ရေမွှာရည်နည်းခြင်း(Oligohydramnios)

 

ရေမွှာရည်နည်းခြင်း(Oligohydramnios)
ရေမွှာရည်ဆိုတာ သန္ဓေသားလေးအသက်ရှင်ဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ရေမွှာရည်ဟာ သန္ဓေသားပြင်ပထိခိုက်မှုဒဏ်တွေကနေကာကွယ်ပေးပါတယ်။(ဥပမာ ကိုယ်ဝန်ဆောင်မိခင်ဗိုက်ကို မတော်တဆ  တခုခုနဲ့ထိခိုက်မိတဲ့အခါမှာ ဖြစ်လာတဲ့သက်ရောက်မှုအားကို အတတ်နိုင်ဆုံး သန္ဓေသားဆီမသက်ရောက်အောင်ကာကွယ်ပေးပါတယ်။)

လရင့်လာတာနဲ့အမျှ ဗိုက်ထဲမှာ သန္ဓေသားလေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် ရေမွှာရည်ကြောင့် လွယ်ကူလွပ်လပ်စွာ လှည့်လည်လှုပ်ရှားနိုင်ပါတယ်။

ဒါ့အပြင် သန္ဓေသားရဲ့ခြေလက်တွေကြွက်သားတွေအဆုတ်တွေနဲ့အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါပါတယ်။

သန္ဓေစတည်ပြီးနောက် ၁၂ရက်လောက်အကြာမှာ ရေမွှာအိတ်စဖြစ်လာပါတယ်။ရေမွှာအိတ်စဖြစ်တာနဲ့ ရေမွှာရည်ကိုစထုတ်ပေးပါတယ်။

အစပိုင်းမှာ မိခင်ဆီကနေ ရတဲ့ရေကနေ ရေမွှာရည်ဖြစ်လာပါတယ်။ကိုယ်ဝန်အပတ်နှစ်ဆယ်နောက်ပိုင်းမှာတော့ သန္ဓေသားရဲ့ကျောက်ကပ်ဖွံ့ဖြိုးလာပြီး သန္ဓေသားရဲ့စွန့်ထုတ်လိုက်တဲ့ဆီးကနေပါ ရေမွှာရည်ဖြစ်လာပါတယ်။တနည်းအားဖြင့်ပြောရရင် ရေမွှာရည်ထဲမှာရေတင်မဟုတ်ဘဲ သန္ဓေသားရဲ့ဆီးပါပါလာပါတယ်။

ရေမွှာရည်ပမာဏဟာ ကိုယ်ဝန်လအနုအရင့်ပေါ်မှုတည်ပြီးပြောင်းလဲမှုရှိပါတယ်။ကိုယ်ဝန်ဒုတိယသုံးလအတွင်းမှာ များပြီး မွေးခါနီးမှာ ရေမွှာရည်ပမာဏဟာ နည်းလာတတ်ပါတယ်။

ဒါကြောင့် ရေမွှာရည်ပမာဏာ ရှိသင့်တာထက် နည်းလား များလား ဆိုတာကို အာထရာဆောင်းရိုက်ပြီး Amniotic fluid index (AFI)လို့ခေါ်တဲ့ ရေမွှာရည်ပမာဏာ ညွန်းကိန်းနဲ့တိုင်းတာတွက်ချက်ပါတယ်။

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၈ နဲ့ ၁၈ ကြားမှာရှိရင် ရေမွှာရည်ဟာပုံမှန်ပမာဏမှာရှိပြီး

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၅ အောက်ရောက်တယ်ဆိုရင်တော့ ရေမွှာရည်နည်းတယ်(Oligohydramnios)လို့ သတ်မှတ်ကာ

ရေမွှာရည်ညွန်းကိန်း(AFI) ဟာ ၂၄ ထက်ကျော်ရင်တော့ ရေမွှာရည်များတယ်(Polyhydramnios)ဆိုပြီး သတ်မှတ်ပါတယ်။

ခုတပတ်မှာတော့ ရေမွှာရည်နည်းတဲ့အကြောင်း(Oligohydramnios)ကို ရေးသားတင်ပြချင်ပါတယ်။

ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၈ရာခိုင်နှုန်း(အယောက်တရာမှာ ၈ယောက်)လောက်ဟာ ရေမွှာရည်နည်းခြင်း ပြသာနာနဲ့ကြုံရနိုင်ပါတယ်။

ရေမွှာရည်နည်းတာဟာ ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး အချိန်မရွေးဖြစ်နိုင်ပေမယ့် ကိုယ်ဝန်နောက်ဆုံး(တတိယ)သုံးလမှာ အဖြစ်များပါတယ်။

ရေမွှာရည်နည်းရတဲ့အကြောင်းရင်းအတိအကျကိုတော့ပြောရမလွယ်ပါ။

၁။သန္ဓေသားမှာ မွေးရာပါဆီးလမ်းကြောင်းစနစ် ချို့ယွင်းမှုရှိတာ

(ဥပမာ ကျောက်ကပ်တဖက် သို့မဟုတ် နှစ်ဖက်လုံးမပါတာ၊ဆီးလမ်းကြောင်းပိတ်နေတာစသဖြင့်)

၂။အချင်းကကောင်းကောင်းအလုပ်မလုပ်လို့ မိခင်ဆီကနေ သန္ဓေသားက အစာအာဟာရကောင်းစွာမရတာ

၃။အချိန်မတိုင်မှီ ရေမွှာစောပေါက်တာ

အချိန်မတိုင်မှီ ရေမွှာစောပေါက်တဲ့အခါ ဝေါခနဲဆင်းတာမျိုးရှိသလို၊တစက်စက်နဲ့ကျနေတာမျိုးလည်းရှိပါတယ်။ဘယ်လိုမျိုးပဲဆင်းဆင်း အချိန်မတိုင်ခင် ရေမွှာပေါက်ရင် ရေမွှာရည်နည်းပြီး သန္ဓေသားမှာ အန္တရာယ်ရှိနိုင်လို့ ဆေးခန်းဆေးရုံ မြန်မြန်ပြဖို့လိုပါတယ်။

၄။သတ်မှတ်ရက်ကျော်သော်လည်းမမွေးသေးတာ

ပုံမှန်ဆိုရင် ၃၉ ပတ်ကနေ ၄၁ ပတ်အတွင်းမှာ မွေးရပါတယ်။အဲ့လိုမဟုတ်ဘဲ ၄၂ပတ်ကျော်တဲ့ထိမမွေးသေးဘူးဆိုရင် အချင်းကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် ရေမွှာရေနည်းပြီး သန္ဓေသားအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်သတ်မှတ်ရက်(ခန့်မှန်းမီးဖွားရက်)ရောက်လို့မှ ဗိုက်မနာရင် ဆေးခန်းဆေးရုံပြဖို့လိုပါတယ်။

၅။မိခင်ကရေသောက်နည်းတာ၊ဆီးချိုသွေးတိုးအခံရှိတာ၊ကိုယ်ဝန်ဆောင်စဉ်သွေးဆိပ်တက်တာ

စတဲ့အကြောင်းတွေကြောင့် ရေမွှာရည်နည်းခြင်းဖြစ်နိုင်ပါတယ်။

ရေမွှာရည်နည်းတာကြောင့် ဘာတွေဖြစ်လာနိုင်သလဲ။

ရေမွှာရည်နည်းခြင်းကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေကတော့ ကိုယ်ဝန်လအနုအရင့်ပေါ်မှာမူတည်ပါတယ်။

အပေါ်မှာတခါပြောခဲ့တဲ့အတိုင်း သန္ဓေသားရဲ့ခြေလက်တွေကြွက်သားတွေအဆုတ်တွေနဲ့အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါတဲ့အတွက် သန္ဓေသားဖွံဖြိုးနေတဲ့

ပထမကိုယ်ဝန်၃လမှာ ရေမွှာရည်နည်းခြင်းဖြစ်တယ်ဆိုရင် ကလေးရဲ့ခြေလက်ကြွက်သားတွေနဲ့အင်္ဂါတွေမဖွံ့ဖြိုးနိုင်ဘဲ မျက်နှာမညီတာ၊အဆုတ်ကောင်းကောင်းမဖြစ်တာ(တခြမ်းပဲဖြစ်တာ၊အရွယ်သေးတာ)စတဲ့ မွေးရာပါချို့ယွင်းချက်တွေဖြစ်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ကလေးအသေမွေးတာတွေဖြစ်နိုင်ပါတယ်။

ဒုတိယသုံးလမှာ ရေမွှာရည်နည်းခြင်းဖြစ်တယ်ဆိုရင်တော့ သန္ဓေသားကြီးထွားမှုနည်းပြီး ပေါင်မပြည့်တဲ့ကလေးမွေးတာ၊လမစေ့ဘဲမွေးတာ၊ချက်ကြိုးက အဖိခံရပြီး ကလေးဆီအောက်စီဂျင်အရောက်နည်းတာ၊ရေမွှာရည်နောက်ကျိတာ၊ဗိုက်ခွဲမွေးရတာတွေဖြစ်နိုင်ပါတယ်။

ရေမွှာရည်နည်းခြင်းဖြစ်ပါက အိုဂျီနဲ့ပြသပြီး ချိန်းတိုင်းမှန်မှန်သွားပြပြီး ကုသမှုခံယူဖို့လိုပါတယ်။ကုသမှုတွေအနေနဲ့ကတော့ ကိုယ်ဝန်ကာလပေါ်လိုက်ပြီး စောသေးရင် စောင့်ကြည့်တာ၊မိခင်ကိုရေဓါတ် ဆားဓါတ်ဖြည့်ပေးဖို့အတွက် ရေ အရည်များများသောက်ခိုင်းတာ၊မွေးခါနီးဆိုရင် Ammiocentesis လုပ်ပြီး ဆားရည်သွင်းပေးတာ(Injection of fluid) တွေလုပ်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ ရေမွှာရည်နည်းမနည်းသိနိုင်ရန်အတွက် အာထရာဆောင်းကို ကိုယ်ဝန်ရှိစဉ်မှာ ပထမသုံးလမှာတခါ ဒုတိယသုံးလမှာတခါ တတိယသုံးလမှာတခါ အနည်းဆုံး သုံးကြိမ်လောက်တော့ရိုက်သင့်ပါတယ်။

အာထရာဆောင်းဆိုတာဟာ ကလေးက မိန်းကလေးလား ယောက်ျားလေးလားသိဖို့ရာအတွက်ပဲ တကြိမ်ပဲ ရိုက်ရတာမဟုတ်ပါဘူး လို့ အကြံပေးချင်ပါတယ်။

Dr 528

(Unicode version)

ဆက်စပ် ဆောင်းပါးများ