အောင်အောင်(၈)တန်းကျောင်းသားဘဝ နွေရာသီစာမေးပွဲဖြေပြီးတဲ့အချိန်မှာပဲပဲမိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးခဲ့တယ်။
(၇) တန်းနှစ်စလောက်ကစပြီးအမေနဲ့အဖေ နှစ်ယောက်လုံး တရှောင်ရှောင် နဲ့ နေမကောင်းဖြစ်တဲ့ အကြိမ်ရေများနေတာကို အောင်အောင်သတိထားမိတယ်။ ကျောင်းတစ်ဖက် ကျူရှင် တစ်ဖက်နဲ့မို့လို့ သိပ်တော့ လေးလေးနက်နက်သိပ်မတွေးဖြစ်ခဲ့ပါဘူး။ (၇) တန်းနှစ်လယ်လောက်ကျတော့ အဖေက တီဘီရောဂါဖြစ်တယ်။ အောင်အောင့်ကိုတော့ ရောဂါကူးမှာစိုးလို့ အဒေါ့်အိမ်ပို့ထားတယ်။ ညနေ ကျောင်းဆင်းချိန်တွေဆိုရင်တော့အမေကအဒေါ့်အိမ်မှာလာလာတွေ့တယ်။ တစ်နေ့ ကျောင်းမှာဘောလုံးကန်ဖက်သူငယ်ချင်းကမေးခွန်းတစ်ခုလာမေးတယ်။ အောင်အောင့်မှာ အေအိုင်ဒီအက်စ် ရှိလားလို့။ အောင်အောင် တစ်ယောက် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်အောင်တို့ကျောင်းမှာတက်ရတဲ့ပညာပေးအစီအစဉ်တွေအရေအောင်အောင်မှတ်မိသလောက် အေအိုင်ဒီအက်စ် ရောဂါဆိုးဆိုတာလိင်တဆင့်ကူးစက်တယ်ဆိုတာ။ဒါနဲ့သူငယ်ချင်းကို ပြန်မေးမိတယ်။ အကြောင်းရင်းကို။ “မင်းအဖေနဲ့ အမေနဲ့ကအဲ့ဒီရောဂါဖြစ်နေတာလေ။ တဖြည်းဖြည်းနဲ့ သတင်းက ရပ်ကွက် ထဲမှာ ပြန့်နေပြီ။ ငါလည်းဟိုတစ်နေ့ကမှသိတာ” တဲ့။ လောကကြီးဗြောင်းဆန်သွားတယ်။ ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းတွေရင်ထဲတိုးဝင်လာတယ်။ မယုံနိုင်လို့ ကျောင်းမုန့်စားဆင်းချိန်မှာ အိမ်ပြန်ခဲ့လိုက်တယ်။ အမေ့ကို တိုက်ရိုက်မေးမယ်ပေါ့။ အိမ်ပြန်ရောက်လို့ အမေ့ကိုမေးတော့ အမေကငိုတယ်။ ငိုရင်းနဲ့ပဲတောင်းပန်ရှာတယ်။ အောင်အောင် လည်း ယူကျုံးမရ။ ဒါနဲ့ပဲသိမ်ငယ်စိတ်နဲ့ အမေ့ကိုအပြစ်တွေပြောမိတယ်။ အမေကလည်း အောင်အောင် ပြောလေငိုလေ။ နောက်တော့ အောင်အောင်တစ်ယောက်တစ်ပတ်လုံး ကျောင်းမသွားပဲ အဒေါ့်အိမ်မှာ နေတယ်။ ဒေါသတွေ ထွက်လိုက်၊ ငိုလိုက်ပေါ့။ အမေနဲ့ အဖေနဲ့က လာတွေ့ပေမယ့် အတွေ့မခံခဲ့ဘူး။ အောင်အောင့် အဒေါ်မှာသားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ သားအကြီးကတခြားနယ်မှာ ဆရာဝန်။ ဝမ်းကွဲအကိုတွေ မောင်နှမတွေကြားမှာအောင်အောင် အချစ်ရဆုံး။ ဒီလိုနဲ့ကိစ္စတွေဖြစ်ပြီး အောင်အောင် ကျောင်းမတက်တဲသုံးရက်မြောက်နေ့မှာပဲအကိုကြီးအိမ်ကိုပေါက်ချလာရော။အဲ့ဒီလိုနဲ့ပဲအစ်ကိုကြီးဆီကနေအဖေတို့အမေတို့ ရောဂါကူးစက်ခံခဲ့ရပုံအကြောင်းစုံသိခဲ့ရပါတယ်။ အရင်တုန်းက လိင်က တစ်ဆင့် ကူးစက်တယ်လို့ပဲသိခဲ့တဲ့ အေအိုင်ဒီအက်စ် ရောဂါအကြောင်းလည်း စုံစုံလင်လင်သိခွင့်ကြုံခဲ့တယ်။ အေအိုင်ဒီအက်စ် ရောဂါဟာHIV ရောဂါပိုးကူးစက်ခံရမှုကြောင့် ဖြစ်တဲ့ရောဂါပါ။လိင်ကတစ်ဆင့်ကူးစက်တယ်လို့အကြမ်းဖျင်းနားလည်ကြပေမယ့်တကယ်ကရောဂါပိုးရှိသူရဲ့သွေးကိုလက်ခံမိရာ(အကြောင်းအမျိုးမျိုးကြောင့် သွေးသွင်းမိရာ)ကတဆင့်လည်းကူးတတ်ပါသေးတယ်။ အောင်အောင့်အဖေရောဂါကူးတုန်းကလည်းဒီနည်းနဲ့ပါပဲ။လွန်ခဲ့တဲ့ငါးနှစ်ကားမတော်တဆဖြစ်တုန်းကသွေးလိုအပ်လို့ သွေးသွင်းမိတုန်းကကူးစက်ခံခဲ့ရတာပါ။ဆရာဝန်တွေကအဲ့အချိန်တုန်းကသွင်းမယ့်သွေးကိုမစစ်ခဲ့ဘူးလား။အဲ့ဒီလိုလည်း ပြောလို့မရပြန်ပါဘူး။HIV ရောဂါပိုးဟာခန္ဓာကိုယ်ထဲကိုဝင်ပြီးပြီးချင်းမှာသွေးထဲမှာပိုးရှိမရှိစမ်းသပ်လို့ မရသေးတဲ့ အချိန်တခုရှိပါတယ်။ Window Period လို့ခေါ်ပါတယ်။ အဲ့ဒီအချိန်ဟာလူတစ်ဦးချင်းစီရဲ့ကိုယ်ခံအားနဲ့ ရောဂါပိုးရှိမရှိစမ်းသပ်စစ်ဆေးတဲ့ပစ္စည်းကိရိယာအပေါ်မှာမူတည်ပြီးကိုးရက်ကနေသုံးလအထိကြာနိုင်ပါတယ်။တကယ်လို့အဲ့ဒီကာလအတွင်းမှာ ရောဂါပိုးရှိမရှိစစ်ဆေးရင်မရှိဘူးလို့သာအဖြေထွက်ပါတယ်။ သွေးမကြာခဏလှူတတ်သူတွေကတော့ကိုယ့်ကိုယ်ကိုဘယ်လိုရောဂါမှမကူးစက်နိုင်အောင်အတတ်နိုင်ဆုံးဂရုစိုက်တတ်ကြသူတွေပါ။ အောင့်အောင့်အဖေသွင်းမိတဲ့သွေးကတော့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ပေးတဲ့သွေး။ အဆိုပါ လူကလူပျိုကြီး။ အပျော်အပါး တစ်ခါတစ်လေလိုက်စားသူ။ထိုသူကလည်းယခု အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်ပင်။အစ်ကိုကြီးကျေးဇူးကြောင့် အောင်အောင်အဖေနဲ့အမေကိုခွင့်လွှတ်နိုင်ခဲ့တယ်။အဖေနဲ့အမေရဲ့ နောက်ဆုံးအချိန်တွေမှာ ရင်နာနာနဲ့ပဲ အတတ်နိုင်ဆုံး ပြုစုပေးခဲ့တယ်။ အဖေနဲ့ အမေတဖြည်းဖြည်းနဲ့ ပိန်လာတာ မကြည့်ရက်လို့ တစ်ယောက်တည်းကြိတ်ငိုခဲ့ရတာညတိုင်းလိုလိုပင်။အခုတော့ အောင်အောင်တစ်ယောက်ဆရာဝန်ဘဝ ဖြင့်ရန်ကုန်ဆေးရုံကြီးမှာတာဝန်ကျနေပြီ။တီဘီရောဂါသည် အေအိုင်ဒီအက်စ်ရောဂါသည်လူနာတွေတွေ့ရင် အဖေနဲ့ အမေကိုအမြဲအမှတ်ရဆဲ။ မျက်ရည်ကျရဆဲ။ လူနာတိုင်းကို အဖေနဲ့ အမေအမှတ်ဖြင့် ကိုယ်ဖိရင်ဖိ ပြုစုကုသပေးခဲ့ပါတယ်။မိဘနှစ်ပါး ကောင်းရာမွန်ရာရောက်ပါစေ၊ဝဋ္ဋ်ကျွေးရှိသမျှ ကြေပါစေတော့။ အောင်အောင်တစ်ယောက် ဆုတောင်းဆဲ တောင်းမြဲ။
AUTHOR – ဒေါက်တာအေးချမ်းမိုး