ဝှေးစေ့ ဘာလို့ရောင်ရတယ်

ဝှေးစေ့ ဘာလို့ရောင်ရတယ်

ဝှေးစေ့ဆိုတာဟာ အမျိုးသားတွေ မျိုးဆက်ပွားနိုင်ရန်အတွက် အရေးကြီးသော မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ဝှေးစေ့ကနေ သုတ်ကောင်နဲ့ကျားဟော်မုန်းတွေကို ထုတ်ပေးပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းကို ဆေးပညာအရ Orchitis လို့ခေါ်ပါတယ်။ဝှေးစေ့ရောင်ရမ်းခြင်းဟာ တဖက်တည်းလည်းဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်နိုင်ပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းဟာ ဘက်တီးရီးယားပိုးတွေ နဲ့ ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်ခံရခြင်းကြောင့် အဖြစ်များပါတယ်။

တချို့သူတွေမှာ ဘာအကြောင်းရင်းမှရှာမရဘဲ ဝှေးစေ့ရောင်ရမ်းတာမျိုးလည်းရှိပါတယ်။

ဘက်တီးရီးယားပိုးတွေဝင်ရောက်ကူးစက်ရာမှ ဖြစ်တဲ့ဝှေးစေ့ရောင်ရမ်းခြင်းဟာ

အပျော်ပါးလိုက်စားရာမှတဆင့် ကူးစက်တတ်တဲ့ Gonorrhoea(ဂနိုရောဂါ)၊Chlamydia ရောဂါတွေကို ဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေဝင်ရောက်ကူးစက်တာကြောင့်ဖြစ်ပါတယ်။ဒီဘက်တီးရီးယားတွေဝင်ရောက်လို့ ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်ပါက epididymitis လို့ခေါ်တဲ့ သုတ်ပို့ပြွန်တွေရောင်တာပါတွဲဖြစ်နိုင်ပါတယ်။

အဲ့လိုနှစ်ခုတွဲဖြစ်တာကို တော့ ဆေးပညာအရ Epididymo-orchitis လို့ခေါ်ပါတယ်။

ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်ရာမှဖြစ်တဲ့ ဝှေးစေ့ရောင်ရမ်းခြင်းကတော့ ပါးချိတ်ရောင်ခြင်းကိုဖြစ်စေတဲ့ Mump virus ဝင်ရောက်ကူးစက်တာကြောင့်ဖြစ်ပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းဟာ

လိင်ဆက်ဆံဖော်များတဲ့သူတွေ

အပျော်ပါးလိုက်စားတဲ့သူတွေ

ကိုယ်တိုင်က အပျော်ပါးမလိုက်စားသော်လည်း၊ကိုယ့်ဆက်ဆံဖော်က အပျော်ပါးလိုက်စားများတာမျိုးရှိတဲ့သူတွေ

မွေးရာပါဆီးလမ်းကြောင်းပုံမှန်မဟုတ်တဲ့သူတွေ

ဆီးလမ်းကြောင်းပိုးခဏခဏဝင်တတ်တဲ့သူတွေ

ပါးချိတ်ရောင်ကာကွယ်ဆေးမထိုးထားတဲ့သူတွေ မှာဆိုရင်အဖြစ်များလေ့ရှိပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်တဲ့အခါမှာ

ဝှေးစေ့တဖက် သို့မဟုတ် နှစ်ဖက်လုံးကရောင်ပြီး ဖောင်းနေတာ၊ရက်အတော်ကြာအောင်နာကျင်ပြီး နာတာကတဖြည်းဖြည်းပိုပိုဆိုးလာတာ၊ဖျားတာ၊အန်တာ စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် မရှက်ဘဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

စမ်းသပ်မှုအနေနဲ့ကတော့ ဆရာဝန်က ဝှေးစေ့ရောင်နေတာ၊ကြီးနေတာ၊ပေါင်ကြားက ပြန်ရည်ကြောအကျိတ်တွေကြီးနေတာရှိမရှိစမ်းသပ်တာအပြင် ဆီးကျိတ်ကြီးနေတာ ရှိမရှိအတွက် စအိုကနေလက်နှိုက်စမ်းသပ်တာတွေပါ လုပ်ရနိုင်ပါတယ်။

စစ်ဆေးမှုအနေနဲ့ကတော့ ဝှေးစေ့ကိုအာထရာဆောင်းရိုက်ကြည့်တာ၊လိင်ဆက်ဆံရာမှတဆင့်ကူးစက်တဲ့ပိုးတွေရှိမရှိသွေးစစ်တာ၊ဆီးစစ်တာ တွေလုပ်ရနိုင်ပါတယ်။

ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ ဝှေးစေ့ရောင်တာလို့အဖြေထွက်လာရင် စောစီးစွာကုသမှုခံယူသင့်ပါတယ်။

ဘာလို့လဲဆိုတော့ စောစီးစွာကုသမှုမခံယူပါက ရောင်တာကြာလာတဲ့အခါမှာ ဖြစ်တဲ့ဘက်ကဝှေးစေ့က သိမ်ပြီးသေးသွားတာ၊ကပ္ပာယ်အိတ်ထဲမှာပြည်တွေစုလာတာ၊ကပ္ပာယ်အိတ်မှာအနာပေါက်တာတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျားဟော်မုန်းနဲ့သုတ်ကောင်တွေအထုတ်နည်းသွားတဲ့အတွက် ကလေးမရနိုင်တာ၊မြုံသွားတာမျိုးတွေထိလည်း ဖြစ်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်လား၊ဗိုင်းရပ်ပိုးကြောင့်ဖြစ်လား စတဲ့ ဖြစ်တဲ့အကြောင်းရင်းပေါ်မှုတည်ပါတယ်။

ဝှေးစေ့ရောင်ရမ်းတာဖြစ်တဲ့အခါ နားနားနေနေနေပါ။အိပ်ရာထဲမှာလှဲနေပါ။အလေးအပင်မတာတွေ၊အကုံးအကွလုပ်တာတွေရှောင်ပါ။

ဝှေးစေ့နာတာသက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်တာ၊ရေခဲကပ်တာ တွေလုပ်နိုင်ပါတယ်။

အစာအိမ်ရောဂါအခံရှိရင်တော့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်နဲ့ပြသပြီးမှပဲသောက်သင့်ပါတယ်။

ဝှေးစေ့နာတာလုံးဝပျောက်ဖို့အတွက်ကတော့ လပိုင်းလောက်ထိ အချိန်ယူရနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ