ကလေးများတွင် ပုံမှန်ဟန်ချက် ထိန်းနိုင်ရန် မတ်တပ်ရပ်ရာ၌ ဒူးတစ်ခုနှင့်တစ်ခု၊ ခြေမျက်စိ တစ်ခုနှင့်တစ်ခု တစ်ပြိုက်နက်ထိပြီး ရပ်နိုင်ရပါမည်။ ကလေးများ၏ ခြေဆံ လက်ဆံများရှိ အရိုးများပုံမှန် ကြီးထွားရန် တစ်ဖက်နှင့်တစ်ဖက် အလျားချင်းတူညီပြီး တင်ပါးဆုံမှ ခြေမျက်စိထိ စနစ်တကျ ဟန်ချက်ညီစွာ ဖွဲ့စည်းတည်ဆောက်ရပါမည်။
ဒူးခွင်ခြင်းနှင့် (သို့မဟုတ်) ခြေခွင်ခြင်း
ကလေးများတွင် တစ်ခါတစ်ရံ မွေးရာပါ ချို့ယွင်းချက် ရောဂါပိုးဝင်ရောက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းနှင့် အခြားတစ်မျိုးမျိုးကြောင့် ခြေထောက်ရှိအရိုးရှည်များ (ဥပမာ- ညိုသကြီးရိုး၊ ပေါင်ရိုး) ၏ ဖွဲ့စည်းတည်ဆောက်မှုသည် ဟန်ချက်၊ ပျက်ယွင်းလာပါက ဒူးခွင်ခြင်း (သို့မဟုတ်) ခြေခွင်ခြင်းများ ဖြစ်လာ တတ်သည်။
ဒူးခွင်ခြင်း၊ ခြေခွင်ခြင်းဖြစ်နိုင်မှုကို သိရှိနိုင်သော အချက်များ
ကလေးများတွင် အဖြစ်များသော ဒူးခွင်ခြင်းသည် ဒူးသည် အတွင်းဘက်သို့ ခွင်နေတတ်သည်။ ဒူးနှစ်ခု ထိပြီး ရပ်နေနိုင်သော်လည်း ခြေမျက်စိတစ်ခုနှင့်တစ်ခုထိပြီး မရပ်နိုင်ဘဲ ဖြစ်တတ်ပါသည်။
ခြေခွင်ခြင်းသည် ဒူးသည် အပြင်ဘက်သို့ ခွင်နေတတ်ပါသည်။ ခြေမျက်စိနှစ်ခုထိပြီး ရပ်နေနိုင် သော်လည်း ဒူးနှစ်ခုထိပြီး မရပ်နိုင်ဘဲ ဖြစ်တတ်ပါသည်။ ၎င်းတို့ကို ကြည့်၍ ဒူးခွင်ခြင်း ခြေခွင်ခြင်း ဖြစ်နေမှုကို သိရှိနိုင်ပါသည်။
ဒူးခွင်ခြင်း ခြေခွင်ခြင်း ဖြစ်တတ်သောအရွယ်
ကလေးငယ်တစ်ဦးသည် ပုံမှန်အားဖြင့် အသက်နှစ်နှစ်အတွင်း၌ ခြေခွင်ခြင်းဖြစ်တတ်ပါသည်။ အသက် သုံးနှစ်နှင့် ခြောက်နှစ်အရွယ်များတွင် ဒူးခွင်ခြင်းအဖြစ်များပါသည်။ ထိုအသက်အရွယ်များထက် ကျော်လွန် လာပြီး အရိုးပုံမှန်မဖြစ်ပါက ဒူးခွင်းခြင်း ခြေခွင်ခြင်း ဆက်လက်ဖြစ်ပေါ်တတ်ကြောင်း သတိထား ရပါမည်။
အရိုးအကြောဆရာဝန်များနှင့် ပြသရမည့် အခြေအနေ
မိဘများသည် မိမိကလေး ဒူးခွင်ခြင်း ခြေခွင်ခြင်းရှိပါက သိုင်းကြိုးများ၊ ဝတ်ဆင်ပေးသော်လည်း အကျိုးရှိမည်မဟုတ်ပါ။ ပုံမမှန်ခြင်း (သို့မဟုတ်) ပုံမှန်မလှုပ်ရှားနိုင်ခြင်း (သို့မဟုတ်) နာကျင်မှုရှိခြင်းများ ဖြစ်ပေါ်ပါက မပေါ့ဆဘဲ၊ အရိုးအကြော အထူးကု ဆရာဝန်များထံ ပြသရန် လိုအပ်ပါသည်။
ကုသခြင်း
ဒူးခွင်ခြင်း၊ ခြေခွင်ခြင်း ဖြစ်နေသော ကလေးတွင် ဇီဝဖြစ်စဉ်ကြောင့် ပုံစံပျက်ယွင်းခြင်းကို ဂရုတစိုက် စောင့်ကြည့် ရပါမည်။ ရောဂါဗေဒ ဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ခွဲစိတ်ကုသရပါမည်။
ခွင်နေသော အရိုးကို လိုအပ်သလောက်ဖြုတ်ပြီး အရိုးအပိုင်းအစကို လိုအပ်သလောက် ဖြည့်သွင်း ပေးခြင်း (သို့မဟုတ်) ဖယ်ထုတ်ခြင်းနှင့် အရိုးကို တည့်မတ်အောင် ပြုလုပ်ပေးနိုင်ပါသည်။ တည့်မတ်ထားသော အရိုးကို ခိုင်မြဲအောင် သတ္တုပြားနှင့် ဝက်အူတို့နှင့်ကျပ်ပြီး ကျောက်ပတ်တီး စီးပေးရပါမည်။ထို့အတူ တည့်မတ်ထားသော အရိုးကို နေသားတကျဖြစ်စေရန် အရိုးအပိုင်းအစများ အတွင်းပင် (PIN) အသုံးပြုပြီး အပြင်ဘောင်နှင့် တွဲဆက်ပေးနိုင်ပါသည်။
ရောဂါဗေဒဆိုင်ရာ ပုံစံပျက်နေသော ဒူးခွင်ခြင်း ခြေခွင်ခြင်းအတွက် ခန္ဓာကိုယ်အတွင်းသို့ အဆင့်ဆင့် ဝင်ရောက်ခွဲစိတ်ပြီး ပြုပြင်နိုင်ပါသည်။ ထို့အတူ အရိုးကြီးထွားမှုကို လမ်းညွှန်သော (8 plates) နည်းနှင့်လည်း ပြုပြင်နိုင်ပါသည်။
အကြုံပြုချက်
အရိုးနှင့် ပတ်သတ်ပြီး သံသယရှိပါက အရိုးအထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ပြသကုသ ရပါမည်။ ကလေးများတွင် မွေးရာပါ ရောဂါချို့ယွင်းခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိပါက ဒူးခွင်ခြင်း ခြေခွင်ခြင်းများဖြစ်တတ်သည်ကို သတိထားသင့်ကြောင်း အကြံပြုအပ်ပါသည်။
Credit to:
ဒေါက်တာမင်းသူရိန်
Health Care Journal (Vol-7, No-33)