ကလေးတွေမှာ သူတို့ လိုအပ်တဲ့ အဟာရထက် ပိုပြီး စားတဲ့အခါ ခန္ဓာကိုယ်က သုံးဖို့ထက် ပိုနေတဲ့ ကယ်လိုရီတွေကို အဆီဆဲလ်တွေအဖြစ် ပြောင်းလဲပြီး သိုလှောင်ထားလိုက်ပါတယ်။ အဲ့လို ပိုတာတွေကို များလို့ သိမ်းဆည်းရတာတွေများလာလေလေ အဆီဆဲလ်များ ပိုမို ကြီးထွားလာပြီး ဝဖြိုးလာပါတော့တယ်။ ငယ်ရွယ်စဉ်မှာ ဝတဲ့ကလေးတွေဟာ အသက်ကြီးလာလေလေ အဝလွန်နှုန်း မြင့်တက်လာလေလေပါ။ ဒီနေ့ခေတ်မှာ မြို့ကြီးပြကြီးတွေမှာနေတဲ့ အသက် ၆နှစ်မှ ၁၁ နှစ်အတွင်း ကလေး ငါးယောက်မှာ တစ်ယောက်နှုန်းနဲ့ အဝလွန်ကလေးတွေ များလာကြပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုအကျော်ကထက် ကလေးတွေရဲ့ အဝလွန်မှုနှုန်းဟာ ယခုဆိုရင် ၅၀ ရာခိုင်နှုန်းကျော် ပိုများလာခဲ့ပြီး အဝလွန်ကလေး အရေတွက်ဟာလည်း နှစ်ဆပိုမြင့်ခဲ့ပါတယ်။ ကလေးတွေ ဘာလို့ ခုလို အဝလွန်နေကြသလဲဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ (ကယ်လိုရီများတာတွေ စားသုံးနေခြင်း) နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းနေခြင်းတွေကြောင့်ပါပဲ။ ဒါတွေကို တားဆီးဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခုချိန်မှာ သင့်ကလေးဟာ အဝလွန်နေတာပဲဖြစ်ဖြစ် ပုံမှန် ကိုယ်အလေးချိန်အတွင်းမှာ ရှိနေတာပဲဖြစ်ဖြစ် ခုဖော်ပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာပြီး နေထိုင်ရင်တော့ ပိုမို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားကောင်းသမီးမွန်များအဖြစ် ဘဝတသက်တာ လျှောက်လှမ်းနိုင်ကြမှာပါ။ (၁) သကြားပါဝင်မှုများတဲ့ ကာဗွန်နိတ်တတ် အချိုရည်များ သောက်သုံးခြင်းကို ကန့်သတ်လိုက်ပါ။ (၂) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုကျွေးပါ။ (၃) အသင့်စား စားသောက်ဆိုင်များသို့ ခဏ ခဏ သွားစားခြင်းကို ကန့်သတ်လိုက်ပါ။ (၄) TV ကြည့်ခြင်းနဲ့ အခြား IT ပစ္စည်းများ အသုံးပြုခြင်းကို တစ်နေ့ ၂ နာရီထက်နည်းအောင် ကန့်သတ်လိုက်ပါ။ (၅) ကလေးအရွယ်နဲ့ ကိုက်ညီသော လေ့ကျင့်ခန်းအချို့ကို ပြုလုပ်စေပြီး လေ့ကျင့်ခန်းမှ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြပါ။ တကယ်လို့ အဝလွန်နေပြီဆိုရင်တော့ တစ်နှစ်ကို အနည်းဆုံးတကြိမ် ကလေးဆရာဝန်ထံမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
Author – ဒေါက်တာကြယ်စင်