ယုံကြည်မှုအပြည့်ရှိတဲ့သားသားမီးမီးတွေဖြစ်ဖို့ မိဘတွေက ဘယ်လိုမျိုးပြုစုပျိုးထောင်ပေးသင့်သလဲ။

ယုံကြည်မှုအပြည့်ရှိတဲ့သားသားမီးမီးတွေဖြစ်ဖို့ မိဘတွေက ဘယ်လိုမျိုးပြုစုပျိုးထောင်ပေးသင့်သလဲ။

မိဘတွေက သားသားမီးမီးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် ပြုစုပျိုးထောင်းပေးလိုက်ခြင်းဟာ အကောင်းဆုံး လက်ဆောင်မွန်တစ်ခုပါပဲ။ ဒါမှလည်း သားသားမီးမီးတို့ဟာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ နဲ့ ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်လာရတဲ့အခါမှာ ကြောက်ရွံ့တုံ့လှုပ်မနေဘဲ ယုံကြည်ချက်အပြည့်အဝနဲ့ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်နိုင်မှာဖြစ်ပြီး အောင်မြင်မှုတွေလည်းလယ်ဝယ်ပိုင်ပိုင် ရရှိနိုင်မှာဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်ရှိတဲ့သားသားမီးမီးတွေဖြစ်ဖို့ ဖေဖေမေမေတို့က ဘယ်လိုမျိုးတွေပြုစုပျိုးထောင်ပေးရမလဲဆို မျှဝေလိုက်ပါတယ်နော်။

၁။  ဘယ်လိုရလဒ်မဆို အသိအမှတ်ပြုပေးပါ။

မရေတွက်နိုင်အောင်များလှတဲ့ ပန်းတိုင်တွေရှိတဲ့ ဘဝမှာ မိဘတွေက သားသားမီးမီးတို့ရဲ့ ရှုံးရှုံးနိုင်နိုင် ရလာတဲ့ရလဒ်တွေကို အသိအမှတ်ပြုပေးပါ။ အရှုံးဆိုတာ ထင်ထားသလောက်တော့ မဆိုးရွားပါဘူး။ ဒါကြောင့် ကလေးတွေကို အကောင်းဆုံးကြိုးစားချင်စိတ်ဖြစ်အောင် စိတ်ဓာတ်ခွန်အားပေးဖို့လိုပါတယ်နော်။

၂။ အရည်အချင်းရှိအောင် သင်ကြားပေးပါ။

ကျွမ်းကျင်ရာလိမ္မာရာဆိုသလို  ဝါသနာကနေ ကျွမ်းကျင်တဲ့အဆင့်ထိရောက်အောင် သားသားမီးမီးတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေ ၊ဝါသနာတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးပါ။ ဒါပေမယ့် သူတို့ကို အတင်းဖိအားပေးတိုက်တွန်းတာမျိုးတွေတော့ မဖြစ်သင့်ပါဘူး။

၃။ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးပါ။

အခက်အခဲတွေကို ကိုယ်တိုင်အဖြေရှာပြီး ရင်ဆိုင်ဖြေရှင်းခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေလို့ သားသားမီးမီးတို့ကို အသက်အရွယ်နဲ့ကိုက်ညီတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းတတ်အောင် မိဘတွေက လေ့ကျင့်ပေးရပါမယ်။

၄။ အသက်အရွယ်အတိုင်း ပြုမူပါစေ။

နုနယ်တဲ့ သားသားမီးမီးတို့အနေနဲ့ အရွယ်ရောက်တဲ့လူတစ်ယောက်လို နေထိုင်ပြုမှုခြင်းက မသင့်လျော်ပါဘူး။ မအပ်စပ်တဲ့ နေထိုင်မှုပုံစံက ကလေးတွေကို ယုံကြည်မှုကိုလည်း လျှော့နည်းစေပါတယ်။

၅။ စူးစမ်းသိလိုစိတ်ကို ပံ့ပိုးပေးပါ။

သားသားမီးမီးတို့က သူတို့သိချင်တဲ့အကြောင်းအရာကို မဆုံးနိုင်တဲ့ မေးခွန်းပေါင်းတွေနဲ့မေးတတ်ကြပါတယ်။ ဒီလိုမေးတာဟာ သူတို့ရဲ့စူးစမ်းသိလိုစိတ်ကတဆင့် အကြောင်းအရာတွေ၊ အခြေအနေတွေပေါ်မှာ ဆက်စပ်တွေးခေါ်စဉ်းစားတတ်တဲ့ အလေ့အကျင့်ဖြစ်စေပါတယ်။ ဒါက သိပ်ကိုကောင်းတဲ့ အမူအကျင့်ဖြစ်တာမို့ ဖေဖေမေမေတို့က ပံ့ပိုးပေးသင့်ပါတယ်။

၆။ အရမ်းအလိုမလိုက်ပါနဲ့။

အလိုလိုက်တာတွေများလာတဲ့အခါ သားသားမီးမီးတို့က ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိတော့ဘူး ယုံကြည့်မှုကို လျှော့နည်းသွားစေပါတယ်။ ဒါကြောင့်မို့ အရမ်းအလိုမလိုက်သင့်ပါဘူးနော်။

၇။ လုပ်ဆောင်ချက်တွေကို မဝေဖန်ပါနဲ့။

သားသားမီးမီးတို့က ဝေဖန်တာတွေ၊ အပြစ်တင်စကားတွေကို ကြားတဲ့အခါ မိဘတွေ သူတို့အပေါ်မှာ စိတ်ပျက်သွားမှာ၊ စိတ်ဆိုးသွားမှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ အဲ့ဒီ့ ကြောက်ရွံစိုးရိမ်စိတ်တွေကြောင့်ပဲ သားသားမီးမီးတို့က ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလျှော့နည်းလာပြီးတော့ နောက်ထပ် ကြိုးစားချင်စိတ်တွေ ပျောက်ဆုံးသွားတတ်လို့ပါပဲ။ ဒါကြောင့်မို့ အကြံဉာဏ်ပေးပါ။ မဝေဖန်ပါနဲ့။

၈။ အမှားတွေကို သင်ခန်းစာယူတတ်အောင် လေ့ကျင့်ပေးပါ။

အမှားလုပ်မိတဲ့အခါမှာ သားသားမီးမီးတို့ကို နားလည်လွယ်အောင် အကျိုးသင့်၊ အကြောင်းသင့် ရှင်းပြပေးပါ။ အမှားတွေကို အပြစ်မတင်ဘဲ။ အခွင့်အရေးပေးပါ။ ပြီးရင် ကလေးတွေကို အမှားတွေကတဆင့် သင်ခန်းစာတတ်အောင် လေ့ကျင့်ပေးပါ။ ဒါဟာ ကလေးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေပါတယ်။

Nora