ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

ရက်ရှောင်နည်းဆိုတာဟာ သောက်ဆေးသောက်တာ၊ထိုးဆေးထိုးတာ၊ကွန်ဒုံးသုံးတာ၊သားအိမ်ထဲပစ္စည်းထည့်တာ၊လက်မောင်းအောက်ပစ္စည်းမြှပ်တာ စတဲ့သားဆက်ခြားနည်းလမ်းတွေထဲက သားဆက်ခြားနည်းလမ်း တခုဖြစ်ပါတယ်။

ဆေးပညာအရတော့ Calender Method လို့လည်းခေါ်ပါတယ်။

သန္ဓေတည်ဖို့(ကိုယ်ဝန်ရဖို့)ဆိုရင် အမျိုးသားရဲ့သုတ်ကောင်နဲ့အမျိုးသမီးရဲ့မမျိုးဥတို့ပေါင်းစပ်ကြရပါတယ်။

ရက်ရှောင်နည်းဆိုတာဟာ သုတ်ကောင်နဲ့သားဥပေါင်းပြီး သန္ဓေတည်တာ(ကိုယ်ဝန်ရတာ)မဖြစ်ဖို့အတွက် သားဥကြွေမယ့်ရက်နဲ့အနီးတဝိုက်ရက်တွေကိုတွက်ပြီး အဲ့ရက်တွေမှာ အတူနေလိင်ဆက်ဆံတာကိုရှောင်ကာ ကျန်တဲ့ရက်တွေမှာ အတူနေလိင်ဆက်ဆံခြင်းဖြစ်ပါတယ်။

ဒီလိုရေးတဲ့အတွက် သားဥကြွေမယ့်ရက်ပဲရှောင်လို့မရဘူးလား ဘာလို့အဲ့အနီးတဝိုက်ရက်တွေပါရှောင်ရမှာလဲဆိုပြီး တချို့သူတွေအနေနဲ့ မေးချင်ကြမှာပါ။

သားဥကြွေမယ့်ရက်ပဲရှောင်လို့မရပါဘူး။သားဥကြွေမယ့်ရက်နဲ့အနီးတဝိုက်ရက်တွေပါရှောင်ရပါမယ်။ဘာလို့လဲဆိုတော့ သားဥရဲ့သက်တမ်းကတရက်ခံပြီး သုတ်ကောင်ရဲ့သက်တမ်းဟာမိန်းမကိုယ်ထဲမှာဆိုရင် သုံးရက်ထိအသက်ရှင်နိုင်လို့ပါ။

အမျိုးသမီးတွေဟာ တယောက်နဲ့တယောက် ရာသီလာတဲ့ရက်ချင်း မတူကြပါဘူး။

ဥပမာပြောရရင် တချို့အမျိုးသမီးတွေက ရက်၃၀ပြည့်တိုင်း တကြိမ်ရာသီလာတာရှိသလို တချို့တွေကျ ၂၈ရက်ပြည့်တိုင်း တကြိမ်ရာသီလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရာသီလာတဲ့ရက်က လတိုင်းမှန်မှ ရက်ရှောင်နည်းကိုသုံးလို့ရပါမယ်။

ဆိုလိုတာက ဒီလရက်၃၀နဲ့ရာသီလာပြီး နောက်လကျ၂၈ရက်နဲ့လာလိုက် နောက်လကျ ၂၀ရက်နဲ့လာလိုက် မဖြစ်ရပါဘူး။

ရက်၃၀တကြိမ် ရာသီလာတဲ့အမျိုးသမီးက လတိုင်းရက်၃၀ပြည့်တာနဲ့ရာသီလာဖို့လိုသလို ၂၈ရက်နဲ့ရာသီလာတဲ့အမျိုးသမီးကလည်း လတိုင်း၂၈ရက်ပြည့်တာနဲ့ရာသီလာဖို့လိုပါတယ်။

ဒါမှသာ မျိုးဥကြွေရက်ကို တွက်လို့ရပြီး ရှောင်ရမယ့်ရက်တွေကို တွက်လို့ရမှာပါ။

မမျိုးဥက အကြမ်းအားဖြင့် ရာသီလာဖို့ ၁၄ရက်အလိုလောက်မှာကြွေလေ့ရှိပါတယ်။

သုတ်ပိုးသက်တမ်းနဲ့ မမျိုးဥသက်တမ်းကိုပါထည့်တွက်ရတဲ့အတွက် မမျိုးဥကြွေတဲ့ရက်အပြင် အဲ့ရှေ့၃ရက် နဲ့ နောက်၁ရက်ပါ အတူနေလိင်ဆက်ဆံတာကိုရှောင်ရပါမယ်။

(ဥပမာ ၂၈ရက်တကြိမ်ရာသီလာတဲ့အမျိုးသမီးဆိုပါက ရာသီလာပြီး ၁၁ရက်မြှောက်နေ့ကနေ ၁၅ ရက်မြှောက်နေ့ အတွင်း အတူနေလိင်ဆက်ဆံတာကိုရှောင်ရပါမယ်။

၃၀ရက်တကြိမ်ရာသီလာတဲ့အမျိုးသမီးဆိုပါက ရာသီလာပြီး၁၃ရက်မြှောက်နေ့ကနေ ၁၇ရက်မြှောက်နေ့အတွင်း အတူနေလိင်ဆက်ဆံတာကိုရှောင်ရပါမယ်။)

သောက်ဆေးသောက်တာ၊ထိုးဆေးထိုးတာစတဲ့သားဆက်ခြားနည်းတွေမှာ အားသာချက်အားနည်းချက်ရှိသလို ရက်ရှောင်နည်းမှာလည်း အားသာချက်အားနည်းချက်ရှိပါတယ်။

ရက်ရှောင်နည်းမှာအားသာချက်အနေနဲ့သောက်ဆေးထိုးဆေးတွေလိုဟောမုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရခြင်း၊ငွေကုန်သက်သာခြင်း နဲ့ ကွန်ဒုံးသုံးသလို အလွှာခြားကမ္ဘာခြားတာမျိုးမရှိဘဲ အိမ်ထောင်ရေးသုခအပြည့်အဝရခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

အားနည်းချက်ကတော့ ဒီနည်းဟာ ကိုယ်ဝန်တားနည်းတွေထဲမှာ စိတ်ချရမှုအနည်းဆုံးနည်းဖြစ်ပြီး ကိုယ်ဝန်ရနိုင်ခြေတအားများတဲ့နည်းဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ မျိုးဥကြွေရက်ဟာ စိတ်ဖိစီးစရာများတာ၊နေမကောင်းတာ၊အကိုက်အခဲပျောက်ဆေးတွေသောက်တာ စတဲ့အချက်တွေကြောင့် စောတာ၊နောက်ကျတာဖြစ်နိုင်လို့ပါ။

ဒါ့ပြင် ရာသီလာရက်ဟာလည်း သွေးအားနည်းတာ၊အရေးပေါ်တားဆေးတွေသောက်တာကြောင့်လည်းရာသီလာရက်မမှန်တာဖြစ်နိုင်ပါတယ်။

အဲ့အခါမှာဆိုရင် ရှောင်ရမယ့်ရက်တွက်တာဟာ မမှန်နိုင်ခြေတအားများပြီး ကိုယ်ဝန်ရနိုင်ခြေတအားများပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောရရင် အမှန်တကယ်ကိုယ်ဝန်မလိုချင်သေးဘူးဆိုပါက ရက်ရှောင်နည်းကိုမစဉ်းစားဘဲ ကျန်တဲ့တားနည်းတွေကိုသုံးဖို့စဉ်းစားသင့်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ