ပိုလီယိုကာကွယ်ဆေးအကြောင်းသိကောင်းစရာ
ပိုလီယို ကာကွယ်ဆေးကို အရင်ခေတ်တွေတုန်းကတော့ ပါးစပ်ကနေ အစက်ချဆေးအနေနဲ့ ကလေးအသက် ၁ လခွဲမှာ တကြိမ်၊ ၂ လခွဲမှာတကြိမ်၊ ၃ လခွဲမှာတကြိမ် တိုက်ကျွေးပါတယ်။
လွန်ခဲ့တဲ့သုံးလေးနှစ်လောက်ကစပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အသစ်ထုတ်ပြန်တဲ့ ကာကွယ်ဆေးဇယားအရ ပိုလီယိုကာကွယ်ဆေးကို ပါးစပ်ကနေ ကလေးအသက် ၂ လမှာတကြိမ်၊ ၄ လမှာတကြိမ်၊ ၆ လမှာတကြိမ် အချိန်ပြောင်းတိုက်ကျွေးတာအပြင် ကလေးအသက် ၄ လမှာ ပိုလီယိုကာကွယ်ဆေးထိုးဆေး တကြိမ်ထိုးခြင်းပါ ပါလာခဲ့ပါတယ်။
တချို့ကျန်းမာရေးဗဟုသုတနည်းတဲ့သူတွေအနေနဲ့ကျ ပိုလီယိုကာကွယ်ဆေးက အစက်ချ ပါးစပ်ကနေ တိုက်ကျွေးတာပဲရှိတာလို့ အခုထိထင်နေတတ်ကြပါတယ်။
ဒါကြောင့် အခုတပတ်မှာ ပိုလီယိုကာကွယ်ဆေး ပါးစပ်ကနေတိုက်ကျွေးတဲ့ အမျိုးအစားနဲ့ ထိုးဆေးအမျိုးအစားအကြောင်းကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။
ပါးစပ်ကနေ အစက်ချတိုက်ကျွေးရတဲ့ ပိုလီယိုကာကွယ်ဆေးကို သက်ရှိပိုလီယိုဗိုင်းရပ်စ်ကနေ ပြုပြင်ပြောင်းလဲ ထုတ်ယူထားတာဖြစ်တဲ့အတွက် Live attenuated vaccine လို့ခေါ်ပါတယ်။
Albert Sabin ဆိုတဲ့ ပုဂ္ဂိုလ်က ၁၉၅၅ ခုနှစ်မှာတွေ့ရှိခဲ့တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Sabin oral vaccine လို့လည်းခေါ်ပါတယ်။
ထိုးရတဲ့ ပိုလီယိုကာကွယ်ဆေးကိုတော့ ပိုလီယိုဗိုင်းရပ်အသေကနေ ထုတ်ယူထားတာဖြစ်တဲ့အတွက် Inactivated(killed) Poliovirus vaccine (IPV) လို့ခေါ်ပါတယ်။
ပိုလီယိုကာကွယ်ဆေးထိုးဆေးကို Jonas Salk ဆိုတဲ့ပုဂ္ဂိုလ်က ၁၉၅၂ မှာ တွေ့ရှိခဲ့တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Salk Vaccine လို့လည်းခေါ်ပါတယ်။
ပိုလီယိုကာကွယ်ဆေးထိုးဆေးက ကျွန်တော်တို့ဆီမှာ လွန်ခဲ့တဲ့သုံးလေးနှစ်ကမှ စထိုးပေမယ့် တွေ့ရှိခဲ့တာကတော့ ပိုလီယိုအစက်ချဆေးထက်စောပါတယ်။
ဆေးနှစ်မျိုးလုံးကတော့ ပိုလီယိုဗိုင်းရပ်စ်ပိုးသုံးမျိုးလုံးကို ကာကွယ်ပေးနိုင်ပါတယ်။
ပါးစပ်ကနေ အစက်ချရတဲ့ ပိုလီယိုကာကွယ်ဆေးရဲ့ ကောင်းတဲ့အချက်တွေကတော့ တိုက်ရလွယ်ပြီး ငွေကုန်ကြေးကျလည်း သက်သာပါတယ်။
အစက်ချဆေးဖြစ်တဲ့အတွက် ထိုးဆေးထိုးသလို သေချာလေ့ကျင့်သင်ကြားထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေမလိုပါ။ Volunteers ခေါ် တက်ကြွလုပ်အားပေးမယ့်သူတွေရှိရုံနဲ့ ရပါတယ်။
အူထဲမှာပွားများတဲ့အတွက် အူလမ်းကြောင်းရဲ့ ပိုလီရောဂါခုခံနိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။
မစင်စွန့်တဲ့အခါ ကာကွယ်ဆေးအတွက် ပြုပြင်ဖန်တီးထားတဲ့ ပိုလီယိုဗိုင်းရပ်စ်ပိုးတွေက မစင်နဲ့အတူပါသွားပြီး တခြားကာကွယ်ဆေး မသုံးထားတဲ့သူတွေဆီကို ကူးစက်တဲ့အခါ ပိုလီယိုကာကွယ်ဆေး မသုံးထားတဲ့သူတွေအနေနဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးထားတဲ့သူတွေလို ပိုလီယိုရောဂါကိုကာကွယ်နိုင်စွမ်း (passive immunization) ရလာနိုင်ပါတယ်။
မကောင်းတဲ့အချက်ကတော့ အစက်ချကာကွယ်ဆေးဟာ သူရဲ့သတ်မှတ်ထားတဲ့ အအေးစနစ်မှာသေချာထိန်းသိမ်းမှသာ အာနိသင်အပြည့်အဝရပြီး ရောဂါကို ကာကွယ်ပေးနိုင်တာပါ။
အဲ့လိုမဟုတ်ရင် အာနိသင်ကျပြီး ရောဂါကာကွယ်နိုင်စွမ်း နည်းနိုင်ပါတယ်။
ဒါ့အပြင် သက်ရှိပိုလီယိုဗိုင်းရပ်စ်ကနေ ပြုပြင်ပြောင်းလဲထုတ်ယူထားတာဖြစ်တဲ့အတွက် တခါတရံမှာ mutation (အကြမ်းအားဖြင့် မျိုးရိုးဗီဇဖောက်ပြန်မှု လို့ခေါ်တဲ့ဟာ) ဖြစ်ပြီး ကာကွယ်ဆေးအဖြစ်သုံးနိုင်အောင်ပြုပြင်ပြောင်းလဲထားတဲ့ အန္တရာယ်မရှိတဲ့ဗိုင်းရပ်စ်ကနေ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားဖြစ်သွားတတ်ပါတယ်။ အဲ့အခါမှာ ပိုလီယိုအစက်ချကာကွယ်ဆေးကြောင့် ပိုလီယိုအကြောသေရောဂါဖြစ်သွားတတ်ပါတယ်။
ဒီလိုပြောလို့လည်း အရမ်းကြီး စိတ်ပူမသွားပါနဲ့။ ပိုလီယိုအစက်ချကာကွယ်ဆေး (OPV) ကြောင့် ပိုလီယိုအကြောသေရောဂါဖြစ်တာ (Vaccine derived polio paralysis) ဟာ လူနှစ်သန်းကျော်မှာမှ တယောက်ပဲဖြစ်နိုင်ခြေရှိပါတယ်။
ပိုလီယိုကာကွယ်ဆေးထိုးဆေး (IPV) ရဲ့ကောင်းတဲ့အချက်တွေကတော့ သူက အစက်ချကာကွယ်ဆေးလိုမျိုး သက်ရှိဗိုင်းရပ်စ်ကနေ ပြုပြင်ပြောင်းလဲထုတ်ယူထားတာမဟုတ်တဲ့အတွက် ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ပိုလီယိုအကြောသေရောဂါ (Vaccine derived polio paralysis) မဖြစ်ပွားတတ်ပါဘူး။
အေအိုင်ဒီအက်စ်ရောဂါရှိသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျတဲ့သူတွေအနေနဲ့ဆိုရင် ပိုလီယိုအစက်ချကာကွယ်ဆေးအစား ပိုလီယိုကာကွယ်ဆေးထိုးဆေး ထိုးတာက ပိုသင့်တော်ပါတယ်။
အစက်ချကာကွယ်ဆေးလိုမျိုး အပူချိန်ကို Sensitive အရမ်းမဖြစ်တဲ့အတွက် အဆင့်မြင့်အအေးပေးစနစ် တိကျတဲ့အအေးစနစ် မလိုပါ။
ဒါ့ပြင် အာနိသင်က အစက်ချကာကွယ်ဆေးထက် ပိုကောင်းပြီး ပိုလီယိုအကြောသေရောဂါကို ကာကွယ်နိုင်စွမ်းက ပိုကောင်းပါတယ်။
မကောင်းတဲ့အချက်ကတော့ ထိုးဆေးဖြစ်တဲ့အတွက် ထိုးတဲ့အခါနာတာ၊ ထိုးတဲ့နေရာမှာ နီရဲတာတွေဖြစ်နိုင်ပါတယ်။
အစက်ချဆေးမဟုတ်ဘဲ ထိုးဆေးဖြစ်တဲ့အတွက် သန့်ရှင်းတဲ့ ဆေးထိုးကိရိယာတွေနဲ့ သေချာလေ့ကျင့်သင်ကြားထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေလိုပါတယ်။
ဒါ့အပြင် ထိုးဆေးက အစက်ချဆေးထက်စာရင် ဈေးအရမ်းအရမ်းကြီးပြီး ပစ္စည်းလည်း ပြတ်လေ့ရှိပါတယ်။
ပြောရရင်တော့ အစက်ချကာကွယ်ဆေးရော ထိုးဆေးကာကွယ်ဆေးရောက သူ့ဟာနဲ့သူ ကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။
ခြုံပြောရရင်တော့ တတ်နိုင်ရင် ထိုးဆေးကာကွယ်ဆေးက ပိုကောင်းတာပေါ့။
ဒါပေမယ့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများအနေနဲ့ကတော့ ပိုလီယိုကာကွယ်ဆေးထိုးဆေး တခုပဲသုံးဖို့မလွယ်ပါဘူး။
ပိုလီယိုအစက်ချဆေး တခုတည်းအနေနဲ့ကျတော့လည်း အခုနောက်ပိုင်းသုတေသနတွေအရ ပိုလီယိုရောဂါကိုကာကွယ်နိုင်စွမ်းက တဖြည်းဖြည်းကျလာတာကို တွေ့ရပါတယ်။
ဒါကြောင့်လွန်ခဲ့တဲ့သုံးလေးနှစ်လောက်ကစပြီး ပိုလီယိုအစက်ချကာကွယ်ဆေးကို ပထမအကြိမ် ၂ လ၊ ဒုတိယအကြိမ် ၄ လ၊ တတိယအကြိမ် ၆ လမှာတိုက်ကျွေးကာ ဒုတိယအကြိမ်တိုက်ကျွေးတဲ့အခါမှာ ပိုလီယိုကာကွယ်ဆေး ထိုးဆေးတကြိမ် တွဲထိုးပေးပါတယ်။
အခုလက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများအနေနဲ့တော့ ဒီလိုပဲ ပိုလီယိုကာကွယ်ဆေး အစက်ချဆေးနဲ့ ထိုးဆေး တွဲသုံးကြရပါတယ်။
Dr 528