ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ

ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ

ယောက်ျားဖောင်စီး မိန်းမ မီးနေဆိုသည့် စကားရှိသည့်အတိုင်း ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းသည် အသက်အန္တရာယ်ပင် ရှိနိုင်သည့် အနေအထားဖြစ်သည်။ သတိတစ်ချက် မရှိလိုက်၍ ယခင်က အကောင်းပကတိ ကျန်းမာနေသည့် မိခင်လောင်းသာမက လူ့လောကထဲတောင် ရောက်မလာသေးသည့် သန္ဓေသားကိုပါ ဆုံးရှုံးရခြင်းသည် လုံးဝ မဖြစ်သင့်သော ကိစ္စဖြစ်သည်။ ဒီလိုကြမ္မာဆိုးမျိုးကို ဆောင်ကျဉ်းပေးနိုင်စွမ်းသူကတော့ ကိုယ်ဝန်ဆိပ်ဟု ခေါ်သည့် ကိုယ်ဝန်ဆောင်စဉ် ရသည့်ရောဂါ ဖြစ်သည်။ ဆိုးရွားလွန်း၍သာ အဆိပ်အတောက်နှင့် နှိုင်းယှဉ် ခေါ်ဝေါ်ခဲ့ဟန်ရှိသည်။ ဆေးပညာအခေါ်ကတော့ Eclampsia ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို ပြသနိုင်သည့် ကိန်းဂဏန်းများတွင် (health status indicators) မိခင်သေနှုန်း (MMR – maternal mortality rate) နှင့် တစ်နှစ်အောက်ကလေးသေနှုန်း (IMR – infant mortality rate) များက ထိပ်ဆုံးမှပါသည်။ မြန်မာနိုင်ငံ၏ MMR နှင့် IMR များ ကျဆင်းရန် များစွာကြိုးစား လုပ်ဆောင်ရဦးမည်။ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်းသည် ထိုနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူထု၏ ခံယူချက်နှင့် လုပ်ရပ်များပေါ်တွင် များစွာမူတည်သည်။ ငြိမ်းချမ်းရေးရှိမှသာ ကာကွယ်ရေး အသုံးစရိတ်လျှော့၍ ကျန်းမာရေး အသုံးစရိတ်မြှင့်တင်နိုင်မည်။ လူတိုင်းလူတိုင်း အလုပ်ကြိုးစားပြီး အခွန်ဆောင်မှသာ အစိုးရက ကျန်းမာရေး အသုံးစရိတ် ပြန်သုံးပေးနိုင်မည်။ လူတိုင်းလူတိုင်း စာဖတ်မှသာ ကျန်းမာရေးအသိတိုးပွားပြီး ရောဂါကာကွယ်ရေးကို ပြုလုပ်နိုင်မည်။

ကိုယ်ဝန်ဆောင်ကာလ တစ်ဝက်ကျော်မှစပြီး ဖြစ်နိုင်ခြေရှိသည့် ရောဂါဖြစ်သည်။ မိခင်လောင်းအတွက်သာမက သန္ဓေသားအတွက်ပါ အလွန်အန္တရာယ်ကြီးသော ရောဂါဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်တွင် သွေးပေါင်တက်ခြင်းအပြင် ဆီးထဲတွင် protein အသားဓာတ်များ စိမ့်ထွက်ခြင်း၊ သွေးကျဲ သွေးမခဲ၍ သွေးထွက်လွန်နိုင်ခြင်း၊ အသည်းကိုထိခိုက်နိုင်ခြင်းများအပြင် နောက်ဆုံး အကြောဆွဲ တက်ခြင်းအထိ (convulsion) ဖြစ်နိင်ပါသည်။ သန္ဓေသားတွင်လည်း အစာနှင့် အောက်ဆီဂျင် အရနည်း၍ ဖွံ့ဖြိုးမှုနည်းခြင်း၊ မကျန်းမာခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

ကိုယ်ဝန်ဆောင် ဆယ်ယောက်မှာ တစ်ယောက် ဖြစ်နိုင်တဲ့အထိ များနိုင်ပါသည်။ ပထမကိုယ်ဝန်ဖြစ်လျှင် ပိုဖြစ်နိုင်ပြီး ယခင်ကဖြစ်ဖူးလျှင် နောက်ကိုယ်ဝန်တွင် ထပ်ဖြစ်နိုင်ပါသည်။

အပတ်၂၀ ကျော်မှစတင် ဖြစ်နိုင်သော်လည်း ကိုယ်ဝန်ပိုမိုရင့်သည့် အပတ်များရောက်မှသာ အတွေ့ရပိုများသည်။ မွေးပြီး ရက်အနည်းငယ်အထိတိုင် ဖြစ်နိုင်ခြေရှိသည်။ မွေးပြီး ၇ ရက်ကျော်လျှင် ဖြစ်နိုင်ခြေ မရှိတော့သလောက်ဖြစ်သည်။

ရာခိုင်နှုန်းအများစုကတော့ သိပ်မပြင်းထန်သော်လည်း အနည်းစုက အလွန်ပြင်းထန်နိုင်ပြီး မိခင်နှင့်ကလေး အသက်အန္တရာယ်ပြုသည့်အထိ ဆိုးရွားနိုင်သည်။

ပထမကိုယ်ဝန်၊ ကိုယ်ဝန်ဆောင်၏ အသက် သိပ်ငယ်လွန်း၊ သိပ်ကြီးလွန်းလျှင်၊ ယခင်က ဖြစ်ဖူးလျှင်၊ အမွှာကိုယ်ဝန်၊ မူလရှိရင်း ရောဂါများ ရှိလျှင် (သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ SLE – လိပ်ပြာပုံ အနီကွက် မျက်နှာပေါ်တွင်ရှိ)၊ မျိုးရိုးတွင်ဖြစ်ဖူးခြင်းရှိသူများတွင် အဖြစ်များတတ်ပါတယ်။

ထိုအချက်များရှိလျှင် ပိုဖြစ်နိုင်ပြီး မရှိလျှင်လည်း မည်သည့်ကိုယ်ဝန်တွင်မဆို ဖြစ်နိုင်ခြေ အနည်းငယ်ရှိသေးသည်။

သန္ဓေသား အသက်ရှင်နေထိုင်နိုင်ရန် အခြင်းသို့ မိခင်သွေး ကောင်းကောင်းရောက်ရန်လိုသည်။ ကိုယ်ဝန်ဆိပ်ရောဂါတွင် သားအိမ်မှ အခြင်းသို့ သွေးလှည့်ပတ်မှု နည်း၍ အခြင်းမှ အဆိပ်အတောက်ဖြစ်စေသည့် ဟော်မုန်းများ ထွက်လာပြီး မိခင်လောင်းကိုယ်တွင်း ပြန်ရောက်သွားစေ၍ ဖြစ်သည်။ ထိုဟော်မုန်းများကြောင့် မိခင်လောင်း၏ ဦးနှောက်၊ နှလုံးနှင့်သွေးကြော၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ သွေး စနစ်များကို ထိခိုက်စေသည်။ ထို့အပြင် အခြင်းသို့သွေးလှည့်ပတ်မှုကိုပါ ထိခိုက်စေ၍ ရောဂါဆိုးသထက်ဆိုးလာသည်။

အစပိုင်းမှာ သွေးပေါင်တက်ရုံ၊ ဆီးထဲ protein ပါရုံကလွဲ၍ ဘာမှမပြပါ။ ဒါကြောင့် စောစောသိဖို့ဆိုလျှင် ကိုယ်ဝန်အပ်ဖို့နှင့် သတ်မှတ်ထားသည့်အတိုင်း ကိုယ်ဝန်ပုံမှန်ပြဖို့ (မွေးမည့်ရက်နီးလေ ပြရပိုစိပ်လေ) အထူးအရေးကြီးသည်။ ကိုယ်ဝန်ပြတိုင်း သွေးပေါင်ချိန်ရန်၊ ဆီးထဲ protein ပါမပါ dipstick (ရောင်စုံ စက္ကူကပ်တံဖြင့် ဆီးအမြန်စစ်ခြင်း) ဖြင့်စစ်ခြင်းများကို မဖြစ်မနေ လုပ်ဆောင်ရမည်။ သားဖွားဆရာမက မေ့နေလျှင် ကိုယ်ကသတိပေးရမည်။ ရောဂါစတင်နေပြီဟု ယူဆလျှင် သွေးစစ်ခြင်းလည်း ပြုလုပ်နိုင်သည်။

ဖောရောင်ခြင်းက ကိုယ်ဝန်တိုင်းလိုလိုတွင် ရှိတတ်၍ ဖောတိုင်းရောင်တိုင်း ကိုယ်ဝန်ဆိပ် စဖြစ်နေပြီဟု မပြောနိုင်ပါ။ အလွန်အမင်း အလျင်အမြန် ဖောရောင်လာလျှင်တော့ သားဖွားဆရာမ (သို့) ဆရာဝန်ဆီ ပြန်သွားပြပါ။

အလွန်ပြင်းထန်သည့် နောက်ဆုံးအဆင့်များအထိ ရောက်လာလျှင်တော့ ခေါင်းအလွန်အမင်းကိုက်ခြင်း၊ အမြင်အာရုံ မကောင်းတော့ခြင်း (လျှပ်မီးများ၊ အမည်းကွက်များ မြင်ခြင်း၊ ဝေဝါးခြင်း)၊ ရင်ညွန့်နား ဆက်တိုက် အလွန်နာခြင်း အောင့်ခြင်းများ ရှိလာမည်။ အချိန်မှီကုသမှုမပေးနိုင်လျှင် တစ်ကိုယ်လုံး တက်၍ သတိပါလစ်သွားပြီး အသက်အန္တရာယ်ရှိနိုင်သည်။ တက်လျှင် Eclampsia ဟုပြောင်းခေါ်သည်။

ရောဂါဆိုးလာလျှင် တစ်ခုတည်းသာရှိသော ကုသနည်းက သန္ဓေသားနှင့်အတူ အခြင်းကို မွေးပေးခြင်းဖြစ်သည်။ လမစေ့လျှင်တောင် အသက်နှစ်ချောင်း ကယ်ရန် မလုပ်မဖြစ်လုပ်ပေးရသည်။ ဆေးသွင်းမွေးဖို့ မသင့်တော်လျှင် ခွဲမွေးရသည်။

ကျေးရွာများတွင် အိမ်မှာမွေးဖို့ လုံးဝ မသင့်တော်ပါ။ ဆေးရုံတွင် မွေးရမည်ဖြစ်ပြီး အထူးကု OG လည်း ရှိလျှင် ပိုကောင်းပါသည်။ မြန်မာနိုင်ငံတွင် မိခင်သေနှုန်းမြင့်ရခြင်း အကြောင်းရင်းတစ်ခုသည် အိမ်တွင် အမွေးများကြ၍ ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းတစ်ခုသည် နားလည်တတ်ကျွမ်းသော ဆရာဝန် (သို့) သားဖွားဆရာမများနှင့် မမွေးကြ၍ ဖြစ်သည်။

အလွန်အမင်း လမစေ့လျှင် မိခင်လောင်းကို စတီးရိုက် (steroid) ထိုးပေး၍ မွေးကင်းစကလေး၏ အဆုတ်များ ရင့်ကျက်စေရန် ကြိုးစားလုပ်ဆောင်ပေးနိုင်သည်။ မွေးကင်းစ အထူးကြပ်မတ်ဆောင် (neonatal ICU) ရှိသည့် ဆေးရုံကြီးများသို့ သွားကိုသွားရမည်။

သွေးပေါင်ကျဆေးများ ပေးခြင်းသည် သွေးတိုး၍ ဦးနှောက်သွေးကြောပြတ် လေဖြတ်ခြင်း နှင့် heart failure (နှလုံးမညှစ်နိုင်တော့ခြင်း) တို့ကို ကာကွယ်ရန်သာဖြစ်ပြီး ကိုယ်ဝန်ဆိပ်ကို ပျောက်ကင်းအောင် ကုသနေခြင်းမဟုတ်ပါ။

အလွန်ဆိုးရွားလာပြီး တစ်ကိုယ်လုံးတက်ခြင်းကို ကာကွယ်ရန် (သို့) တက်နေလျှင် Magnesium drip အကြောဆေး ရှိလျှင် ပေးနိုင်သည်။ Magnesium drip သည် အလွန်အမင်း လမစေ့သည့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်ဖြစ်စေရန်အတွက်လည်း အထောက်အကူပြုသည်ဟု ယူဆရသည်။ ပေးရပြီဆိုလျှင် နာရီပိုင်းအတွင်း မွေးပေးရန် ပြင်ဆင်ရသည်။ ဆက်စောင့်ကြည့်၍ မရတော့ပါ။

ရောဂါ အရင်းအမြစ်ကိုက အခြင်းဆီ သွေးလှည့်ပတ်မှုနည်းခြင်းဖြစ်၍ သန္ဓေသားမှာ အစာအာဟာရနှင့် အောက်ဆီဂျင် အရနည်း၍ ပေါင်မပြည့်ခြင်း၊ မကျန်းမာခြင်း၊ မွေးဖွားသည့်အခါ သားအိမ်ညှစ်ဒဏ် မခံနိုင်ခြင်းများ ဖြစ်နိုင်သည်။

ကလေးအလှုပ်နည်းလျှင် မပေါ့ဆဘဲ စစ်ဆေးခံဖို့လိုသည်။ တီဗွီဓာတ်မှန် ultrasound နှင့် CTG ဟုခေါ်သော ကလေးနှလုံးခုန်တိုင်းစက်များ ရှိလျှင် သုံးနိုင်သည။်

ဆက်စပ် ဆောင်းပါးများ