အဆုတ်ကင်ဆာဆိုသည်မှာ အခြားကင်ဆာများကဲ့သို့ပင် ခန္ဓာကိုယ် အဆုတ်အတွင်းရှိဆဲလ်များထိခိုက်ပြီး ပုံစံပျက်ယွင်းခြင်းကြောင့် အဆုတ်တွင်ဖြစ်သောကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် ခန္ဓာကိုယ်သည်လိုအပ်သောဆဲလ်အရေအတွက်ကို ထိန်းထားပြီးလိုအပ်သည့်အချိန်ကျမှသာဆဲလ်အသစ်ပွားခြင်းကိုပြုလုပ်သည်။ ထိုစနစ်ကိုထိခိုက်စေသောအခါတွင်မူ ဆဲလ်ပွားခြင်း၊ ပုံမှန် မဟုတ်သောဆဲလ်များဖြစ်လာခြင်းတို့ကြောင့် Tumour (အလုံး၊ သို့မဟုတ် အကြိတ်) ဖြစ်လာစေသည်။ ကင်ဆာကြိတ်ဖြစ်ပါကလျင်မြန်စွာကြီးထွားနိုင်ပြီးစတင်ဖြစ်ပေါ်သည့်အဆုတ်အပြင်အခြား သောကိုယ်အင်္ဂါများကိုပါထိုးဖောက်ရောက်ရှိပျံ့နှံ့စေသည်။အဆုတ်ကင်ဆာဆဲလ်များအဓိကအများဆုံးပျံ့နှံ့ သည့်နေရာများမှာအသည်း၊ဦးနှောက်၊အရိုးတို့ဖြစ်သည်။အဆုတ်ကင်ဆာသည်အဆုတ်၏မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်စေနိုင်သည်။ သို့ သော် ၉၀-၉၅ ရာခိုင်နှုန်းမှာမူ လေအဝင်အထွက်ပေါက်များတွင် ကာရံထားသည့် Epithelial များတွင် အများဆုံး ဖြစ်နိုင်သည်။
အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း
အဆုတ်ကင်ဆာသည်ကမ္ဘာပေါ်တွင်လူအများဆုံးကို သေစေနိုင်သောကင်ဆာရောဂါဖြစ်သည်။ လေ့လာဆန်းစစ်ချက် များအရ အဆုတ်ကင်ဆာသည် အသက် ၆၅ နှစ်အထက်တွင် ဖြစ် ပွားမှုနှုန်းမှာ ၇၀ ရာခိုင်နှုန်းအထိရှိပြီးအသက် ၄၅ နှစ်အောက် ဖြစ်ပွားမှုနှုန်းမှာမူ ၃ ရာခိုင်နှုန်းခန့်သာရှိသည်ကိုတွေ့ရှိရသည်။
၁၉၃၀ ပြည့်နှစ်မတိုင်မီက အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ နည်းပါး သော်လည်း ဆေးလိပ်သောက်သုံးမှုနှုန်းမြင့်မားလာသည်နှင့်အမျှ ကင်ဆာဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လာခဲ့သည်။ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းလျော့နည်းစေရန်အတွက် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်စေတတ်သော နောက်ဆက်တွဲဆိုးကျိုးများကိုအသိပေး၊ ပညာပေး အစီအစဉ်များပြုလုပ်နေသော်လည်း အဆုတ်ကင်ဆာသည် အဖြစ် အများဆုံးကင်ဆာရောဂါအဖြစ် ရှိနေဆဲဖြစ်သည်။
အဆုတ်ကင်ဆာဖြစ်စေသည့်အကြောင်းအရင်းများ
ဆေးလိပ်သောက်ခြင်း
အဆုတ်ကင်ဆာဖြစ်စေသည့် အဓိကအကြောင်းအရင်း တစ်ခုဖြစ်သည်။ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း၏ ၉၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးခြင်းကြောင့်ဖြစ်သည်။ ဆေးလိပ်တွင် ဓာတု ပစ္စည်းပေါင်းလေးထောင်ကျော်ခန့်ပါဝင်ပြီး အများစုမှာ ကင်ဆာ ဖြစ်စေသည့်အမျိုးအစားများဖြစ်သည်။ ထိုအထဲတွင် Nitrosamine နှင့် Polycyclic Aromatic Hydrocarbon တို့သည်ကင်ဆာဖြစ်စေနိုင်သောအဓိက ဓာတုပစ္စည်းများဖြစ်သည်။
ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း (Passive Smoker)
Passive Smoking ၊ သို့မဟုတ် ဆေးလိပ်ငွေ့ရှူရှိုက်မိ ခြင်း၊ တစ်နည်းအားဖြင့်ဆိုသော် ဆေးလိပ်သောက်သုံးသူနှင့်အနီး ကပ်နေထိုင်သူများတွင်လည်းအဆုတ်ကင်ဆာရောဂါကို ဖြစ်ပွားစေ နိုင်သည်။ ဆန်းစစ်ချက်များအရဆေးလိပ်ငွေ့ရှူမိခြင်းကြောင့်ဆေးလိပ်မသောက်သုံးသော်လည်းအဆုတ်ကင်ဆာရောဂါဖြစ်ပွား မှုနှုန်းမှာ ဆေးလိပ်သောက်သုံးသည့်ပတ်ဝန်းကျင်တွင် မနေထိုင်ရ သူများထက် ၂၄ ရာခိုင်နှုန်းခန့် ပိုမိုကြောင်းတွေ့ရှိရသည်။
ကျောက်ဂွမ်းအမှုန် (Asbestos Fibers)
သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် လုပ်ငန်းခွင်များတွင် အများဆုံးတွေ့ကြုံရင်ဆိုင်ရသော ကျောက်ဂွမ်းအမှုန်များသည် အသက်ရှူသောအခါ အဆုတ်အတွင်းသို့ရောက်ရှိပြီး ကာလရှည် ထိုဒဏ်ကိုခံရပါက အဆုတ်ကင်ဆာကိုဖြစ်ပွားစေနိုင်သည်။ ထိုကဲ့သို့ သောလုပ်ငန်းခွင်အတွင်း လုပ်ကိုင်ကြသောအလုပ်သမားများသည် ဆေးလိပ်သောက်သုံးပါက အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့် မားစေသည်။
မျိုးရိုးလိုက်ခြင်း (Familial Predisposition)
အဆုတ်ကင်ဆာဖြစ်ပွားမှုတွင် မျိုးရိုးလိုက်ခြင်းသည်လည်း အကြောင်းအရာတစ်ခုအဖြစ်ပါဝင်နေသည်။ မျိုးရိုးဗီဇ (Gene) ပေါ်တွင်မူတည်ပြီး မိဘဘိုးဘွားများတွင် အဆုတ်ကင်ဆာဖြစ်ပွား ခဲ့သူရှိပါက ဖြစ်နိုင်ခြေရာခိုင်နှုန်း ပိုမြင့်မားသည်ကိုတွေ့ရှိရသည်။
အဆုတ်ရောဂါများ
အဆုတ်တွင်အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ကုသမှု ခံယူပြီးသော အဆုတ်ကင်ဆာအစရှိသည့်အဆုတ်ရောဂါများဖြစ်ပွား ခဲ့ဖူးပါက အဆုတ်ကင်ဆာဖြစ်နိုင်ချေရာခိုင်နှုန်းများနိုင်သည်။
အဆုတ်ကင်ဆာရောဂါလက္ခဏာများ
အဆုတ်ကင်ဆာဖြစ်ပွားသူများ၏ ၂၅ရာခိုင်နှုန်းသည် Chest X-ray ၊ သို့မဟုတ် CT-scan တွင် ကင်ဆာကြိတ်စတင် တွေ့ရှိချိန်တွင်မူ မည်သည့်ရောဂါလက္ခဏာမှ ခံစားရခြင်းမရှိချေ။
ကင်ဆာရောဂါလက္ခဏာများ
အခြားသောကင်ဆာများကဲ့သို့ပင် ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ပခုံးအာရုံကြောများနာခြင်း၊ အစာမျိုချရခက်ခြင်း အစရှိသည်တို့ကို ခံစားရနိုင်သည်။
ကင်ဆာဆဲလ်များပြန့်ပွားခြင်းကြောင့်ဖြစ်စေနိုင် သော လက္ခဏာများ
ကင်ဆာဆဲလ်များသည် အရိုးသို့ ပြန့်ပွားပါက အရိုးနာခြင်း၊ အောင့်ခြင်းတို့ ဖြစ်စေနိုင်သကဲ့သို့ ဦးနှောက်သို့ပြန့်ပွားပါက အမြင်ေ၀ဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
အခြားသောလက္ခဏာများအနေဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ အားနည်းခြင်း၊ ပင်ပန်း လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိသည်တို့ကို လည်း ဖြစ်စေနိုင်သည်။
မည်သည့်အချိန်တွင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေး သင့်သနည်း
– ချောင်းဆက်တိုက်ဆိုးခြင်း
– ချောင်းဆိုးသွေးပါခြင်း
– ရင်ဘတ်အောင့်ခြင်း
– ကိုယ်အလေးချိန်အချိန်တိုအတွင်းကျဆင်းခြင်း
– အလွယ်တကူပင်ပန်းလွယ်လွန်းခြင်း
– အသက်ရှူကျပ်ခြင်း၊ အသက်ရှုရခက်ခဲလွန်းခြင်း
အစရှိသည့်လက္ခဏာများခံစားရပါက သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပြီးကုသမှုခံယူသင့်သည်။
အဆုတ်ကင်ဆာရောဂါကိုကုသရာတွင် ရောဂါအဆင့် အလိုက်မူတည်ပြီးခွဲစိတ်ကုသခြင်း (Surgery) ၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy) ၊ ဆေးသွင်းကုသခြင်း (Chemo-therapy) အစရှိသည့်နည်းလမ်းများဖြင့်ကုသနိုင်သည်။
အဆုတ်ကင်ဆာကိုမည်ကဲ့သို့ကာကွယ်မည်နည်း
ဆေးလိပ်သောက်သုံးခြင်းသည်အဆုတ်ကင်ဆာရောဂါဖြစ်စေနိုင်သည့်အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်စေနိုင်သဖြင့်ဆေးလိပ်မသောက်သုံးခြင်းသည်အဓိကကျသောကာကွယ်မှုတစ်ရပ်ဖြစ်သည်။ဆေးလိပ်ဖြတ်လိုသူများသည် နီကိုတင်းပါဝင်သော ပီကေ၊ အငွေ့၊ ရူဆေးများကိုအသုံးပြုပြီးဆေးလိပ်ဖြတ်သင့်သည်။ ထို့အတူသူတစ်ပါးသောက်သုံးသောဆေးလိပ်ငွေ့များကိုမရှူမိစေရန်လည်းသတိပြုသင့်သည်။အလုပ်ခွင်အတွင်းတွင်လည်းသက်ဆိုင်ရာလုံခြုံ စိတ်ချမှုရှိစေမည့်အဆောင်အယောင်များဝတ်ဆင်ပြီး အလုပ်လုပ် သင့်သည်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုအစပိုင်းအဆင့်များတွင်စောစောသိနိုင်ပါကကုသမှုအောင်မြင်ခြေရာခိုင်နှုန်းပိုမိုမြင့် မား သဖြင့် ကျန်းမာရေးစစ်ဆေးမှုများကိုစနစ်တကျပြုလုပ်သင့်သည်။
ကမ္ဘာတစ်ဝန်းတွင်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည်တစ်နေ့ထက်တစ်နေ့ပိုမိုမြင့်မားလာမှုကြောင့် သက် တမ်းစေ့နေထိုင် နိုင်ရေးအတွက် အထူးဂရုပြုနေထိုင်သင့်ပေသည်။