တစ်ခါတည်းပါ
လိင်ဆက်ဆံခြင်း တစ်ကြိမ်တစ်ခါသာဖြစ်ခဲ့သော်လည်း ကိုယ်ဝန်ရခြင်းသည် မယုံကြည်နိုင်ဖွယ်ရာဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် အခုခေတ်လူငယ်များသည် အတွေ့အကြုံအသစ်အဆန်း အမြဲရှာတတ်ကြပါတယ်။ တစ်ဦးနှင့် တစ်ဦးအတွေ့အကြုံခံစားမှုအသစ်ကို ရှာဖွေရင်း မှားယွင်းမှုတွေဖြစ်လာတတ်ပါတယ်။
ယဉ်ကျေးမှုအရ လိင်နှင့်ပတ်သတ်သော အကြောင်းများကို ငယ်ရွယ်စဉ်ကတည်း သေချာ နားလည်မှုမရှိကြပါ။ ထို့အပြင် ယခုခေတ်အနေဖြင့် အင်တာနက်များမှတဆင့် လမ်းလွဲနိုင်သော ဇာတ်ကားများ လှုံ့ဆော်မှုများကိုလည်း လူငယ်များအလွယ် သိရှိကြပါတယ်။
ချစ်သူ၊ ရည်းစားဘဝမှာ ယုံအပ်လို့ ပုံအပ်သူများအနေဖြင့် သေချာကိုယ်ဝန်တားခြင်းအကြောင်းနားလည်မှုမရှိဘဲ အလွယ်တကူလက်ခံလိုက်သောအခါ တစ်ကြိမ်တစ်ခါတည်းဟူသော အကြောင်းပြချက်ဖြင့် မိမိတို့ဘဝ ကိုယ်ဝန်သည်အဖြစ်တန်းရောက်နိုင်သည်ကို လူငယ်များအနေဖြင့် ကောင်းစွာနားလည်သဘောပေါက်ရန် အထူးလိုအပ်ပါတယ်။
ကွန်ဒုံး၊ တားဆေးများအကြောင်းသိရှိသော်လည်း စတင်သုံးစွဲရန် ရှက်ရွံခြင်းနှင့် ကိုယ်ဝန်သည် အလွယ်တကူမရနိုင်ကြောင်းအပြင် မိမိရာသီစက်ဝန်းအကြောင်း မိမိသေချာနားလည်မှုမရှိခြင်းတို့ကြောင့်လည်း လိင်ဆက်ဆံမှု တကြိမ်တခါတည်းဆိုသော်လည်း ကိုယ်ဝန်ရစေနိုင်ပါတယ်။
တစ်ကြိမ်တစ်ခါတည်းလိင်ဆက်ဆံရုံဖြင့် ကိုယ်ဝန်ရစေသောအကြောင်းရင်းများမှ –
(1) မမျိုးဥကြွေချိန်
မိမိလိင်ဆက်ဆံသောအချိန်သည် ရာသီစက်ဝန်းရဲ့ ရာသီလာပြီး ၇ ရက်နှင့်မလာခင် ၇ ရက်အကြား မမျိုးဥကြွေရက်နှင့် တိုက်ဆိုင်ခဲ့သော် မမျိုးဥသည် သားအိမ်ထဲ သို့မဟုတ် သားဥပြွန်ထဲရောက်ခဲ့သော် သုတ်ပိုးနှင့်တခါတည်း ပေါင်းစုံကာ ကိုယ်ဝန်ရပါတယ်။
(2) ကိုယ်ဝန်တားနည်းမသုံးခြင်း
လိင်ဆက်ဆံစဉ် ကွန်ဒုံးမသုံးခြင်း၊ မဆက်ဆံမီကြိုတင်တားဆေးမသောက်ခြင်း၊ မထိုးခြင်း၊ လိင်ဆက်ဆံပြီး ဆေးမသောက်ခြင်း စသည်တို့ကိုသုံးစွဲရန် နားမလည်ခြင်း၊ တစ်ကြိမ်တစ်ခါ ဆက်ဆံရုံဖြင့် ကိုယ်ဝန်မရနိုင်သည်ဟု ယုံကြည်သောကြောင့် မသုံးစွဲခဲ့သဖြင့် ကိုယ်ဝန်ရနိုင်ပါတယ်။
(3) သုတ်ရည်မိန်းမကိုယ်ထဲလွှတ်ခြင်း
ပထမအကြိမ်ဆက်ဆံခြင်းဖြစ်၍ ကွန်ဒုံးမသုံးခြင်းအပြင် အတွေ့အကြုံအသစ်ကိုခံစားလိုခြင်းကြောင့် မိန်းမကိုယ်ထဲတွင်သာ သုတ်ရည်လွှတ်ခြင်းသည် ကိုယ်ဝန်ရနိုင်ပါတယ်။
(4) သုတ်ပိုးအားကောင်းခြင်း
အမျိုးသားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး သုတ်ရည်တွင် အားကောင်းသောသုတ်ပိုးများပါရှိခြင်းတို့ကြောင့် မမျိုးဥနှင့် အလွယ်တကူပေါင်းစပ်ကာ ကိုယ်ဝန်ရနိုင်ပါတယ်။
တစ်ကြိမ်တစ်ခါတည်း လိင်ဆက်ဆံပြီး ကိုယ်ဝန်ရသွားခြင်းသည် သမီးရည်းစားနှင့် အိမ်ထောင်ကျခါစအချိန်တွင် နားလည်ရခက်သော ပြဿနာအကြီးစားအဖြစ် တစ်ဦးနှင့်တစ်ဦးမပြေလည်မှုများဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် တကြိမ်တခါဆိုသော်ငြားလည်း ကိုယ်ဝန်တားနည်းများကို ကောင်းစွာနားလည်သဘောက်ပေါက်ရန် အထူးလိုအပ်ပါတယ်။
Dr. Pyae Shin