တကိုယ်ရည်အာသာဖြေတာများသွားရင် ပန်းသေနိုင်သလား 

တကိုယ်ရည်အာသာဖြေတာများသွားရင် ပန်းသေနိုင်သလား

တချို့လူတွေထင်နေကြတာ တခုရှိတယ်။ ခဏခဏ တကိုယ်ရည်အာသာဖြေတဲ့အကျင့်ဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုပြီးတော့ပေါ့။ ပိုဆိုးတာတခုက အဲဒီလိုလုပ်တာဟာ ပန်းသေပန်းညှိုးပါ ဖြစ်စေတယ်လို့လည်း ပြောကြသေးတယ်။

ပန်းသေပန်းညှိုးဆိုတာ အမျိုးသားရဲ့ လိင်အင်္ဂါဟာ ထောင်မတ်နိုင်ခြင်းမရှိတာ တောင့်တောင့်တင်းတင်း မရှိတော့တာလို့ အလွယ်တကူပြောလို့ရပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ မကြာခဏ တကိုယ်ရည်အာသာဖြေခြင်းနဲ့ တကယ်ပဲ သက်ဆိုင်ပါသလား။ တခွန်းထဲပဲ ပြောရရင်တော့ ဘာမှမဆိုင်ပါဘူး။ ဒါဟာ ယုံတမ်းစကားတခုသက်သက်ပါပဲ။

တကယ်က တကိုယ်ရည်အာသာဖြေတယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တခုပဲဖြစ်ပြီး ပြောမယ်ဆိုရင် အကျိုးကျေးဇူးတချို့တောင် ရှိပါသေးတယ်။ သုတေသီတွေအဆိုအရ တကိုယ်ရည်အာသာဖြေတာများသွားလို့ ပန်းသေပန်းညှိုးဖြစ်သွားတယ်ဆိုတာ တယောက်လေးမှ မရှိဘူးသေးပါဘူး။ အမျိုးသားတွေရဲ့ ၇၄ % လောက်ဟာ တကိုယ်ရည်အာသာဖြေလေ့ရှိကြပါတယ်။

ပြောခဲ့တဲ့အတိုင်း တကိုယ်ရည်အာသာဖြေခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတချို့တောင် ရနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်။ မွန်းကြပ်မှုတွေ တင်းမာမှုတွေကို ပြေပျောက်စေတယ်။ အိပ်ပျော်အောက်လည်း ကူညီပေးပါသေးသတဲ့။ တခုရှိတာက တကိုယ်ရည်အာသာဖြေပြီးကာစမှာတော့ လိင်အင်္ဂါက ချက်ချင်းတောင်မတ်နိုင်မှာ မဟုတ်သေးပါဘူး။ ဒါဟာ ပန်းသေပန်းညှိုးနဲ့ မဆိုင်ပါဘူး။ အာသာဖြေပြီးတဲ့အချိန်နဲ့ ပြန်လည်တောင်မတ်နိုင်တဲ့အချိန် ကြားကာလကို Male Refractory Period လို့ ခေါ်ပါတယ်။ အဲ့ကြာချိန်ကာလဟာ တယောက်နဲ့တယောက် ကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။

သုတေသနတွေအရ တကိုယ်ရည်အာသာဖြေခြင်းကြောင့် ပန်းမသေနိုင်တာ သေချာပေမဲ့ တကိုယ်ရည်အာသာဖြေလို့မရလောက်အောင် လိင်ဆက်ဆံလို့မရလောက်အောင် ပျော့ခွေနေတယ်ဆိုရင်တော့ တခြားပြဿနာတခုခုတော့ ရှိနေနိုင်ပါတယ်။ ပြီးတော့ အသက်အရွယ်ကလည်း အရေးကြီးပါတယ်။ များသောအားဖြင့် ဒီပြဿနာဟာ အသက် ၄၀ ကျော်ပြီးတဲ့အမျိုးသားတွေမှာ အဖြစ်များပါတယ်။ တခြား ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့ပြဿနာတချို့ကတော့ ဆီးချို အဝလွန်ခြင်း နှလုံးရောဂါ ဆီးလမ်းကြောင်းပြဿနာတွေ နဲ့ အရက်ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းတို့ပဲဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းသေတတ်သလားဆိုတော့ ဖြစ်တတ်ပါတယ်။ အသက် ၄၀ အောက်မှာ ဒီလိုဖြစ်ရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်က အဓိကပါပဲ။ စိတ်ဖိစီးမှုများတာ ပူပန်မှုများတာ စိတ်ကျရောဂါ နဲ့ အိပ်မပျော်တာတွေက ဒီလို ဖြစ်စေတတ်ပါတယ်။ ကျောရိုးမှာရှိတဲ့ အာရုံကြောမကြီးမှာ ထိခိုက်ဒဏ်ရာရတဲ့လူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

လိင်အင်္ဂါ မထောင်မတ်နိုင်တာ ခပ်စိပ်စိပ်ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။ ဒါဆိုရင် လွယ်လွယ်ကကူကူနဲ့ ပြောင်းလဲပြုပြင်လို့ရတဲ့ကိစ္စမျိုးတွေအတွက် အကြံဉာဏ်မြန်မြန်ရနိုင်ပါလိမ့်မယ်။ ဥပမာ  ဝိတ်လျော့ခိုင်းတာမျိုးပေါ့။ စိတ်ကြောင့်ဖြစ်တယ်ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ခံယူလို့ရနိုင်ပါတယ်။ အားလုံး သဘာဝအတိုင်း ငွားငွားစွင့်စွင့် ရှိနိုင်ကြပါစေ။

Dr.KG

ဆက်စပ် ဆောင်းပါးများ