အရေးပေါ်တားဆေးသုံးတော့မယ်ဆိုရင်

အရေးပေါ်တားဆေးသုံးတော့မယ်ဆိုရင်

အရေးပေါ်သန္ဓေတားဆေးကို ဆေးပညာအရ Emergency oral contraceptive pill လို့ခေါ်ပါတယ်။

ဈေးကွက်ထဲမှာတော့ နာမည်အမျိုးမျိုးနဲ့တံဆိပ်တွေအများကြီးရှိပါတယ်။တချို့တံဆိပ်တွေက နှစ်လုံးပါတာရှိသလို တချို့တံဆိပ်တွေက တလုံးတည်းပါတာပါ။

တလုံးပါသည်ဖြစ်စေ၊နှစ်လုံးပါသည်ဖြစ်စေ အရေးကြီးတာက လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းမှာ အကုန်သောက်ဖို့ပါ။

တလုံးပါတာဆိုရင်တော့ ရှင်းပါတယ်။

နှစ်လုံးပါတဲ့ဆေးအမျိုးအစားကျ ခွဲသောက်ရမှာလား။တခါတည်းသောက်ရမှာလားဆိုပြီး ဇဝေဇဝါဖြစ်တတ်ပါတယ်။

အဲ့အတွက် အကြံပေးရရင်တော့ တခါတည်းနှစ်လုံးသောက်လည်းရသလို၊တလုံး နဲ့ တလုံး ၁၂ နာရီခြားသောက်ရင်လည်းရပါတယ်။

အရေးကြီးတာက ၇၂နာရီအတွင်းမှာနှစ်လုံးလုံးသောက်မိဖို့နဲ့ သောက်ပြီးဆေးပြန်အန်တာမျိုးရှိခဲ့ရင် ထပ်သောက်ဖို့ပါ။

၇၂နာရီအတွင်းတိုက်ရတယ်ဆိုတော့ တချို့က အတူနေပြီးပြီးချင်းမတိုက်ဘဲ သုံးလေးကြိမ် သို့မဟုတ် နှစ်ရက်လောက်အတူနေပြီးမှ ၇၂နာရီပြည့်ခါနီးမှ အရေးပေါ်တားဆေးကို သုံးချင်ကြတာမျိုးလည်းရှိပါတယ်။

ဒီအတွက်အကြံပေးရရင် အရေးပေါ်တားဆေးကို အတူနေပြီးပြီးချင်းတိုက်တာ ပိုကောင်းပါမယ်။

ဘာလို့လဲဆိုတော့ အရေးပေါ်သန္ဓေတားဆေး(EOC pills) တွေအနေနဲ့ ကအတူနေပြီး ၂၄နာရီအတွင်းသောက်ရင် ၉၅ရာခိုင်နှုန်း ကိုယ်ဝန်ကိုတားနိုင်ပြီး၊

၂၄ နာရီကနေ ၄၈နာရီအတွင်းသောက်ရင် ၈၅ရာခိုင်နှုန်း၊

၄၈ နာရီကနေ ၇၂နာရီအတွင်းသောက်ရင်တော့ ၅၈ရာခိုင်နှုန်းပဲတားနိုင်လို့ပါ။

အချိန်ကြာလာတာနဲ့အမျှ ကာကွယ်နိုင်စွမ်းကကျလာပါတယ်။

အရေးပေါ်တားဆေးဟာ နေ့စဉ်အချိန်မှန်သောက်ရတဲ့ ၂၈လုံးပါဆေးကဒ်တို့ ၃လတကြိမ်ထိုးရတဲ့တားဆေးတို့နဲ့စာရင် သူ့မှာပါတဲ့ဟော်မုန်းပမာဏ တအားများတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ပျို့ချင်၊အန်ချင်၊ရင်သားတင်း ခေါင်းမူးခေါင်းကိုက်၊စိတ်ခံစားမှုတွေပြောင်းလဲတာ၊ရာသီထိန်တာ၊များတာ၊နည်းတာ၊လာမယ့်ရက်မဟုတ်ဘဲ ဆင်းတာ ထပ်ဆင်းတာ ရာသီကမောက်ကမ ဖြစ်တာတွေအပြင် မကြာခဏသုံးစွဲလာတာနဲ့အမျှ ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျလာပြီး ဆေးသောက်သော်လည်းကိုယ်ဝန်ရတာ၊ရတဲ့ကိုယ်ဝန်ကလည်း သားအိမ်ပြင်ပမှာဖြစ်တာ၊ကိုယ်ဝန်မခိုင်တာ၊ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ ဦးနှောက်သွေးကြောပိတ်၊ အသည်းထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေဖြစ်တာ

စတဲ့ရေရှည်ခဏခဏသုံးရင်ရနိုင်မယ့်ဘေးထွက်ဆိုးကျိူးတွေကတအားများပါတယ်။

ဒါကြောင့် နှလုံးရောဂါအခံရှိတဲ့အမျိုးသမီးတွေ၊လေဖြန်းလေဖြတ်ဖူးတဲ့အမျိုးသမီးတွေ၊ရင်သားကင်ဆာအခံရှိတဲ့အမျိုးသမီးတွေ၊နို့တိုက်မိခင်တွေ ဆိုရင် အရေးပေါ်တားဆေးကို မသုံးသင့်ပါ။

အဆုံးသတ်အနေနဲ့အကြံပေးရရင် အရေးပေါ်တားဆေးဆိုတာဟာ တကယ့်ကိုအရေးပေါ်အခြေအနေမှသာသောက်ဖို့ထုတ်လုပ်ထားတာပါ။

ဘယ်လိုအခြေအနေတွေမှာသုံးဖို့ထုတ်ထားလဲဆိုတော့ ဥပမာ အလိုမတူဘဲအနိုင်ကျင့်ခံရရင်၊စိတ်အလိုလိုက်ပြီး တကြိမ်တခါမှားမိရင်

ကွန်ဒုံးအသုံးပြုနေရင်းနဲ့မတော်တဆ ကွန်ဒုံးပေါက်ပြဲသွားရင် စတဲ့အရေးပေါ်အခြေအနေတွေမှာ မလိုချင်တဲ့ကိုယ်ဝန်ရတာမျိူးမဖြစ်အောင်တားဖို့ထုတ်ထားတာပါ။

ခဏခဏ သုံးရတဲ့ဆေးမျိုးမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးကလည်းတအားများပါတယ်။

ဒါကြောင့် အရေးပေါ်အခြေအနေမဟုတ်ဘဲ အရေးပေါ်တားဆေးကို ခဏခဏသုံးနေတာမျိုးကို ရှောင်ဖို့  အရေးပေါ်တားဆေးအစား ကွန်ဒုံးကိုသုံးဖို့ စုံတွဲတွေကို အကြံပေးလိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ