fbpx

မျက်ကွင်းညိုညိုသိစေလို 

မျက်ကွင်းညိုညိုသိစေလို 

မျက်လုံးအိမ်အောက်မျက်ကွင်းလေးတွေညိုခြင်းဟာ အမျိုးသမီးတွေမှာသာမက အမျိုးသားတွေ မှာပါတွေ့ရလေ့ရှိပါတယ်။

တချို့ကပင်ပန်းလို့မျက်ကွင်းညိုတာရှိမယ်၊ အိပ်ရေးပျက်လို့ မျက်ကွင်းညိုတာရှိမယ်၊ ဘာအကြောင်းအရင်းကြောင့်ပဲမျက်ကွင်းညိုညို မျက်ကွင်းညိုတာကြာလာရင်တော့ သင့်နဂိုရှိရင်းစွဲအသက်ထက်ပိုကြီးသယောင် ထင်ရစေပါတယ်။

ဘယ်လိုလူတွေမှာ မျက်ကွင်းညိုတာတွေ ပိုဖြစ်တတ်သလဲဆိုရင် အသက်ကြီးတဲ့ဖိုးဖိုးဖွားဖွားတွေ၊ မျိုးရိုးရှိတဲ့သူတွေ၊ အသားအရောင်ညိုတဲ့သူတွေ မှာ မျက်ကွင်းညိုတာကို ပိုတွေ့ရတတ်ပါတယ်။

မျက်ကွင်းညိုတဲ့အကြောင်းအရင်းတွေဟာဘာတွေနဲ့ဆိုင်သလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားမှာပါ။ အဲ့ဒါတွေကတော့-

  • ပင်ပန်းနွမ်းနယ်မှုများခြင်း

အလုပ်တွေအရမ်းများပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်လာတဲ့အခါ ၊ အိပ်ချိန်မမှန်တဲ့အခါ မျက်ကွင်းညိုတာမျိုးတွေဖြစ်လာတတ်ပါတယ်။ အိပ်ချိန်မမှန်ဘဲ အိပ်ရေးမဝဖြစ်လာတဲ့အခါ အသားအရောင်ညစ်လာတာ၊ ဖြူဖျော့တာမျိုးတွေ့ရတတ်ပါတယ်။

  • အသက်အရွယ်

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ မျက်နှာအရေပြားတင်းရင်းမှုတွေ လျော့နည်းလာပြီး မျက်ကွင်းညိုတာ၊ မျက်အိပ်ကြီးလာတာ၊ အသားအရေတွန့်လာတာမျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုပါ။

  • အမြင်အာရုံစူးစိုက်မှုများခြင်း

တီဗီ၊ ကွန်ပြူတာ၊ ဖုန်းစကရင်မ်ကြည့်တာများလာတဲ့အခါ  မျက်လုံးကြည့်ရတာ မကောင်းတာမျိုး၊ ဇက်ကြောတတ်တာမျိုး၊ ခေါင်းကိုက်တာမျိုးအပြင် မျက်လုံးတစ်ဝိုက်ရှိသွေးကြော လေးတွေမှာသွေးစုမှုများပြီး မျက်ကွင်းညိုတာမျိုးဖြစ်တတ်ပါတယ်။

  • သွေးဓါတ်မတည့်မှုဖြစ်ခြင်း 

တစ်ခုခုနဲ့ဓါတ်မတည့်မှုဖြစ်တဲ့ allergic reaction မှာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုဖြစ်စဉ်တွေအရ ယားတာ၊ အသားနီတာ၊ အင်ပြင်ထတာအပြင် မျက်လုံးခြောက်တာ၊ မျက်အိပ်ဖောင်းလာတာမျိုး တွေ့ရတတ်ပါတယ်။ မျက်လုံးယားလို့ခြောက်လို့လက်နဲ့ပွတ်လိုက်မိတဲ့အခါ မျက်လုံးအောက်က သွေးကြောလေးတွေ ကြေသွားပြီး မျက်ကွင်းညိုတာမျိုးဖြစ်တတ်ပါတယ်။

  • ရေဓါတ်ခန်းခြောက်ခြင်း

ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓါတ်လုံလုံလောက်လောက်မရရှိတဲ့အခါ မျက်နှာသိသိသာသာ ခြောင်ကျလာတာတွေ၊ မျက်ကွင်းညိုလာတာတွေ စတင်တွေ့ရတတ်ပါတယ်။ ချွေးထွက် အရမ်းများသူတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်သူတွေ၊ အဖျားကြီးတဲ့သူတွေမှာ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်နိုင်လို့ရေဓါတ်လုံလုံလောက်လောက်ပြန်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

  • နေရောင်ထိတွေ့မှုများခြင်း

နေပူထဲမှာနေရောင်ထိတွေ့မှုများလာတဲ့အခါ ခန္ဓာကိုယ်ကနေ melanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကို ပိုထုတ်လွှင့်ပေးပါတယ်။ အဲ့ဒီ့အခါ မျက်လုံးတစ်ဝိုက် မှာ ပိုထုတ်လွှတ်ပေးမှုများ တဲ့အတွက် မျက်ကွင်းညိုတာကိုဖြစ်စေတာပါ။

  • မျိုးရိုးဗီဇ

မိသားစုမျိုးရိုးမှာ မျက်ကွင်းညိုတဲ့သူတွေ ရှိရင် မိမိမှာလည်း မျက်ကွင်းညိုတာ   ဖြစ်နိုင်ချေ များပါတယ်။ တစ်ချို့ဆို ကလေးအရွယ်ထဲကနေ မျက်ကွင်းညိုတာစပြီးတွေ့ရတတ်ပါတယ်။

ဘယ်လိုကုသမှုမျိုးတွေလုပ်ရမလဲ?

မျက်ကွင်းညိုတာကုသဖို့အတွက်ဖြစ်တဲ့အကြောင်းအရာပေါ်မူတည်ပြီး  နည်းလမ်းအမျိုးမျိုး ရှိပါတယ်။

–  သာမန်ရံဖန်ရံခါဖြစ်တတ်တဲ့မျက်ကွင်းညိုတာမျိုးဆိုရင်တော့ မျက်လုံးတစ်ဝိုက်မှာ ရေခဲပတ် ဒါမှမဟုတ် လက်ဖက်ခြောက်ဖတ် ကပ်ပေးပါ။
အဲ့လိုကပ်ပေးခြင်းဟာ မျက်လုံးတစ်ဝှိက်သွေးကြောတွေမှာ သွေးစုတာကို လျော့စေတဲ့အတွက် မျက်ကွင်းညိုတာကိုသိသိသာသာ လျော့ကျစေပါတယ်။

– နောက်တစ်ချက်အနေနဲ့ အိပ်ရေး၀၀နဲ့အိပ်ချိန်မှန်မှန်အိပ်ပေးပါ။

– ရေဓါတ်လုံလုံလောက်လောက်ရရှိဖို့ ရေတစ်နေ့ ၂လီတာ အနည်းဆုံးသောက်ပေးပါ။
– အရည်ရွှမ်းတဲ့အသီးအနှံတွေ စားပေးပါ။
– နေပူထဲသွားရင်နေလောင်ခံခရင်မ် သေချာလိမ်းပေးပါ။

မျက်ကွင်းညိုတာကြာလာရင်တော့ သက်ဆိုင်ရာဆရာဝန်ထံမှာ စစ်ဆေးကုသတာမျိုး ခံယူပေးပါ။ အနာသိရင်ဆေးရှိတဲ့အတွက် မိမိခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို သေချာလေ့လာပြီး မျက်ကွင်းညိုတဲ့အကြောင်းအရင်းကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။

Dr.Khaing

ဆက်စပ် ဆောင်းပါးများ