ဗိုက်ခွဲမွေးဖူးတဲ့အမျိုးသမီးတွေ  နောက်တကြိမ်ရိုးရိုးမွေးလို့ရမလား

ဗိုက်ခွဲမွေးဖူးတဲ့ အမျိုးသမီးတွေ နောက်တကြိမ်ရိုးရိုးမွေးလို့ရမလား

ဒီမေးခွန်းဟာ တခါဗိုက်ခွဲမွေးထားတဲ့အမျိုးသမီးတွေ နောက်တကြိမ်ကိုယ်ဝန်ရှိတဲ့အခါ အမေးများတဲ့မေးခွန်းဖြစ်ပါတယ်။

ဒီမေးခွန်းဟာဖြေရခက်ပါတယ်။ ဘာလို့လဲဆိုတော့ တခါဗိုက်ခွဲမွေးထားရင် နောက်တကြိမ်ကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ရမရဆိုတာ အောက်ပါအချက်တွေပေါ်မူတည်လို့ပါ။

၁။ အရင်တခါကခွဲမွေးခဲ့ရတဲ့အကြောင်း

အရင်ကိုယ်ဝန်ဆောင်စဉ် သွေးတိုးလို့၊ အချင်းရှေ့ရောက်လို့ ခွဲခဲ့ရတာမျိုးဆိုရင် ခုကိုယ်ဝန်မှာ ဒါတွေကဖြစ်ချင်မှ ဖြစ်မှာဖြစ်တဲ့အတွက် ခုကိုယ်ဝန်က ရိုးရိုးမွေးလို့ ရနိုင်ခြေ များပါတယ်။

သို့သော် တင်ပဆုံရိုးကွင်းက ကျဉ်းလို့ခွဲမွေးခဲ့ရတာဆိုရင်တော့ ခုကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ခွဲမွေးရဖို့များပါတယ်။ ဘာလို့လဲဆိုတော့ တင်ပဆုံရိုးကွင်းက ကျယ်လာနိုင်စရာအကြောင်းမရှိလို့ပါ။

၂။ ဘယ်အချိန်မှာခွဲမွေးခဲ့တာလဲ

နေ့စေ့လစေ့လို့ခွဲမွေးတာလား သို့မဟုတ် အကြောင်းတခုခုကြောင့် လမစေ့ဘဲနဲ့ခွဲမွေးလိုက်ရတာလား ကိုဆိုလိုတာပါ။

နေ့စေ့လစေ့လို့ ခွဲမွေးရတာဆိုရင် ခွဲတဲ့အမာရွတ်က ချက်အောင် ဆီးခုံနေရာမှာ အလျားလိုက်ရှိတဲ့အမာရွတ် (LSCS scar) ဖြစ်ဖို့များပြီး လမစေ့ဘဲနဲ့ခွဲမွေးတာဆိုရင်တော့ ခွဲတဲ့အမာရွတ်က ချက်နေရာမှာ ဒေါင်လိုက်ဖြတ်ရှိတဲ့ အမာရွတ် (Classical scar) ဖြစ်ဖို့များပါတယ်။

ခွဲတဲ့အမာရွတ်က ချက်နေရာမှ ဒေါင်လိုက်ဖြတ်ရှိတဲ့အမာရွတ် (Classical scar) ဖြစ်ရင်တော့ ခုကိုယ်ဝန်မှာ ခွဲမွေးရဖို့များပြီး ဆီးခုံနေရာမှာ အလျားလိုက်ရှိတဲ့အမာရွတ် (LSCS scar) ဆိုရင်တော့ ခုကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ ရနိုင်ခြေများပါတယ်။

၃။ အရင်တခါ ခွဲမွေးတုန်းက မီးတွင်းကာလအခြေအနေ

အရင်မီးတွင်းကာလမှာ ဖျားတာ၊ ခွဲတဲ့ဒဏ်ရာကနေ ပိုးဝင်တာတွေရှိခဲ့ရင် ခွဲတဲ့အမာရွတ်က ကောင်းကောင်းမကျက်တာ ဖြစ်နိုင်ပါတယ်။ အဲ့လိုဖြစ်ရင်ကျ ခုကိုယ်ဝန်မှာ ရိုးရိုးမွေးလို့မရႏုိင်ဘဲ ခွဲမွေးရနိုင်ခြေများပါတယ်။

၄။ လက်ရှိကိုယ်ဝန်အခြေအနေ

လက်ရှိကိုယ်ဝန်မှာ ကလေးကတယောက်တည်းမဟုတ်ဘဲ အမြွှာဖြစ်နေတာ၊ ကလေးကကြီးနေတာ၊ အမေက သွေးတအားတိုးနေတာ၊ ကလေးအနေထားက ခေါင်းအောက်စိုက်မဟုတ်ဘဲ တင်ပဆုံစိုက်အနေအထားဖြစ်နေတာ၊ အချင်းရှေ့ရောက်နေတာ စသဖြင့် မူမမှန်တာတွေရှိရင် ခုကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရင်ခွဲထားတဲ့အမာရွတ်ကနာတာရှိရင် ခွဲမွေးရနိုင်ခြေများပါတယ်။

အဲ့လိုတွေမရှိဘူးဆိုရင်တော့ ရိုးရိုးမွေးနိုင်ခြေများပါတယ်။

ခုဖော်ပြပါ ၄ ချက်ထဲက ခွဲမွေးရနိုင်ခြေများတဲ့ အချက်တွေမရှိဘဲ ရိုးရိုးမွေးနိုင်ခြေများတဲ့အချက်တွေနဲ့ပြည့်စုံရင်

(ဆိုလိုတာက အရင်တခါခွဲရတာကလည်း တင်ပဆုံရိုးကွင်းကျဉ်းလို့မဟုတ်၊ ခွဲတာကလည်းနေ့စေ့လစေ့၊ ခွဲတဲ့အမာရွတ်ကလည်း ချက်အောက်မှာ အလျားလိုက်အမာရွတ် (LSCS scar)၊ အရင်မီးတွင်းကာလမှာလည်း ဖျားတာ၊ ခွဲတဲ့ဒဏ်ရာပိုးဝင်ခဲ့တာမရှိ၊ ခုကိုယ်ဝန်မှာ
ကလေးကလည်း တယောက်တည်း၊ ကလေးအရွယ်အစားကြီးနေတာ၊ အချင်းရှေ့ရောက်နေတာ၊ တင်ပဆုံစိုက်နေတာ စသဖြင့်လို မူမမှန်တာတခုခုလည်းမရှိဘူးဆိုရင်) ခုကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ရပါတယ်။

သို့သော် အောင်မြင်မယ်လို့ သေချာပြောမရပါဘူး။ မအောင်မြင်တာလည်းဖြစ်နိုင်ပါတယ်။ ၇၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်နိုင်ခြေ ရှိပါတယ်။

ဒါ့အပြင် အရေးကြီးဆုံးတချက်က အရင်တခါ ခွဲစိတ်ဖူးတဲ့ အမျိုးသမီးတွေဟာ ခုကိုယ်ဝန်မှာ
ရိုးရိုးမွေးနိုင်တဲ့ အချက်တွေနဲ့ ကိုက်ညီလို့ ရိုးရိုးမွေးလို့ရတယ်ဆိုရင်တောင် အိမ်မှာလက်သည်နဲ့ မွေးလို့မရပါဘူး။

ဆေးရုံတက်မွေးဖို့ လိုကိုလိုပါတယ်။ ဆေးရုံတောင်မှ အိုဂျီရှိပြီး ခွဲစိတ်ခန်း ခွဲစိတ်ကိရိယာ စမ်းသပ်စစ်ဆေးတဲ့ ကိရိယာပြည့်ပြည့်စုံစုံရှိ၊ သွေးသွင်းဖို့ပြည့်ပြည့်စုံစုံရှိ၊ အကူဆရာဝန်တွေလုံလုံလောက်လောက်ရှိသော ဆေးရုံမျိုးကို တက်မွေးဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ရိုးရိုးမွေးနေစဉ်မှာ အခန့်မသင့်ရင် အရင်ခွဲတဲ့ အမာရွတ်နေရာကနေ ကွဲထွက်ပြီး သားအိမ်ကွဲတာ (Uterine Rupture) ဖြစ်နိုင်လို့ပါ။ အဲ့အခါကျ အချိန်မှီမခွဲနိုင်ရင် ကလေးအဖတ်မတင်တာ၊ သွေးဆင်းများပြီး သားအိမ်ထုတ်ရတာ၊ အမေပါ အသက်အန္တရာယ်ထိခိုက်တာတွေ ဖြစ်နိုင်လို့ပါ။

ဒါကြောင့် အဆုံးသတ်အနေနဲ့ပြောရရင် တခါခွဲဗိုက်ခွဲမွေးတဲ့သူတွေ နောက်တခါကိုယ်ဝန်ဆောင်တဲ့အခါ ရိုးရိုးမွေးနိုင်ခြေများတဲ့အချက်တွေနဲ့ကိုက်ညီလို့ ရိုးရိုးမွေးမယ်ဆိုရင် ဆေးရုံတက်မွေးပါလို့ အလေးအနက်ထားအကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ