အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

ရေမွှာရည်ဆိုတာ သန္ဓေသားလေးအသက်ရှင်ဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ရေမွှာရည်ဟာ သန္ဓေသားပြင်ပထိခိုက်မှုဒဏ်တွေကနေကာကွယ်ပေးပါတယ်။(ဥပမာ ကိုယ်ဝန်ဆောင်မိခင်ဗိုက်ကို မတော်တဆ တခုခုနဲ့ထိခိုက်မိတဲ့အခါမှာ ဖြစ်လာတဲ့သက်ရောက်မှုအားကို အတတ်နိုင်ဆုံး သန္ဓေသားဆီမသက်ရောက်အောင်ကာကွယ်ပေးပါတယ်။)

လရင့်လာတာနဲ့အမျှ ဗိုက်ထဲမှာ သန္ဓေသားလေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် ရေမွှာရည်ကြောင့် လွယ်ကူလွပ်လပ်စွာ လှည့်လည်လှုပ်ရှားနိုင်ပါတယ်။

ဒါ့အပြင် သန္ဓေသားရဲ့ခြေလက်တွေကြွက်သားတွေအဆုတ်တွေနဲ့အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါပါတယ်။

သန္ဓေစတည်ပြီးနောက် ၁၂ရက်လောက်အကြာမှာ ရေမွှာအိတ်စဖြစ်လာပါတယ်။ရေမွှာအိတ်စဖြစ်တာနဲ့ ရေမွှာရည်ကိုစထုတ်ပေးပါတယ်။

အကြောင်းတခုခုကြောင့် ရေမွှာရည်ထဲကို ဘက်တီးရီးယားပိုးတွေဟာ မိခင်သွေးထဲမှတဆင့် သို့မဟုတ် မိန်းမကိုယ်၊သားအိမ်ခေါင်း၊မွေးလမ်းကြောင်း၊စအိုမှတဆင့် ဝင်ရောက်ကူးစက်တဲ့အခါမှာ ရေမွှာရည်ပိုးဝင်ခြင်း ဖြစ်လာပါတယ်။

ဆေးပညာအရတော့ Chorioamnionitis သို့မဟုတ် Amnionitis သို့မဟုတ် Intra-amniotic infection လို့ ခေါ်ကြပါတယ်။

ရေမွှာရည်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့

တကိုယ်ရေသန့်ရှင်းမှုအားနည်းတာ

လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါရှိတာ

ကလေးမွေးချိန်ကြာတာ၊ရေမွှာရည်ပေါက်ပြီး ကလေးချက်ချင်းမမွေးနိုင်တာ

ဆေးလိပ်သောက်တာ၊အရက်သောက်တာ၊မူးယစ်ဆေးသုံးတာ

မိန်းမကိုယ်ထဲကို စမ်းသပ်တဲ့အခါမှာ လက် သို့မဟုတ် ကိရိယာက သန့်ရှင်းမှုမရှိတာ

စသဖြင့်ဖြစ်ပါတယ်။

ရေမွှာရည်ပိုးဝင်တဲ့အခါမှာ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့

ဖျားတာ

မိန်းမကိုယ်ကနေ အနံ့မကောင်းတဲ့အရည်တွေဆင်းတာ

ဗိုက်၊ဆီးစပ်တွေကိုက်တာနာတာ

စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင် ရေမွှာရည်ပိုးဝင်တာ ဟုတ်မဟုတ်သေချာသိရအောင် ဆရာဝန်နဲ့ပြသစမ်းသပ်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ အမေ့ရဲ့သွေးကိုစစ်တာ၊ရေမွှာရည်ကိုယူစစ်တာ၊အာထရာဆောင်းရိုက်တာစတာတွေလုပ်ရနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးကြည့်လို့ ရေမွှာရည်ပိုးဝင်တာဆိုရင် ဆရာဝန်နဲ့ပြသပြီးသေချာကုဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ရေမွှာရည်ပိုးဝင်တာဟာ ကလေးရော အမေရောကိုပါ ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

အမေအနေနဲ့ဆိုရင် သားအိမ်နံရံပိုးဝင်ရောင်ရမ်းတာ၊အဆုတ်နဲ့တင်ပဆုံမှာသွေးခဲခြင်းဖြစ်တာ၊မီးဖွားချိန်မှာ သွေးအလွန်အကျွံဆင်းတာ၊သွေးဆိပ်သင့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သလို

ကလေးအနေနဲ့ဆိုရင်လည်း

လမစေ့ဘဲမွေးတာ၊ဦးနှောက်အမြှေးရောင်တာ၊အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေပါလာတာ၊သွေးဆိပ်သင့်တာ တွေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ပိုးသတ်ဆေး(Antibiotics)တွေသောက်တာ၊ထိုးတာတွေ လုပ်ရနိုင်ပါတယ်။ဒီလိုတွေလုပ်လို့မသက်သာဘူးဆိုရင် ဆေးရုံတက်ရတာ၊ ကလေးကိုလစေ့တဲ့အထိမစောင့်ဘဲ စောမွေးရတာ မျိုးတွေလည်းလုပ်ရနိုင်ပါတယ်။

မွေးလာတဲ့ကလေးကိုလည်း ပိုးသတ်ဆေးပေးပြီး ကုသရတာမျိုးလည်းရှိတတ်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ