ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေမဲ့ နည်းလမ်း ၁၂ ခု

ကင်ဆာဖြစ်နိုင်ချေကို  လျော့ကျစေမဲ့ နည်းလမ်း ၁၂ ခု

ကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုတွေရဲ့ အဓိကလက်သည်တခုဖြစ်ပါတယ်။ ဒါပေမဲ့ WHO ရဲ့ အဆိုအရ ကင်ဆာကြောင့်သေဆုံးမှု ၃ ခုမှာ ၁ ခုဟာ ကြိုတက်ကာကွယ်လို့ရနိုင်တယ်လို့ ပြောပါတယ်။ ကင်ဆာပျောက်တဲ့ဆေး ကင်ဆာမဖြစ်တဲ့ဆေး ရယ်လို့ မရှိပေမဲ့ ကင်ဆာဖြစ်နိုင်ချေကို သိသိသာသာလျော့ကျသွားစေမဲ့ နည်းလမ်းကောင်းတွေတော့ ရှိပါတယ်။

၁။ ကိုယ်အလေးချိန်လျော့ချပါ

မြန်မာပြည်မှာ တဖြေးဖြေးနဲ့ ကိုယ်အလေးချိန်မြင့်တက်နေသူ အဝလွန်သူတွေ များပြားလာနေပါတယ်။ ကိုယ်အလေးချိန်လိုအပ်တာထက် ပိုများနေသူတွေမှာ ကင်ဆာရောဂါမျိုးစုံဖြစ်နိုင်ချေ ပိုမိုများပြားပါသတဲ့။ အစာရေမြိုကင်ဆာ ပန်ကရိယကင်ဆာ အူမကြီးကင်ဆာ ကျောက်ကပ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာ စသဖြင့်ပေါ့။ တဖြေးဖြေးနဲ့ ကင်ဆာဖြစ်ရခြင်းအကြောင်းအရင်းမှာ အဝလွန်တာဟာ ဆေးလိပ်သောက်တာကို ကျော်လွန်စပြုနေပါပြီ။ တကယ်လို့သာ လူတယောက်ချင်းစီဟာ BMI ၁ % လောက်စီ လျော့ချနိုင်ခဲ့ရင် ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာလည်း တစ်သိန်းလောက်ထိ လျော့ကျသွားမှာ ဖြစ်ပါသတဲ့။

၂။ အနီရောင်အသားလျော့စားပါ

အဓိကအားဖြင့် ဟော့ဒေါ့ ဝက်ပေါင်ခြောက် နဲ့ အသားကင်စတာတွေဟာ အစာအိမ်နဲ့ အူမကြီးကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ အမေရိကန်ကင်ဆာသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ချက်အရ တစ်ပတ်ကို အသား ၁၈ အောင်စထက် ပိုမစားတာဟာ ကင်ဆာမဖြစ်အောင် အကူအညီပေးနိုင်တယ်လို့ သိရပါတယ်။

၃။ နေရောင်ကာခရင်မ် (Sunscreen) လိမ်းပါ

နေရောင်ထဲမှာပါတဲ့ အန္တရာယ်ရှိတဲ့ရောင်စဉ်တန်းတွေဟာ သင့်ကို နေလောင်တာထက် ပိုတဲ့ဒုက္ခကို ပေးနိုင်ပါတယ်။ ဒါကတော့ အရေပြားကင်ဆာပါပဲ။ နေရောင်ထဲမှာ အချိန်ကြာကြာနေရတဲ့သူတွေအဖို့ ဒီကင်ဆာဖြစ်နိုင်ချေ ပိုမိုများပြားပါတယ်။ အရေပြားကင်ဆာဟာ စောစောသိရင် ကုသလို့ရနိုင်ပေမဲ့ တခြားကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားရင်တော့ အသက်အန္တရာယ် ရှိပါတယ်။ SPF 30 နှင့်အထက်ပါဝင်တဲ့ Sunscreen က သင့်ကို ဒီအန္တရာယ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။

၄။ ဟင်းသီးဟင်းရွက်များများစားပါ

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ ခံတွင်း လည်ချောင်း လေပြွန် နဲ့ အစာရေမြိုကင်ဆာ တွေ ရန်ကနေ ကွာဝေးစေနိုင်ပါတယ်။ ဒါကြောင့်နေ့တိုင်း များများ စားပေးသင့်ပါတယ်။

၅။ ဖြည့်စွက်စာတွေကို အားမကိုးနဲ့

အာဟာရပြည့်ဝတဲ့ အစားအစာတခုကို စားတာက ဗီတာမင်တွေအစုံပါတဲ့ အားဆေးကို သောက်တာထက် ပိုပြီး ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ တကယ်တမ်းမှာ ဗီတာမင်အားဆေးနဲ့ဖြည့်စွက်စာတွေဟာ ခန္ဓာကိုယ်ရဲ့ အာဟာရမျှခြေကိုတောင် ပျက်ယွင်းစေနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ အကူအညီရနိုင်ပေမဲ့ ကင်ဆာရောဂါရန်က ကာကွယ်ဖို့ဆိုရင်တော့ ဖြည့်စွက်စာတွေကို အားမကိုးပါနဲ့လို့ အကြံပေးပါရစေ။

၆။ အချို လျော့စားပါ

သကြားဓာတ်အများကြီးပါတဲ့ အစားအစာနဲ့အချိုရည်တွေမှာ ကယ်လိုရီပါဝင်မှု ပိုများလေ့ရှိပါတယ်။ ဒါတွေစားတာများရင် အချိန်ကြာတဲ့အခါ ကိုယ်အလေးချိန်တွေတက်ပြီး ဝလာပါလိမ့်မယ်။ ပုံမှန်ထက်ပိုဝလာပြီဆိုတာနဲ့ ကင်ဆာဖြစ်နိုင်ချေတွေပါပိုမြင့်လာတာပါပဲ။ ဒါကြောင့် လျော့စားပါ။

၇။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပါ

ဒါကတော့ အမျျိုးသမီးတွေအတွက်ပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်ပါတယ်။ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး နှစ်များစွာကြာတဲ့အထိ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲက တခုဖြစ်ပါတယ်။ ပျိုဖော်ဝင်စအရွယ်ကနေ စတင်ပြီး ကာကွယ်ဆေးထိုးထားတာ အကောင်းဆုံးကာကွယ်မှုပါပဲ။

၈။ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ

လေ့ကျင့်ခန်းပုံမှန်လုပ်နေတဲ့သူတွေဟာ အခြားသူတွေထက် အူမကြီး ရင်သားနဲ့ သားအိမ်ကင်ဆာဖြစ်နိုင်ချေတွေ နည်းပါတယ်။ လှုပ်လှုပ်ရှားရှားနေတဲ့အခါ ခန္ဓာကိုယ်ကစွမ်းအင်ကိုပိုမိုအသုံးပြုဖြစ်ပြီး အစာလည်းမြန်မြန်ကျေစေကာ ကင်ဆာနဲ့ဆက်စပ်တဲ့ ဟော်မုန်းတချို့ ဖြစ်ပေါ်မလာအောင်ပါ တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာသာမက နှလုံးနဲ့ဆီးချို ပြသနာတွေကပါ ကာကွယ်ပေးနိုင်ပါတယ်။

၉။ ဆေးလိပ်ဖြတ်လိုက်ပါ

ဆေးလိပ်သောက်တတ်လား။ သောက်တတ်တယ်ဆိုရင်တော့ နှလုံးနဲ့အဆုတ်ရောဂါတွေသာမက မျိုးစုံသောကင်ဆာတွေရဲ့ လက်သည်အကျင့်ဆိုးကြီးကို ပိုင်ဆိုင်ထားပါပဲ။ ဒါကြောင့် ကာကွယ်လို့ရတဲ့ သေခြင်းတရားနဲ့ ရင်မဆိုင်ချင်ပါနဲ့။ ဆေးလိပ်ဖြတ်ပြီး ကာကွယ်လိုက်ပါ။

၁၀။ အရက်လျော့သောက်ပါ

အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အစာအိမ်လမ်းကြောင်းဆိုင်ရာ ကင်ဆာတွေဖြစ်နိုင်ချေအပြင် လည်ချောင်းကင်ဆာ ရင်သားကင်ဆာတွေဖြစ်နိုင်ချေကိုပါ မြင့်တက်စေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့တစ်သျှူ းတွေကို ထိခိုက်စေတဲ့အပြင် အသည်းကိုလည်း အကြီးအကျယ်ဒုက္ခပေးတဲ့အရက်ကို တတ်နိုင်သမျှလျော့သောက်ဖို့ လိုပါမယ်။ အမျိုးသားတွေအနေနဲ့ တနေ့ကို နှစ်ပက်ထက် လုံးဝပိုမသောက်သင့်သလို အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပက်အလွန်ဆုံးပါပဲတဲ့။

၁၁။ ဘီပိုးကာကွယ်ဆေးထိုးထားပါ

ဘီပိုးရှိတဲ့သူတွေဟာ အသည်းကင်ဆာဖြစ်နိုင်ချေမှာ ပိုးမရှိသူတွေထက် အဆ ၁၀၀ ပိုများပါသတဲ့။ နာတာရှည်အသည်းပြသနာရှိသူတွေ လိင်ဆက်ဆံဖက်များတဲ့သူတွေ မူးယစ်ဆေးထိုးလေ့ရှိတဲ့သူတွေနဲ့ လူ့သွေးနဲ့ဆက်စပ်တဲ့အလုပ်လုပ်ကိုင်သူတွေမှာ အသည်းရောင်အသားဝါဘီ ကူးစက်နိုင်ချေ အလွန်မြင့်မားပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထားရင် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။

၁၂။ ဆေးစစ်မှုခံယူပါ

ကင်ဆာရဲ့သဘောက ရောဂါဖြစ်မှန်းစောစောသိလေ အသက်ရှင်နိုင်ချေ ပြန်ကောင်းနိုင်ချေ ပိုများလေပါပဲ။ ခုခေတ်မှာ ကင်ဆာနဲ့ပတ်သက်ပြီး ကြိုတင်စစ်ဆေးလို့ရတာတွေ အများကြီးရှိနေပါပြီ။ ရင်သားနဲ့ သားဥအိမ်ကင်ဆာဖြစ်နိုင်တဲ့ မျိုးရိုးဗီဇတွေတွေ့လို့ ခွဲစိတ်မှုတွေ ကြိုတင်ခံယူလိုက်တဲ့ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာ ဂျိုလီကိုသာ ပြေးမြင်ကြည့်လိုက်ပါ။

Dr. KG

ဆက်စပ် ဆောင်းပါးများ