fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 233 Total Cases
😥 6 Deaths
😇 145 Recovered

ကလေးငယ်နှင့် ပိုးလေးဖက်နာ

ကလေးငယ်နှင့် ပိုးလေးဖက်နာ

မသီတာတစ်ယောက် ယောကျ်ားဆုံးပြီးကတည်းက ဒီသားနှင့် သမီးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရတာ (၇) နှစ်ကျော် (၈) နှစ်ထဲကိုတောင် ရောက်နေပြီ။ နောက်အိမ်ထောင်ပြုဖို့လည်း စိတ်မကူးခဲ့။ ဒီသားနှင့် ဒီသမီးရှိလျှင် သူ့ဘဝပြီးပြည့်စုံနေပါပြီ။ နယ်ကနေ ဆွေမျိုးနီးစပ်တော်တဲ့ ကြီးတော်တစ်ယောက်ကို ကလေးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ပေးဖို့ အိမ်မှာခေါ်ထားတယ်။

မူလတန်းပြဆရာမတစ်ယောက်ရဲ့ လစာဟာ မိသားစု (၄) ယောက်အတွက်မလုံလောက်လို့ အပြင်မှာ ကျူရှင်ပြရသေးသည်။ ကျောင်းအလုပ် အိမ်အလုပ်တွေနဲ့မို့ ကလေးတွေကို ကြီးတော်နှင့်ပဲ မျက်နှာလွဲထားရတယ်။ သားငယ်လေးက (၁၀) နှစ်ရှိလို့ သမီးကြီးက (၁၃) နှစ်တောင်ရှိနေပြီ။

ကလေးနှစ်ယောက်ကလည်း လိမ္မာသည်။ သားငယ်လေးက ဘောလုံးကန်တာ ဝါသနာက အရူးအမူး။ တစ်ခါတစ်လေလည်း သားလေးဘောလုံးကန်တာကို ကြည့်ပြီး မသီတာတစ်ယောက် သွားလေသူ လင်ယောင်္ကျား မြို့နယ်လက်ရွေးစင်ကြီးကို သတိရမိတဲ့အထိ။ ဒီလပိုင်းအတွင်း သားငယ်လေးက လက်ဆစ်တွေ ကိုက်သည်ဟု သူ့ကြီးတော်ကို ပြောပြောနေသည်။

ထပ်ပြီး တံတောင်ဆစ်ကလည်း ကိုက်တယ်လို့ပြောတော့ ကြီးတော်ကြီးက သူ လိမ်းနေကျ ပရုတ်ဆီ လိမ်းပေးလိုက်တော့ သက်သာသွားသည်။ တစ်ပတ်နှစ်ပတ်လောက် နေတော့ ဒူးနာတယ်ဆိုပြီး ဖြစ်ဖြစ်လာပြန်သည်။ ကြီးတော်က နင်ဘောလုံးတွေကန်လို့ဖြစ်တာ ဆိုပြီး ဆေးထပ်လိမ်းပေးလိုက်ပြန်သည်။ သက်သာသွားသည်။ ဒီလိုနဲ့ သံသရာလည်နေမြဲ။

မသီတာလည်း စာမေးပွဲကိစ္စ၊ ကျူရှင်ကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေတော့ အမှုမဲ့ အမှတ်မဲ့။ တစ်ရက် သားငယ်လေးက မသီတာနားကပ်ပြီး ဒူးနာတယ်မေမေ ကြီးတော်လိမ်းပေးတဲ့ ဆေးက မပျောက်ဘူးလို့လာပြောသည်။ ဒါနဲ့ပဲ အခုတစ်ပတ်ကျောင်းပိတ်ရင် ဆေးခန်းသွားပြမယ်လို့ သားတော်မောင်ကို ပြောထားရသည်။

သားငယ်လေးက ရေခဲချောင်းလည်း တော်တော်ကြိုက်သည်။ ဘောလုံးကန်ပြီးရင် အမောပြေရေခဲချောင်းကလည်း စားလိုက်ရမှ။ ရေခဲရေကလည်းကြိုက်မှကြိုက်။ ဒါကြောင့်ထင်သည်။ ငယ်ငယ်ကတည်းက လည်ချောင်းခဏခဏ နာတတ်သည်။ လည်ချောင်းနာတယ်လို့ ပြော တိုင်းကြီးတော်ရဲ့ ကုထုံးက ဆားရေနှင့် အာခေါင်ထိရောက်အောင် ပလုတ်ကျင်းခိုင်းသည်။ လည်ချောင်းနာနေတုန်း ရေခဲရေ၊ အအေးမသောက်ရ။ တစ်ခါတစ်လေ ရောက်ရာပေါက်ရာတွေးမိတိုင်း မသီတာတစ်ယောက်စိတ်မကောင်းဖြစ်မိတယ်။

ယောကျာ်းသားမရှိလို့ အိမ်ရဲ့စီးပွားရေးကို မိန်းမသားတစ်ယောက်အနေနဲ့ဦးစီးဦးဆောင်လုပ်နေရသူဖြစ်လို့ သားနှင့်သမီးကို ကြီးတော်နှင့်သာ ပစ်ထားသလိုမျိုးဖြစ်နေသည်။ ကိုယ်တွေငယ်ငယ်တုန်းကလည်း ကြီးတော်ကြီးကသာ ထိန်းကျောင်းခဲ့တာပါ။ ခေတ်ပညာမတတ် ရှေးလူကြီးဆိုတော့ ရိုးလွန်းတာတော့အမှန်။

ကျန်းမာရေးဗဟုသုတကလည်းမရှိ ဖြစ်နေသည်။ ကြီးတော်ကို အပြစ်တင်လို့လည်းမဖြစ်ပေ။ စနေနေ့ကျောင်းပိတ်တော့ သားငယ်ကို ခေါ်ပြီးဆေးခန်းသွားသည်။ ဆေးခန်းရောက်တော့ ဆရာဝန်က သားတော်မောင်ရဲ့ဒူးကို စမ်းသပ်ကြည့်ရင်း တခြားဘာတွေဖြစ်သေးလဲ လို့မေးတယ်။ ခန္ဓာကိုယ်မှာ အနီစက်တွေကို ဆရာဝန်က မြင်သည်။ မသီတာက သထိမထားမိပါ။

“ သားသား အနီစက်တွေပေါ်နေတာ ဘယ်လောက်ကြာပြီလဲ”

“မနေ့ကမှစဖြစ်တယ်လို့ထင်ပါတယ် ဦး”

“နာလား။ ယားလား”

“မနာပါဘူး။ ယားလည်းမယားပါဘူး”

“တခြားဘာတွေဖြစ်သေးလဲ။”

“သားဒူးနာနေတယ်ဦး။ ဟိုတစ်ပတ်လောက်ကတော့ ညာဖက်တံတောင်ဆစ် ကနာတယ်။ အခုတော့ ပျောက်သွားပြီ”

မသီတာစိတ်ထဲမှာ သားတံတောင်ဆစ်နာတာကို အမှတ်တမဲ့ထားခဲ့နိုင်လွန်းသော ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။

“ သားသားက ဘယ်နေရာတွေနာတတ်လဲ။ ဦးကိုပြောပြပါဦး”

“ တစ်ခါတစ်လေလည်း တံတောင်ဆစ်ကနာတယ်။ တစ်ခါတစ်လေလည်း ဒူးကနာတယ်။ တစ်ပြိုင်နက်တည်း နာတာတော့မဟုတ်ပါဘူး။ နာလိုက်ပျောက်လိုက်ပါ။ သားက အဲဒီလို အဆစ်တွေနာရင် ပရုတ်ဆီလိမ်းတယ်။ ပြီးရင်ပျောက်သွားတယ်။ နာနေတဲ့အချိန်တော့ ဘောလုံးမကန်ဘူး”

“သားငယ်က ဘော်လုံးသိပ်ကန်တာ ဆရာ။ ဒါကြောင့်မို့သူ့မှာ ဒဏ်ရာ ဒဏ်ချက်တွေချည်း့ပဲ။ မကစားနဲ့လို့လဲပြောလို့မရဘူး” မသီတာကဝင်ပြောသည်။ ဆရာကဆက်ပြီး

“သား လည်ချောင်းရောခဏခဏနာသေးလား”

“ အအေးတို့ ရေခဲချောင်းတို့ သိပ်ကြိုက်တာ။ တစ်ချိန်လုံးသောက်နေလို့ နာတတ်တယ် ဆရာ။ ငယ်တုန်းကဆိုရင် လည်ချောင်းနာရင် ဖျားတောင်ဖျားတယ်။ အခုတော့ တစ်ခါတစ်လေ နာတယ်လို့တော့ပြောတတ်တယ်။” မသီတာထပ်ပြောသည်။

ဒီလိုအမေးအဖြေ လုပ်ပြီးတော့မှ ဆရာက အခုလို လုံးစေ့ပတ်စေ့ ရှင်းပြသည်။

” ကလေးက အာသီး ခဏခဏရောင်တာကတစ်ဆင့် လေးဖက်နာရောဂါ ဖြစ်နေတယ်လ့ို ယူဆလို့ရတယ်။ တိတိကျကျသိရအောင် ဆေးစစ်ကြည့်ရမယ်။ အဆစ်အမြစ်တွေ ခဏခဏ ကိုက်တာဟာ ဘောလုံး ကန်တာချည်းပဲကြောင့်လည်း မဟုတ်နိုင်ဘူး။ လေးဖက်နာပိုးကြောင့် ဖြစ်တယ်လို့ကျွန်တော်ယူဆတယ်” မသီတာတစ်ယောက် အထိတ်ထိတ်အလန့်လန့်ဖြစ်ရသည်။

“သေချာလို့လားဒေါက်တာရယ်”

“သေချာအောင်လို့ သွေးစစ်ကြည့်ရပါ့မယ်။ သွေးထဲမှာ လေးဖက်နာပိုးကိုစစ်တဲ့ ASO ဆိုတဲ့ ဓာတ်လည်းများနေမယ်။ အခု ကလေးရဲ့ကိုယ်မှာ အနီစက်တွေလည်းတွေ့ နေရတယ်။ အဆစ်အမြစ်တွေလည်းကိုက်နေတယ်ဆိုရင်တော့ ဆေးသောက်ရမယ်။”

“စိုးရိမ်ရလားဒေါက်တာ” မသီတာတစ်ယောက် စိုးရိမ်တကြီးမေးမိသည်။

“စိုးရိမ်ရတယ်လို့တော့ အကြမ်းဖျင်းပြောလို့ရပါတယ်။ တကယ်လို့ ဆေးစစ်တာမှာ လေးဖက်နာရောဂါပိုးတွေ့တယ် ဆိုရင်တော့ ဂရုတစိုက်ကုသရမယ်။ လေးဖက်နာရောဂါပိုးကြောင့် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်တတ်သလဲဆိုရင် နှလုံးရောဂါရတတ်တယ်။ အဲဒါဆိုရင် ကလေးဟာ သာမန် ကလေးတွေလို ပြေးလွှားဆော့ကစားနိုင်တော့မှာ မဟုတ်ဘူး။ တခြားလူတွေလိုလည်း လူ့သက်တမ်းအပြည့်နေနိုင်တော့မှာ မဟုတ်တော့ဘူး” မသီတာ အလန့်တကြားလန့်ဘုရားတမိသည်။

“အမယ်လေး ဒေါက်တာ ကျွန်မသားလေးကို ကယ်ပေးပါဆရာ”

“စိတ်ကိုအေးအေးထားပါ။ အခုအရင်ဆုံး ကျွန်တော်ပေးတဲ့ဆေးတွေကို သောက်မယ်။ ဆေးလည်းစစ်ကြည့်မယ်။ လိုအပ်ရင် ထပ်ဆောင်းပေးတဲ့ ဆေးတွေသောက်ရမယ်။ ဘာလို့သောက်ရလဲဆိုရင်နောက်ဆက်တွဲ လေးဖက်နာရောဂါကြောင့် နှလုံးရောဂါဖြစ်မှာစိုးလို့။ ကိုယ့်ကလေးက လည်ချောင်းနာမယ်။ အရိုးအဆစ်တွေရောင်မယ်။ နာတယ်လို့ ပြောရင် သထိထားရမယ်။ ဆရာဝန်နဲ့ပြသသင့်တယ်။ ခန္ဓာကိုယ်မှာ အနီစက်တွေပေါ်ရင် အလုံးအကျိတ်တွေပေါ်ရင် လည်ချောင်းနာပြီးဖျားရင် ဆရာဝန်နဲ့ ပြသသင့်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အခြားကလေးအမေတွေကိုပါ ပြောပြပေးပါ”

“ ဟုတ်ကဲ့ပါဒေါက်တာ ကျွန်မ နောက်ကို ကလေးကိုလည်း ဂရုစိုက်ပါမယ်။ ဆရာပြောတဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ ဒီရောဂါ အကြောင်းကိုလည်း အခွင့်အခါသင့်သလို ပြန်ပြောပြပေးပါ့မယ်”

“ဟုတ်ကဲ့ပါ။ အခု ဆေးစစ်ဖို့ရေးပေးလိုက်မယ်။ ဆေးစစ်တာ အဖြေရရင် ပြန်လာပြပါ။”

သားအမိနှစ်ယောက်ဆေးခန်းထဲက ထွက်သွားတော့ ဒေါက်တာတစ်ယောက် ဆုတောင်းမိသည်။ လေးဖက်နာရောဂါရှိခဲ့လို့ ဆေးသောက်ခဲ့ရရင်တောင် လေးဖက်နာရောဂါကြောင့် နောက်ဆက်တွဲဖြစ်သော နှလုံးရောဂါ ကလေးငယ်လေးတွင် မဖြစ်ပါစေနဲ့ဦးလို့။

AUTHOR – ဒေါက်တာအေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ