အမျိုးသမီးတွေမှာအဖြစ်များတဲ့မီးယပ်ရောဂါ (သို့) Endometriosis

အမျိုးသမီးတွေမှာအဖြစ်များတဲ့မီးယပ်ရောဂါ (သို့) Endometriosis

ဆေးပညာအရ Endometriosis လို့ခေါ်တဲ့ သားအိမ်တွင်းတစ်သျှူးများသားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေခြင်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့မီးယပ်ဆိုင်ရာရောဂါတခုပါ။

အမျိုးသမီးယောက်၁၀၀မှာ ၅ယောက်မှ ၁၀ယောက်ဟာ ဒီရောဂါဖြစ်နိုင်ခြေရှိပါတယ်။

သားအိမ်တွင်းတစ်သျှူးတွေလွဲမှားစွာရောက်တတ်တဲ့သားအိမ်ပြင်ပနေရာတွေကတော့ တင်ပဆုံကွင်းထဲက ဝမ်းဗိုက်အမြှေးပါး၊သားအိမ်နဲ့တင်ပဆုံကွင်းနဲ့တွယ်ဆက်ပေးထားတဲ့အရွတ်၊သားဥအိမ်၊သားဥပြွန်၊အူ၊ဆီးအိမ်၊အဆုတ်အမြှေးပါး၊ချက်၊ဝမ်းဗိုက်ခွဲကြောင်းအမာရွတ်၊နှာခေါင်းအတွင်း စတဲ့နေရာတွေပဲဖြစ်ပါတယ်။

ဘာလို့သားအိမ်တွင်းတစ်သျှူးတွေဟာ သားအိမ်အတွင်းမှာရှိရမယ့်အစား ခုနကပြောတဲ့သားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေရလဲ ဆိုတဲ့တိကျတဲ့အကြောင်းရင်းကိုတော့ ယခုထိသေချာမသိသေးပါ။

သို့သော်လေ့လာမှုတွေအရ Endometriosis ရောဂါဟာ သက်လတ်ပိုင်းအမျိုးသမီးတွေ၊အပျိုဖော်ဝင်တာစောပြီးသွေးဆုံးချိန်နောက်ကျတဲ့အမျိုးသမီးတွေ၊မိသားစုမျိုးရိုးထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့သူရှိတဲ့ အမျိုးသမီးတွေ၊သားအိမ်အနေအထားမမှန်တဲ့အမျိုးသမီးတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများပါတယ်။

သားအိမ်ပြင်ပနေရာတွေမှာလွဲမှားစွာရောက်နေတဲ့သားအိမ်တွင်းတစ်သျှူးတွေဟာ ဟော်မုန်းအနည်းအများပေါ်မူတည်ပြီးပွားသလို ရာသီပေါ်ချိန်ကျ အဲတစ်သျှူးတွေကနေသွေးထွက်တတ်ပါတယ်။

ဒါကြောင့်

သားအိမ်တွင်းတစ်သျှူးက နှာခေါင်းအတွင်းလွဲမှားစွာရောက်နေတဲ့အမျိုးသမီးမှာဆိုရင် ရာသီပေါ်တဲ့အခါကျ မိန်းမကိုယ်ကနေသွေးဆင်းတာအပြင် နှာခေါင်းသွေးလည်းလျှံတတ်ပါတယ်။

တကယ်လို့ သားအိမ်တွင်းတစ်သျှူးက အူထဲရောက်နေတာဆိုရင် ရာသီပေါ်တဲ့အခါကျ မိန်းမကိုယ်ကသွေးဆင်းတာအပြင် စအိုကနေသွေးထွက်တာ၊

ခွဲကြောင်းအမာရွတ်နေရာမှာ သို့မဟုတ် ချက်နေရာမှာရောက်နေတာမျိုးဆိုရင် ရာသီလာတဲ့အခါကျ မိန်းမကိုယ်ကသွေးဆင်းတာအပြင် အမာရွတ်နေရာ၊ချက်နေရာတွေကနေ သွေးထွက်တာမျိုးတွေပါဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် သားအိမ်တွင်းတစ်သျှူးတွေသားအိမ်ပြင်ပနေရာတွေမှာလွဲမှားစွာရောက်တဲ့အခါမှာ

ရာသီပေါ်တဲ့အခါ ရာသီသွေးအဆင်းများတာ၊ဆီးစပ်နေရာတဝိုက်မှာ အလွန်အမင်းနာကျင်ကိုက်ခဲတာ၊ဆီးသွားတဲ့အခါနာကျင်ကိုက်ခဲတာ၊ဝမ်းသွားတဲ့အခါနာကျင်ကိုက်ခဲတာ၊အတူနေလိင်ဆက်ဆံတဲ့အခါနာကျင်ကိုက်ခဲတာစသဖြင့် ခံစားရနိုင်ပါတယ်။

ဒီလိုမျိုးတွေခံစားရပြီဆိုရင်တော့ အိုဂျီနဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေအနေနဲ့ကတော့ အာထရာဆောင်းရိုက်တာ(Ultrasound)၊သံလိုက်ဓါတ်မှန်ရိုက်တာ(Magnetic resonance imaging)၊ဗိုက်ကနေအပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းထည့်ကြည့်တာ(Laparoscopy) စသဖြင့်လုပ်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့လူနာကျန်းမာရေးပေါ်မူတည်ပြီး ဟော်မုန်းဆေး၊အကိုက်အခဲပျောက်ဆေး တွေနဲ့ ရေရှည်ကုသတာ သို့မဟုတ် ခွဲစိတ်ကုသတာ တွေလုပ်နိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ