အိမ်ထောင်ဖက်နဲ့ချစ်ရည်လူးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

ချစ်ရည်လူးခြင်း(လိင်ဆက်ဆံခြင်း)ဟာ ကာမဂုဏ်ခံစားဖို့အတွက်၊စိတ်ခံစားဖို့အတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေပေးနိုင်ကြောင်း သုတေသနတွေအရ သိရပါတယ်။

လိင်ဆက်ဆံခြင်းကနေ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်ရှိပါတယ်။အဲ့ဒါတွေကတော့

၁။နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း

ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဟာ နှလုံးကျန်းမာရေးအတွက်ကောင်းကြောင်းသိပြီးဖြစ်မှာပါ။

လိင်ဆက်ဆံခြင်းဟာလည်း ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း တမျိုးပါပဲ။လေ့လာမှုတွေအရ လိင်ဆက်ဆံမှုပြုနေချိန်မှာ နှလုံးခုန်မြန်လာပြီး ခန္ဓာကိုယ်တွင်းက ကယ်လိုရီဓါတ်တွေကိုလည်း တမိနစ်ကို ငါး ကယ်လိုရီနှုန်းနဲ့ လောင်ကျွမ်းစေကြောင်းသိရပါတယ်။

သုတေသနတခုအရ တပတ်မှာ ၂ကြိမ် လိင်ဆက်ဆံတဲ့သူတွေဟာ တလမှာတကြိမ် သို့မဟုတ် နှစ်လမှာ တကြိမ် လိင်ဆက်ဆံတဲ့ သူတွေထက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ထက်ဝက်ခန့်လျော့နည်းကြောင်းသိရပါတယ်။

၂။သွေးဖိအားကိုလျော့နည်းစေခြင်း

သွေးဖိအားတက်နေပါက နှလုံးအတွက်မကောင်းသလို ပန်းသေပန်းညိုးတာ၊ကျောက်ကပ်ထိတာ စသဖြင့်ဖြစ်နိုင်ပါတယ်။

လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်နေရာအနှံ့သွေးထောက်ပံ့လည်ပတ်မှုကိုအားကောင်းစေပြီး သွေးဖိအားကိုလျော့နည်းစေပါတယ်။

၃။ကိုယ်ခံအားကိုမြင့်တက်စေနိုင်ခြင်း

လေ့လာမှုတွေအရ တပတ်ကို နှစ်ကြိမ် ချစ်ရည်လူးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ Immunoglobulin A(Ig A)လို့ခေါ်တဲ့ ပဋိဇီဝပစ္စည်းတမျိုးကို များလာစေနိုင်ကြောင်း သိရပါတယ်။

Immunoglobulin A ဟာ ကိုယ်ခံအားစနစ်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော ပဋိဇီဝပစ္စည်းဖြစ်ပြီး အလွယ်တကူ ဖျားနာခြင်း၊အအေးမိခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၄။ကိုက်ခဲနာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ခြင်း

လိင်ဆက်ဆံတဲ့အချိန် စိတ်ဆန္ဒအထွတ်အထိပ်ရောက်ပြီး ပြီးမြှောက်တဲ့အခါ ကိုယ်ခန္ဓာထဲမှာ Oxytocin နဲ့ Endophins ဟော်မုန်းတွေကိုများများထွက်စေပါတယ်။

ဒီဟော်မုန်းတွေများများထွက်လာခြင်းဖြင့် ခေါင်းကိုက်တာ၊ကိုယ်လက်နာကျင်ကိုက်ခဲတာ စတဲ့ဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

၅။စိတ်ဖိစီးမှုတွေကိုလျော့ပါးသက်သာစေနိုင်ခြင်း

လိင်စိတ်ဆန္ဒအထွတ်အထိပ်ရောက်ပြီး ပြီးမြှောက်တဲ့အခါ ထွက်လာတဲ့ Oxytocin နဲ့ Endophins ဟောမုန်းတွေဟာ ကိုက်ခဲနာကျင်မှုတွေကို လျော့ပါးသက်သာစေရုံသာမက စိတ်ဖိစီးမှုတွေကိုပါ လျော့ပါးသက်သာစေနိုင်ပါတယ်။

၆။နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း

လိင်စိတ်ဆန္ဒအထွတ်အထိပ်ရောက် ပြီးမြှောက်တဲ့အခါ ဦးနှောက်မှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ Prolactin ဟော်မုန်းထွက်လာပါတယ်။ထိုဟော်မုန်းဟာ စိတ်ကိုသက်တောင့်သက်သာဖြစ်စေပြီး အိပ်ပျော်စေခြင်းကို ဖြစ်စေပါတယ်။

ဒါကြောင့်လိင်ဆက်ဆံပြီးတဲ့အခါမှာ လူအများစုအနေနဲ့ အိပ်ချင်လာတာဖြစ်ပါတယ်။

၇။သက်တမ်းရှည်စေနိုင်ခြင်း

သုတေသနတွေအရ တပတ်ကို နှစ်ကြိမ်လိင်ဆက်ဆံတဲ့သူတွေဟာ တလမှာတကြိမ် သို့မဟုတ် နှစ်လမှ တကြိမ်လောက်လိင်ဆက်ဆံတဲ့သူတွေထက် သက်တမ်းပိုရှည်နိုင်ကြောင်းသိရပါတယ်။

ဒါဟာ လိင်ဆက်ဆံတဲ့အခါမှာ ထွက်လာတဲ့ dehydroepiandrosterone လို့ခေါ်တဲ့ ဟောမုန်းရဲ့အာနိသင်ကြောင့်ဖြစ်ပါတယ်။

၈။မိမိကိုယ်မိမိ ယုံကြည်မှုတိုးစေခြင်း

လေ့လာမှုတွေအရ ကျေနပ်ဖွယ်ရာ ချစ်ရည်လူခြင်းမျိုး မကြာခဏရှိခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှုကို တိုးလာစေပြီး နေရထိုင်ရတာ စိတ်ကျေနပ်မှုကို ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

၉။စိတ်ဓါတ်ကျခြင်း၊စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

ကျေနပ်ဖွယ်ရာ ချစ်ရည်လူးခြင်းမျိုး မကြာခဏရှိခြင်းဟာ မိမိကိုယ်မိမိယုံကြည်မှု တိုးလာစေပြီး မိမိနေထိုင်ရတဲ့ဘဝကို စိတ်ကျေနပ်မှု ဖြစ်စေတာကြောင့် စိတ်ဓါတ်ကျခြင်း၊စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

၁၀။ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

အမေရိကန်ဆေးပညာအဖွဲ့တခုရဲ့ သုတေသနတခုအရ ပုံမှန်ချစ်ရည်လူးတဲ့(တလကို၁၂ကြိမ်နဲ့အထက်လိင်ဆက်ဆံတဲ့) အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေလျော့နည်းကြောင်း သိရပါတယ်။

သုတ်လွှတ်တဲ့အခါမှာ လွှတ်တဲ့သုတ်ရည်နဲ့အတူ ဆီးကျိတ်ကင်ဆာဖြစ်ပွားခြင်းကို အားပေးသော ကင်ဆာအားပေးပစ္စည်းတွေပါသွားနိုင်လို့ဖြစ်မယ်ဆိုပြီး သုတေသနပညာရှင်တွေက ယူဆထားပါတယ်။

၁၁။ဦးနှောက်မှတ်ဉာဏ်နဲ့စွမ်းဆောင်ရည်ကို တိုးလာစေနိုင်ခြင်း

လေ့လာမှုတွေအရ ချစ်ရည်လူးခြင်းဟာ ဦးနှောက်ရဲ့ Hippocampus နေရာမှာရှိတဲ့ အာရုံကြောဆဲလ်လေးတွေကို များလာစေကာ ဦးနှောက်မှတ်ဉာဏ်နဲ့သင်ယူလေ့လာမှုတွေကို အားကောင်းစေလာနိုင်ကြောင်းသိရပါတယ်။

ဒါတွေကတော့ လိင်ဆက်ဆံရာမှ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ။

သို့ပေမယ့် လိင်ဆက်ဆံခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေရဖို့ဆိုတာက မိမိအိမ်ထောင်ဖက်နဲ့ ဆက်ဆံဖို့လိုပါတယ်။

ဆိုလိုတာက အပျော်ပါးလိုက်စားပြီး တွေ့ရာအမျိုးသား၊အမျိုးသမီး နဲ့ လိင်ဆက်ဆံတယ်ဆိုရင်တော့ လိင်ဆက်ဆံခြင်းကနေ ဘီပိုး၊စီပိုး၊အိတ်အိုင်ဗီပိုး၊ကာလသားပိုး စတဲ့ လိင်ဆက်ဆံရာမှတဆင့်ကူးစက်ရောဂါတွေကူးစက်တာမျိုးခံရနိုင်ပါတယ်။

အိမ်ထောင်သည်မဟုတ်ဘဲ သမီးရည်းစားဘဝမှာ လိင်ဆက်ဆံရင်လည်း လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမှာတွေးပူပြီး စိတ်ဒုက္ခရောက်၊စိတ်ဖိစီးမှုဖြစ်နေရနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ