fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

206 – Confirmed
6 – Death
124 – Recovered

ကလေးများတွင် အဖြစ်များသော ဗိုင်းရပ်စ်ပိုးများအကြောင်း

ဗိုင်းရပ်စ်ပိုးဆိုတာကတော့ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။
အဏုကြည့်မှန်ဘီလူးအောက်မှာပဲမြင်နိုင်ပါတယ်။
အသက်ရှင်နေတဲ့ တိရစ္ဆာန်သို့မဟုတ်လူတွေ၊ သစ်ပင်တွေနဲ့ ဘက်တီးရီးယားပိုးကောင်တွေရဲ့ ဆဲလ်တွေအတွင်းမှာ အသက်ရှင်ပွားများနိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးတစ်ခုခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်က တိုက်ထုတ်ပေးရပါတယ်။
ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး ကာကွယ်ဆေးတွေနဲ့လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးတွေကို သတ်တဲ့ Antiviral ဆေးဝါးတွေရှိပေမဲ့လည်း ဗိုင်းရပ်စ်တိုင်းကို မသတ်နိုင်ဘဲ ကိုယ်ခံအားစနစ်အပေါ်ကိုပဲ အများကြီးမူတည်နေပါတယ်။
နောက်ထပ်သိထားသင့်တဲ့ တစ်ချက်ကတော့ ဗိုင်းရပ်စ်ပိုးတိုင်းဟာ သက်တမ်းတစ်ခုအထိပဲ အသက်ရှင်နိုင်ပါတယ်။ သူ့သက်တမ်းကုန်ရင် အလိုလိုသေသွားနိုင်ပါတယ်။
ဗိုင်းရပ်စ်အမျိုးအစားပေါင်း ရာနဲ့ချီပြီးရှိပါတယ်။

ကလေးတွေမှာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်တတ်လဲ ?

– အအေးမိခြင်း
– လေပြွန်ရောင်ခြင်း
– အာသီးရောင်ခြင်း
– နားပြည်ယိုခြင်း နားကိုက်ခြင်း
– တုပ်ကွေး
– ဦးနှောက်အမြှေးရောင်
– သွေးလွန်တုပ်ကွေး
– ပါးချိတ်ရောင်ခြင်း
– ရေကျောက်ရောဂါ စတာတွေကတော့ အဖြစ်များတဲ့ရောဂါတွေဖြစ်ပါတယ်။

ကျန်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးရှိသေးပေမဲ့ များသောအားဖြင့်တော့ ဒီလိုရောဂါတွေကပဲ နှစ်စဉ်ကလေးတွေကို ပိုဒုက္ခပေးလေ့ရှိပါတယ်။
ဥပမာအားဖြင့်ပြောရရင် ပုံမှန်အားဖြင့်ကျန်းမာနေတဲ့ မူကြိုအရွယ်ကလေးတစ်ယောက်တောင်မှ တစ်နှစ်ကို ခြောက်ကြိမ်လောက် ဗိုင်းရပ်စ်ပိုးကြောင့် အအေးမိနှာစေးဖျားနာခြင်း ဖြစ်နိုင်ပါတယ်။
ကလေးငယ်တွေမှာဆိုရင်တော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ နေမကောင်းခြင်းဟာ တစ်နှစ်ကို ဆယ့်နှစ်ကြိမ်လောက်အထိတောင်ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ကလေးတော်တော်များများကတော့ ကြီးလာလေ ဗိုင်းရပ်စ်ပိုးတွေကြောင့် နေမကောင်းဖြစ်တဲ့ အကြိမ်ရေနည်းလာလေဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်တဲ့ရောဂါလက္ခဏာများ
တစ်ခုနဲ့တစ်ခု ရောဂါလက္ခဏာချင်း အနည်းငယ်ကွာနိုင်ပေမဲ့ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ လက္ခဏာတော်တော်များများက ဆင်တူကြပါတယ်။

– နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း

– မျက်လုံးနီခြင်း၊ မျက်ရည်ပူကျခြင်း

– လည်ချောင်းနာခြင်း

– ဖျားခြင်း

– အနီကွက်၊ အနီစက်များထွက်ခြင်း

– ချောင်းဆိုးခြင်း

– အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း

– နုန်းခွေခြင်း

– အစားအသောက်ပျက်ခြင်း စတဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။


ဗိုင်းရပ်စ်အမျိုးအမည်ပေါ်မူတည်ပြီး ထူးခြားတဲ့လက္ခဏာတွေလည်းရှိတတ်ပါတယ်။
ဥပမာဆိုရရင် သွေးလွန်တုပ်ကွေးမှာ အနီစက်ထွက်တာ အဖျားကြီးတာမျိုးထူးခြားတဲ့လက္ခဏာရှိတတ်သလို ဦးနှောက်အမြှေးရောင်ခြင်းမှာ ဇက်တောင့်တင်းနေခြင်း(Neck Stiffness) လို လက္ခဏာမျိုးက ပိုထူးခြားနေတာမျိုးဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကလေးနေမကောင်းရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်ကို တိတိကျကျလိုက်နာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမဲ့ ခုလို COVID-19 ကူးစက်မခံရဖို့ ကာကွယ်နေရချိန်မှာ မိမိကလေးဖျားနာခဲ့ရင် တော်ရုံနဲ့ ဆေးရုံဆေးခန်းသွားမပြသင့်ပါဘူး။
ကလေးကိုယ်ပူကျဆေး၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးစတဲ့ အိမ်သုံးဆေးဝါးလေးတွေ ဆောင်ထားပြီး လိုအပ်ခဲ့ရင် တိုက်ထားပါ။
အွန်လိုင်းကတစ်ဆင့် သို့မဟုတ် ဖုန်းနဲ့မေးလို့ရတဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရှာထားပါ။

အကောင်းဆုံးကတော့ ဒီအခြေအနေမှာ ကလေးကို ဘာကြောင့်မှ မဖျားမနာစေဖို့အတွက် ခြင်မကိုက်အောင်ထားဖို့ ၊ ရေဓာတ်ပြည့်ဝအောင်ထားဖို့ ၊ အာဟာရပြည့်ဝအောင်ကျွေးမွေးပြီး ကိုယ်ခံအားကောင်းအောင် ထားဖို့က အရေးအကြီးဆုံးအချက်ပဲဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

ဆက်စပ် ဆောင်းပါးများ