HIV အမေ ကလေးယူလို့ရလား

 

HIV အမေ ကလေးယူလို့ရလား

အိမ်ထောင်ရယ်လို့ ဖြစ်လာရင် ချက်ချင်း သားသမီး မယူဖြစ်သေးရင်တောင် တစ်ချိန်ချိန်မှာ သားသမီး ယူဖို့ အစီအစဉ်ရှိတတ်ကြပါတယ် ပုံမှန်အိမ်ထောင်သည်တွေမှာတင်မကဘဲ တစ်ချို့သောရောဂါရှိနေသူတွေမှာပါ ဒီလိုစိတ်ကူးမျိုး ရှိတတ်ပါတယ် ။
ဒီထဲမှာမှ HIV ရောဂါပိုးရှိနေတဲ့သူတွေမှာရော သားသမီးယူလို့ ရမရဆိုတာနဲ့ ပက်သက်ပြီး ဆောင်းပါးလေး ရေးပေးတာပါ ။
HIV ဗိုင်းရပ်စ် ပိုးက ကိုယ်ခန္ဓာရဲ့ ခုခံအားကို ကျဆင်းစေတတ်တဲ့ ရောဂါပါ HIV ရောဂါရှိတဲ့သူတွေမှာ ကိုယ်ဝန်ဆောင်မယ်ဆို ကျန်းမာရေးအတွက်ကြည့်ရမယ့်သူက အမေရော ကလေးရောပါ ။
HIV ပိုးရှိနေတဲ့ အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ ကလေးမယူရဘူးလို့ မသတ်မှတ်ထားပါဘူး ဒါပေမယ့် ကလေးမယူခင်မှာတော့ မိမိရဲ့ကျန်းမာရေးအခြေအနေကို ကြိုတင်ပြင်ဆင်သင့်ပါတယ် ကိုယ်ဝန်ဆောင်ကာလဆိုတာ အရမ်းဂရုစိုက်ရပါတယ် ဒီကြားထဲကမှာ ကိုယ်ဝန်ဆောင်အမေက HIV ပိုးရှိတယ်ဆိုရင် ကိုယ်ဝန်တောက်လျှောက် အမေရောကလေးရော ကျန်းမာဖို့ အဖက်ဖက်က ကြိုတင်ပြင်ဆင်ရပါမယ် ။
HIV ပိုးရှိနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ကိုယ်ဝန်မဆောင်ခင်မှာ မိမိရဲ့ HIV ဗိုင်းရပ်စ်ပိုးကောင်ရေနဲ့ CD4 လို့ခေါ်တဲ့ ရောဂါခုခံအားလေးကိုတော့ ကြိုတင်စစ်ဆေးထားဖို့လိုပါတယ် ပိုးကောင်ရေများနေတာတို့ CD4 count နည်းနေတာတို့ဆိုရင် ကိုယ်ဝန်မယူခင်မှာ ဆေးသေချာကုဖို့ လိုပါတယ် ။
CD 4 Count ၂၀၀ အောက်နည်းနေတယ်ဆိုရင် HIV ကနေ AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ ရောဂါလို့ သတ်မှတ်ထားပါတယ် ဒီလိုအခြေအနေဆိုရင်တော့ ချက်ချင်းကြီးကိုယ်ဝန်ဆောင်လိုက်ဖို့ မဖြစ်သင့်ပါဘူး AIDS ရောဂါအဆင့်ရောက်ပြီဆိုရင် ကိုယ်ခန္ဓာမှာ ခုခံအားတွေကျဆင်းနေပြီဖြစ်တာကြောင့် အပြင်ကရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ် ပိုးသတ်ဆေးပြင်းတာတွေလည်း သောက်ဖို့လိုတဲ့ အခြေအနေဖြစ်နေတာကြောင့် CD4 အရမ်းနည်းနေရင်တော့ ကိုယ်ဝန်ဆောင်ဖို့ကို ဆရာဝန်တွေက တားမြစ်မှာပါ ။
HIV ရှိတဲ့သူတစ်ယောက်အနေနဲ့ ဗိုင်းရပ်စ်ပိုးကောင်ရေလည်း နည်းမယ် CD4 Count လေးလည်း များတယ်ဆိုရင်တော့ ကိုယ်ဝန်ယူမယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးယူလို့ရပါတယ် ။
ပုံမှန်အားဖြင့် HIV ရောဂါရှိသူတွေမှာ CD 4 ကိုမကြည့်ဘဲ ဆေးပေးလို့ရပေမယ့် ဆေးလိုအပ်ချက်အရတော့ CD4 count ၃၅၀ အောက်ဆိုရင် ART စပေးတတ်ကြတယ် HIV အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်ဝန်မရခင်တည်းက ART ဆေးကြိုသောက်နေရတာလည်း ဖြစ်နိုင်တယ် ဆေးမသောက်ဘဲ ပုံမှန်ရက်ချိန်းပြနေရတာလည်း ဖြစ်နိုင်တယ် ဆေးသောက်နေတဲ့သူတွေကတော့ကိုယ်ဝန်ရသွားလည်း ဆေးတောက်လျှောက်ဆက်သောက်ရမှာပါ ဆေးမသောက်ရသေးတဲ့သူတွေအနေနဲ့တော့ ကိုယ်ဝန် ၂၄ပတ် ရောက်လာပြီဆိုရင် CD4 count ကို မကြည့်ဘဲ ART ဆေးစသောက်ဖို့လိုပါတယ် မွေးတဲ့အထိတောက်လျှောက်သောက်ပေးရမှာပါ ။
တစ်ချို့အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ရှိလို့ ဆေးစစ်ရင်းမှာ HIV ရှိနေတာမျိုးလည်း ရှိတတ်တယ် ဒီလိုအခြေအနေဆိုလည်း သားဖွားမီးယပ်ဆရာဝန်ဆွေနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ် ကိုယ်ဝန်ကာလ ၂၄ ပတ်မှာလည်း ART ဆေးစသောက်ဖို့ လိုပါတယ် ။
HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးရုံရက်ချိန်းတိုင်းသေချာပြဖို့လိုပါတယ် ကျန်းမာရေးပြဿနာတစ်ခုခုကြုံတိုင်းလည်း ဆရာဝန်တွေ သေချာပြပြီးကုသမှုခံယူဖို့လိုပါတယ် ။
ကလေးမွေးတဲ့ အခါမှာလည်း ဆေးရုံမှာ မွေးတာက ကလေးရော အမေရောအတွက် စိတ်ချရပါတယ် မွေးတဲ့အခါမှာတော့ ခွဲမွေးခြင်းက ရိုးရိုးမွေးခြင်းထက် ကလေးကို HIV ကူးနိုင်ချေ လျှော့ချပေးပါတယ် ဗိုင်းရပ်စ်ပိုး များနေတယ်ဆိုရင်တော့ မဖြစ်မနေ ခွဲမွေးဖို့လိုပါတယ် ။
ကလေးလေးမွေးပြီးတဲ့အခါလည်း ကလေးကို HIV ပိုးကူးနိုင်ချေလျော့နည်းစေဖို့အတွက် ဆေးတိုက်ဖို့ လိုပါတယ် မွေးစကနေ လေးပတ်အထိ တိုက်ရပါတယ် အမေနို့တိုက်ခြင်းနဲ့ နို့ဗူးတိုက်ခြင်းတွေမှာတော့ အခုနောက်ပိုင်းမှာ နို့ဗူးတိုက်ခြင်းကို ပိုအားပေးလာကြပါတယ် နှစ်မျိုးစလုံးရောတိုက်လို့တော့ မရပါဘူး ။
မွေးလာတဲ့ ကလေးကို ဆေးလေးပတ်တိုက်ပြီးတဲ့အခါ HIV ပြန်စစ်ပေးဖို့ လိုပါတယ် အဖြေပေါ်ကြည့်ပြီး ကလေးမှာ HIV ရှိမရှိကို ဆုံးဖြတ်ပေးမှာပါ HIV ရှိနေတဲ့ အမေကတော့ ဆေးတောက်လျှောက်ဆက်သောက်ဖို့ လိုပါတယ် ဆေးလည်းသောက်ရင်း ပိုးကောင်ရေနဲ့ CD4 count စစ်ရင်းပဲ HIV ကို ဆက်ကုနေရမှာပါ ။
ဒါဆိုရင်တော့ HIV ရှိတဲ့ အမျိုးသမီးတစ်ယာက်အနေနဲ့ ကလေးယူလို့ရမရဆိုတာ နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ။

Dr. CST

ဆက်စပ် ဆောင်းပါးများ