ မမျိုးဥကြွေအောင်ဟော်မုန်းဆေးတွေပေးတာ၊IUS(Intrauterine insemination)ခေါ် မမျိုးဥကြွေရက်နဲ့ကိုက်ပြီး အမျိုးသမီးသားအိမ်ထဲသုတ်ကောင်ထည့်ပေးတာ စတဲ့ အကုန်အကျအရမ်းမများ ဘေးထွက်ဆိုးကျိုးသိပ်မရှိတဲ့ နည်းတွေကိုအရင်လုပ်လေ့ရှိပါတယ်။

သို့သော် IVF နည်းသုံးမှ ဖြစ်မယ့် အခြေအနေတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

အကြောင်းအမျိုးမျိုးကြောင့် မမျိုးဥပြွန်ဆိုးဆိုးဝါးဝါးပိတ်တာ၊ပျက်စီးနေတာတွေဖြစ်ပြီးသားဥပြွန်ပွင့်အောင်၊ပြန်ကောင်းအောင်လုပ်တာလည်းမအောင်မြင်တာ

သားဥပြွန်ဖြတ်လိုက်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ကလေးပြန်လိုချင်တာ

သားဥအိမ်ကောင်းကောင်းအလုပ်မလုပ်တာ

သားအိမ်မှာအလုံးအကျိတ်တွေရှိတာ

သားအိမ်တသျှူးတွေနေရာလွဲမှားရောက်နေတဲ့(Endometriosis)ရောဂါရှိတာ

အမျိုးသားရဲ့သုတ်ပိုးပမာဏာနည်းပြီးသုတ်ပိုးပုံစံတွေကလည်းမမှန်ဖြစ်နေတာ

တခြားနည်းတွေသုံးပြီးသော်လည်း ကိုယ်ဝန်ရဖို့ခက်နေတာ

စတဲ့အခြေအနေတွေဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ဖန်ပြွန်သန္ဓေနည်း(IVF)ဟာ ယောက်ျားလေး၊မိန်းကလေးရွေးချယ်လို့ရခြင်း၊အမြွှာလိုချင်ရင်လည်းရနိုင်ခြင်း၊အမျိုးသားဘက်ကသုတ်ပိုးလုံးဝမကောင်းတာ၊အမျိုးသမီးဘက်က မမျိုးဥလုံးဝမကြွေတာစတဲ့အခြေအနေတွေရှိရင်လည်း သုတ်ပိုးအလှူရှင်၊မျိုးဥအလှူရှင်တွေရဲ့အကူအညီနဲ့ကိုယ်ဝန်ဆောင်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိပေမယ့်

ငွေကြေးကုန်ကျမှုအရမ်းများတဲ့အပြင် စိတ်ပန်း၊လူပန်းလည်းဖြစ်နိုင်တာကြောင့် မလုပ်ခင်မှာ မျိုးဆက်ပွားစင်တာတွေကိုသွားပြီး ဆရာဝန်နဲ့ဆွေးနွေးကာ IVF လုပ်ပုံလုပ်နည်းကို သေချာလေ့လာဖို့လိုပါတယ်။

IVF နည်းနဲ့သန္ဓေသားယူမယ်ဆိုပါက အလုပ်အကိုင်အဆင်ပြေပြီး စိတ်ဖိစီးစရာနည်းနေတဲ့အချိန်မှာပဲ ယူသင့်ကြောင်းအဆုံးသတ်အနေနဲ့အကြံပေးချင်ပါတယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ