ကလေးငယ်နှင့် ဂီတ

 

ကလေးငယ်နှင့် ဂီတ

ဂီတ ဟာ လူတိုင်းရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ် ဂီတ လို့ဆိုရာမှာ သီချင်းဆိုသံ တီးလုံးသံစဉ်ညည်းသံ ဂစ်တာသံ စန္ဒယားသံ အစရှိတဲ့ အသံတိုင်း ပါပါတယ် စိတ်ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ် ရွေးချယ်တဲ့ ဂီတသံစဉ်ပေါ်မှာတော့ မူတည်ပါလိမ့်မယ် ။
ဂီတက ကလေးဘဝအတွက် ဘယ်လိုအကျိုးပြုမလဲ ဘယ်လိုဆိုးကျိုးတွေ ပေးနိုင်လဲ ပြန်စဉ်းစားကြည့်ရအောင်ပါ ။
ကလေးတွေအတွက် မွေးစအရွယ်တည်းက ဂီတ ဆိုတာ အကျွမ်းတဝင် ဖြစ်နေတတ်ကြတာပါ ကလေးငိုတဲ့အခါ အီတဲ့အခါတွေမှာ အဖေ အမေ အဘိုးအဘွား တစ်ယောက်ယောက်က ကလေးကို ပွေ့ချီရင်း သီချင်းဆိုလိုက် သီချင်းညည်းလိုက် လုပ်ပေးနေရင်းပဲ ကလေးလေးစိတ်ပျော်ရွှင်မှုပြန်ရလာတတ်ပါတယ် ။
ကလေးမွေးစအချိန်မှာတော့ နို့စို့ပြီးတန်းအိပ်တတ်ကြတော့ သိပ်မသိသာပေမယ့် တစ်ဖြည်းဖြည်းကြာလာတဲ့အခါ နို့တိုက်ရုံနဲ့ မအိပ်ကြတော့ ကလေးအိပ်ဖို့ သီချင်းဆိုသိပ်လာရတတ်တယ် လက်ပေါ်မှာပဲ ချီထားပြီး သီချင်းဆိုရင်း လမ်းလျှောက်သိပ်ရတာလည်းရှိတယ် ပုခက်ထဲထည့်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြနေရတာမျိုးလည်းရှိပါတယ် ။
ကလေးတွေကို သီချင်းဆိုပြတဲ့အခါ သာယာငြိမ့်ညောင်းတဲ့ သီချင်းမျိုးတွေကို ပိုပြီးရွေးချယ်ဖို့လိုပါတယ် ကလေးသီချင်းကဗျာတွေလည်း သင့်တော်ပါတယ် သာယာငြိမ့်ညောင်းတဲ့သံစဉ်က ကလေးရဲ့ စိတ်ကိုနူးညံ့စေတဲ့ အပြင် စိတ်ဆိုးနေတာအီနေတာတွေ မေ့သွားပြီး သီချင်းသံမှာ မျောပြီး အိပ်ပျော်သွားတတ်ပါတယ် ။
တစ်ချို့ကလေးတွေ အရမ်းလန့်တတ်ကြပါတယ် အိပ်နေရင်းကို လန့်လန့်နိုးလာတတ်တယ် တစ်ချို့အိမ်ထောင်စုတွေမှာကျတော့ ကလေးအိပ်နေပေမယ့် ပုံမှန်လှုပ်ရှားမှုတွေရှိနေတော့ အသံဆူညံတာမျိုးတွေ ဖြစ်တတ်ပါတယ် ဒီလိုမျိုးကြုံလာရရင် ကလေးအိပ်တဲ့အချိန်မှာ ဘေးကနေ သီချင်းသံတိုးတိုးလေးဖွင့်ထားပေးလို့ရပါတယ် သီချင်းသံ အမြဲကြားနေရတော့လန့်နေလည်းနည်းသွားသလို လန့်နိုးလာလည်း သီချင်းသံနဲ့ ပြန်အိပ်သွားတတ်ပါတယ် ဘေးကအသံတွေကိုလည်း သီချင်းသံကအုပ်မိပါလိမ့်မယ် ။
ကလေးတစ်ဖြည်းဖြည်းကြီးလာတဲ့အခါ တစ်ခါတစ်လေ တီဗွီပြတာတွေ ဖြစ်တတ်ပါတယ် တီဗွီပြဖြစ်ခဲ့ရင်လည်း ကလေးနဲ့ဆိုင်တဲ့သီချင်းလေးတွေ ကာတွန်းလေးတွေပြတာက ကလေးငယ်တွေကိုကြိုက်ပါတယ် ငြိမ်ပါတယ် အချိန်အကြာကြီးတောက်လျှောက်မပြဖို့တော့ လိုပါတယ် ။
ကလေးအသက်နှစ်နှစ်လောက်မှ အရာရာကိုစတင်ပြီး သင်ယူလာတတ်ကြပါတယ် ဒီအခါမှာ ကလေူပြုစုပျိုးထောင်တာ အရမ်းအရေးပါလာပါတယ် ကလေးကိုသင်ပေးတဲ့အခါ စိတ်ဝင်စားစေအောင် သီချင်းလေးတွေ ကဗျာလေးတွေ ဆိုပြီးသင်ပါ ကလေးကစားပြီးတဲ့အခါ အရုပ်လေးတွေပြန်သိမ်းဖို့ဆိုလည်း လူကြီးတွေပါးစပ်ကနေ သားသားရေမီးမီးရေ ကစားစရာလေးတွေပြန်သိမ်းမယ်နော်ဆိုပြီး သီချင်းဆိုပြီးပြောပါ လိုက်လုပ်ပါ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေကိုယ်တိုင်လည်း ကစားပြီးပြန်သိမ်းရမယ်ဆိုတာသိလာသလို ဒီသီချင်းကြားလိုက်တာနဲ့ ပစ္စည်းတွေပြန်သိမ်းဖို့ဆိုတာ သိလာပါလိမ့်မယ် မူကြိုကျောင်းတွေမှာဆို ဒါမျိုးလုပ်ရင် ပိုသိသာပါတယ် ။
ကလေးကို ငယ်ရွယ်စဉ်မှာ ဂစ်တာ တီးပြတာ စန္ဒယားတီးပြတာက ကလေးစိတ်ပျော်ရွှင်ဖို့ပါ ကလေးလည်းတီး လူကြီးလည်းတီးဆိုရင် ပိုပြီးအဆင်ပြေပါတယ် သင်ယူနိုင်စွမ်းကိုပိုကောင်းစေပါတယ် ကလေးကို ကစားလို့ရတဲ့ တကယ်တီးလို့ရတဲ့ ဂစ်တာလေးတွေ စန္ဒယားလေးတွေ ဗုံလေးတွေ ဝယ်ပေးထားပြီး တီးပေးခြင်းက ကလေးဦးနှောက်ဖွံဖြိုးမှုအတွက် အရေးပါပါတယ် ။
တီဗွီ ကြော်ငြာသီချင်းတွေ နားထောင်ပါများလာတဲ့အခါလည်း ကလေးတွေစိတ်ထဲမှာ အလိုလိုမှတ်မိလာပြီးနောက်ပိုင်းဆို သီချင်းတွေ လိုက်ဆိုလာတတ်ပါတယ် ကလေးအရွယ်မှာတော့ သီချင်းသံကြားလို့ ဒါဘာဂီတလဲလို့တော့ မသိနိုင်သေးပါဘူး ဒါပေမယ့် ကလေးတွေ သဘာဝမှာ အရမ်းဆူညံလွန်းတဲ့ ဂီတ ကို မကြိုက်တတ်ပေမယ့် စည်းချက်မှန်တဲ့ မြူးမြူးလေးတွေဆိုရင်တော့ သဘောကျတတ်ကြပါတယ် ။
တစ်ခါတစ်လေမှာ သီချင်းသံကြားတာနဲ့ ကလေးက ကနေတတ်ပါသေးတယ် ဒီလိုအခါဆို ကလေးနဲ့တူတူ တွဲကပါ တူတူကပါ ကလေးနဲ့ မိခင်ဖခင်တွေကြားလည်း သံယောစဉ်ပိုတိုးလာပါတယ် ကလေးတွေက အမြဲ သတိကြီးနဲ့ ထိန်းကျောင်းနေတာကိုမကြိုက်တတ်ပါဘူး စိတ်တူကိုယ်တူလုပ်ရင်း ထိန်းကျောင်းတာကို သဘောကျပါတယ် ။
ဂီတ က ကလေးတွေအပေါ် ဆိုးကျိုးရှိလားဆိုရင်ဖြင့် ဂီတာတစ်မျိုးကိုပဲ အာရုံစိုက်လုပ်နေလို့တော့မရပါဘူး ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ကလေးသီချင်းတွေက ဖုန်းတွေ tablet တွေ ကနေကြည့်လို့ရလာတာကြောင့် ဒါကိုပဲ အချိန်ပြည့်ဆိုရင်တော့ ကလေးအာရုံကြောတွေ ထိခိုက်စေနိုင်တတ်ပါတယ် ။

Dr. CST

ဆက်စပ် ဆောင်းပါးများ