ကိုယ်ဝန်ဆောင်စဉ်ခြေလက်တွေဖောရောင်တာ စိုးရိမ်စရာလား။

ကိုယ်ဝန်ဆောင်စဉ်ခြေလက်တွေဖောရောင်တာ စိုးရိမ်စရာလား။

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ကိုယ်ဝန်ဆောင်မေမေတွေဟာ မျက်နှာ၊ လက်၊ ခြေကျင်းဝတ်၊ ခြေဖမိုး စတဲ့နေရာတွေမှာ ဖောရောင်လာခြင်းကို အနည်းနဲ့အများ ကြုံတွေခံစားရနိုင်ပါတယ်။

ဘာလို့လဲဆိုတော့

ကိုယ်ဝန်ဆောင်တဲ့အခါမှာ သန္ဓေသားဖွံ့ဖြိုးမှု လိုအပ်ချက်ကို အထောက်အပံပေးဖို့အတွက် မိခင်ခန္ဓာကိုယ်က သွေးနဲ့ ကိုယ်တွင်းအရည်တွေကို ပုံမှန်ထုတ်နေကျထက် ၅၀ ရာခိုင်နှုန်းခန့် ပိုထုတ်ရပါတယ်။

ဒီလိုပိုထုတ်တဲ့အတွက် မိခင်ရဲ့ ကိုယ်အလေးချိန်ကို နဂိုရှိတာထက် ၂၅ ရာခိုင်နှုန်းနီးပါး ပိုတက်လာစေသလို ခန္ဓာကိုယ်တစ်ရှုးတွေထဲမှ ာအရည်တွေပိုစုလာပြီး ဖောတာရောင်တာကိုလည်း ဖြစ်လာစေပါတယ်။

ကိုယ်ဝန်ဆောင်တဲ့အခါ တဖြည်းဖြည်းကြီးလာတဲ့ သားအိမ်ဟာလည်း သွေးပြန်ကြောတွေအပေါ်ကို ဖိသလိုဖြစ်ပါတယ်။

အဲ့အခါ သွေးပြန်လျှောက်မှု သွေးလည်ပတ်မှု နှေးသွားတဲ့အတွက် ဖောရောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဒီလိုမျိုး ခန္ဓာကိုယ်တစ်ရှုးတွေထဲမှာ အရည်တွေစုလာပြီး ဖောရောင်လာခြင်းဟာ ခန္ဓာကိုယ်ကို ပျော့စေပြီး ကလေးလေးတ ဖြည်းဖြည်းကြီးထွားလာတာနဲ့ လိုက်ပြီး မိခင်ကိုယ်ခန္ဓာက ချဲ့ကားနိုင်အောင် အထောက်အကူပြုပါတယ်။

ဒါ့အပြင် တင်ပဆုံကွင်းနေရာမှာရှိတဲ့ တစ်ရှုးတွေနဲ့ အရိုးအဆစ်တွေကို ကလေးမွေးတဲ့အခါမှာ ချဲ့ကားပေးနိုင်ရန်အတွက်လည်း အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ရှိတဲ့အခါ ကိုယ်ခန္ဓာအစိတ်ပိုင်းနေရာတွေ ဖောရောင်ခြင်းကို ကိုယ်ဝန်ဆောင်စဉ်တလျှောက် ဘယ်အချိန်မှာဖြစ်ဖြစ် ကြုံတွေ့ရနိုင်ခြေရှိပေမယ့် အများအားဖြင့်တော့ ကိုယ်ဝန် ၅ လလောက်မှာ စကြုံတွေ့ခံစားရလေ့ရှိပါတယ်။

၅ လနောက်ပိုင်းကစပြီး ဖောရောင်ခြင်း ဖြစ်တာဟာ တဖြည်းဖြည်နဲ့ပိုပိုသိသာလာနိုင်ပါတယ်။

ဒါ့အပြင်

– ပတ်ဝန်းကျင်အပူချိန်များခြင်း (အထူးသဖြင့်နွေရာသီမှာ ဖောရောင်တာပိုဆိုးတတ်ပါတယ်)

– မတ်တပ်အရပ်များခြင်း

– တနေကုန် ဟိုသွားဒီသွား အသွားများခြင်း

– ကဖင်းဓါတ် နဲ့ ဆိုဒီယမ်ဓါတ် ပါတဲ့အစားအသောက်များကိုစားသုံးတာများခြင်း

– ပိုတက်ဆီယမ် ပါတဲ့အစားအသောက်အစားနည်းခြင်း တွေ ရှိပါက ပုံမှန်ထက်ပိုပြီးဖောတာရောင်တာကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မျက်နှာ၊ လက်ခြေတွေ အနည်းငယ်ဖြည်းဖြည်းချင်းဖောရောင်တတ်တာဟာ သဘာဝပါပဲ။ အရမ်းစိုးရိမ်ဖို့မလိုပါ။

သို့သော် ရုတ်တရက် မျက်နှာသိသိသာသာအန်းလာတာ၊ မျက်လုံးတဝိုက်သိသိသာသာမို့လာတာ၊ ခြေလက်တွေ အရမ်းကို ဖောရောင်လာတာတွေနဲ့အတူ ခေါင်းကိုက်တာ၊ အန်တာ၊ အမြင်ေ၀ဝါးတာ မျိုးတွေရှိရင်တော့ ကိုယ်ဝန်ဆိပ်တက်ခြင်းအကြိုအဆင့် (Pre-eclampsia) ဖြစ်နိုင်လို့ နီးစပ်ရာဆေးခန်းပြသပြီး စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ဖောရောင်တာဖြစ်တဲ့အခါ ပိုဆိုးမလာစေရန်နဲ့ သက်သာလျော့ပါးစေရန် အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

– အချိန်အကြာကြီးမတ်တပ်ရပ်နေခြင်းကိုရှောင်ပါ။

– နေတအားပူတဲ့အချိန် အပြင်ထွက်ခြင်းကိုရှောင်ပါ။

– အရိပ်ရအေးမြတဲ့နေရာမှာပဲနားနေသင့်ပါတယ်။

– ထိုင်တဲ့အခါမှာ ခြေထောက်ကိုဆန့်ထိုင်ပြီး ခြေထောက်အောက်မှာ ခုံအပုလေးခုထားပါ။

– သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုစီးပါ။ဒေါက်ဖိနပ်တွေ၊ဖိနပ်အမြင့်တွေမစီးပါနဲ့။

– ခပ်ပွပွအဝတ်အစားများကိုပဲဝတ်ဆင်ပါ။ကျပ်လွန်းတဲ့ အကျီ၊ဘောင်းဘီ လိုမျိုးတွေဝတ်ဆင်ခြင်းကို ရှောင်ပါ။

– ဆားဓါတ်နဲ့ ကဖင်းဓါတ် များတဲ့အစားအသောက်တွေကို လျှော့စားသောက်ပါ။

– ဟင်းသီးဟင်းရွက်များများစားပြီး ရေများများသောက်ပါ။ဟင်းသီးဟင်းရွက်များများစားပြီး ရေများများသောက်ခြင်းဖြင့် ဆီးချုပ် ဝမ်းချုပ်ကင်းစေကာ ဆီးမှန်ဝမ်းမှန်စေတာကြောင့် ခန္ဓာကိုယ်တွင်းရှိ မလိုအပ်တဲ့အညစ်အကြေးနဲ့အဆိပ်တောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

– နေ့စဉ် နေအေးတဲ့အချိန်မှာ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတခုခုကို ပုံမှန်လုပ်ပေးပါ။(ရေကူးတာ၊လမ်းလျှောက်တာ စသဖြင့်ပါ။)

– ဖောရောင်နေတဲ့နေရာတွေကို ရေခဲဝတ်၊ ရေခဲဗူးကပ်ပေးခြင်းဖြင့် ဖောရောင်တာလျော့ပါးသက်သာစေနိုင်ပါတယ်။

– Stocking ခေါ် ခြေအိတ်ရှည်များဝတ်ဆင်ခြင်းဖြင့်လည်း ခြေထောက်တွေဖောရောင်တာကို သက်သာလျော့ပါးစေနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ