သုက်ရည်ကျဲရင် ကလေးရနိုင်ပါ့မလား

သုက်ရည်ကျဲရင် ကလေးရနိုင်ပါ့မလား

သုက်ရည်ဆိုတာ လိင်ဆက်ဆံနေတဲ့အချိန် ဆက်ဆံပြီးလို့ပန်းထုတ်လိုက်တဲ့အချိန်နဲ့ တကိုယ်ရည်အာသာဖြေတဲ့အချိန်တွေမှာ ယောကျ်ားရဲ့လိင်တံထိပ်ဝကနေ ထွက်လာတဲ့အရည်ကိုခေါ်တာပါ။သူ့အထဲမှာ သုက်ပိုးကောင်လေးတွေသန်းပေါင်းများစွာပါဝင်ပါတယ်။ပုံမှန်ဆိုရင်တော့သုက်ရည်ဟာအနည်းငယ်ပျစ်ပြီး အဖြူရောင်ရှိပါတယ်။ဒါပေမဲ့ တခြားသောအခြေအနေတွေကြောင့်လည်း သုက်ရည်ရဲ့အရောင်နဲ့ အပျစ်အကျဲဟာ အပြောင်းအလဲရှိနိုင်ပါတယ်။သုက်ရည်ကျဲတာဟာ တချို့အခြေအနေတွေမှာ ကလေးမရတာအထိဖြစ်နိုင်ပေမဲ့ တချို့အခြေအနေမှာတော့ ယာယီသဘောလောက်ပဲဖြစ်ပြီး အလိုလိုပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

ဘာကြောင့်သုက်ရည်ကျဲရသလဲ။

၁။သုက်ကောင် အရေအတွက် နည်းပါးခြင်း(Low Sperm Count)

Oligospermia လို့ခေါ်ပြီး သုက်ရည်ကျဲရတဲ့အကြောင်းရင်းပေါင်းများစွာအနက် အဓိကျပြီးအရေးကြီးတဲ့တစ်ချက်ပါ။ဝှေးစေ့ကနေ သုတ်ပိုးထုတ်လုပ်မှုနည်းနေပြီဆို သင့်သုက်ရည်ဟာကျဲတောက်နေနိုင်ပြီး ပုံမှန်ထက်သုက်ပိုးပါဝင်မှုနည်းနေပါလိမ့်မယ်။သုက်ရည် တစ်မီလီလီတာမှာ သုက်ကောင်ရေ ၁၅ သန်းအောက်ပဲပါခဲ့ရင် ပုံမှန်ထက်နည်းတယ်လို့ သတ်မှတ်ပါတယ်။ဒါဆိုရင် ကလေးရနိုင်ဖို့ မလွယ်လှပါဘူး။သုက်ကောင်ရေနည်းစေတဲ့အကြောင်းတွေကတော့

၁) ဝှေးစေ့ထဲကသွေးပြန်ကြောတွေရောင်ခြင်း(Varicocele)
၂)ကာလသားရောဂါ ဆီးပူညောင်းကျရောဂါ(ဂနို) စသည့်ရောဂါများရှိခြင်း
၃)ဝှေးစေ့မှာအလုံးအကျိတ်ရှိခြင်း
၄)ဟော်မုန်းအပြောင်းအလဲရှိခြင်း  တို့ပဲဖြစ်ပါတယ်။

၂။မကြာခဏတစ်ကိုယ်ရည်အာသာဖြေခြင်း

တနေ့ထဲ အကြိမ်ပေါင်းများစွာ အာသာဖြေနေရင်တော့ အရည်ကြည်ကြည်ကျဲကျဲတွေပဲထွက်လာပါလိမ့်မယ်။ပုံမှန်အရောင် ပုံမှန်ပျစ်နှစ်မှုမျိုးပြန်ရဖို့ အချိန်အတိုင်းအတာတစ်ခုတော့ နားထားဖို့လိုပါလိမ့်မယ်။

၃။ဇင့်ဓာတ်ချို့တဲ့ခြင်း

ဇင့်ဓာတ်ချို့တဲ့နေတဲ့အခါတွေမှာလည်း သုက်ရည်ကျဲနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။အဲ့လိုဆိုရင်တော့ ဇင့်ပါတဲ့အားဆေးတွေသောက်ပေးနိုင်ပါတယ်။

၄။မပန်းခင် ထွက်တဲ့အရည်

လိင်ဆက်ဆံခါနီး နှုးကြဆွကြတဲ့အခါထွက်တဲ့အရည်ဟာ အရမ်းကြည်ပြီး ကျဲပါတယ်။သုက်ကောင်ပါဝင်မှုလည်း အတော်နည်းပါတယ်။

ဆေးခန်းပြရမလား။

အချိန်ကြာမြင့်တဲ့အထိ တောက်လျှောက်ကျဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်တာ ကောင်းပါလိမ့်မယ်။Semen Analysis လို့ခေါ်တဲ့ သုက်ရည်ကိုဓာတ်ခွဲစစ်ဆေးတာမျိုး လုပ်ဖို့လိုကောင်းလိုနိုင်တာမို့ပါ။

သုက်ရည်မကျဲအောင် ဘာတွေလုပ်လို့ရမလဲ။

၁။ဆေးလိပ်ဖြတ်ပါ
၂။အရမ်းဝနေရင် ဝိတ်လျော့ပါ
၃။အရက်လျော့သောက်ပါ
၄။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
၅။လိင်ဆက်ဆံခြင်း တကိုယ်ရည်အာသာဖြေခြင်းတို့ကို ရက်အနည်းငယ်ခန့် ရှောင်ကြဉ်ပါ။

တကယ်လို့ သင့်ရဲ့သုက်ရည်ကျဲနေတဲ့အကြောင်းရင်းက သုက်ကောင်ရေနည်းလို့ဖြစ်ပြီး ဒါကြောင့်ကလေးမရနိုင်တာဆိုခဲ့ရင် လုံးဝစိတ်မပူလိုက်ပါနဲ့ဦး။မျိုးဆက်ပွားအထူးကုတယောက်ယောက်နဲ့တိုင်ပင်ပြီး လွယ်လွယ်ကူကူ ကုသလို့ရတာမို့လို့ မျှော်လင့်ချက်တွေအများကြီးကျန်ပါသေးကြောင်း အသိပေးလိုက်ပါရစေ။

Dr.KG

ဆက်စပ် ဆောင်းပါးများ