fbpx

ခြေထောက်တိုချင်လား အသက်တိုချင်လား…ဆီးချိုရောဂါကိုသယ်သွားရမဲ့ ဒီခရီးရှည်ကြီးမှာ

ခြေထောက်တိုချင်လား အသက်တိုချင်လား…ဆီးချိုရောဂါကိုသယ်သွားရမဲ့ ဒီခရီးရှည်ကြီးမှာ

ဒီနေ့ခေတ်မှာတော့ လမ်းမှာပုခုံးချင်း တိုးတိုက်မိသူတိုင်း မေးကြည့်လိုက်ရင် ဆီးချိုသမားပဲလို့ ပြောလို့ရလောက်အောင် လူအတော်များများ ဟာ ဆီးချိုရောဂါဆိုတာကြီးကို လေးလံစွာ သယ်ပိုးထားပြီး အသက်ရှင်နေကြပါတယ်။
ရောဂါဖြစ်နှုန်းများသလိုပဲ ဒီရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ကြောက်စရာကောင်းလောက်အောင် များလှပါတယ်။
အသက်တိုစေမဲ့ နောက်ဆက်တွဲရောဂါတွေများလှသလို ခြေထောက်တိုစေမဲ့ ကိစ္စတွေကလည်း မနည်းပါဘူး။

 

  • ဘာလို့ ခြေထောက်တိုမှာလဲ ??

 

အတိုဆုံးဖြေရရင်တော့ ခြေထောက်ဖြတ်ရတတ်လို့ပါ။

ဆီးချိုမထိန်းနိုင်တဲ့ လူနာတစ်ယောက်အတွက်တော့ ခြင်ကိုက်ဖု၊ ယားလို့ကုတ်မိတာ၊ သာမန်ခလုပ်တိုက်မိတာ၊ ဆူးစူးတာ ၊ ခြေဝဲစားတာ စတဲ့ ဘာမဟုတ်တာလေးကနေ အနာမကျက်နိုင်တော့ဘဲ လှိုက်စားလာတဲ့အတွက် ခြေချောင်းလေးတွေ ဖြတ်လိုက်ရတာ၊ ခြေထောက်တစ်ချောင်းလုံးဖြတ်ပစ်လိုက်ရတာ မျိုးအထိဖြစ်နိုင်ပါတယ်။

 

  • ဆီးချိုကြောင့် ခြေထောက်မဖြတ်ရအောင် ဘာတွေလုပ်ကြမလဲ ??

 

  •       နေ့စဉ် မိမိခြေထောက်မှာ ထိခိုက်ရှနာ တစ်ခုခုရှိမရှိ နေ့စဉ်သတိထားကြည့်ပါ။
    ဆီးချိုလူနာတွေမှာ အာရုံကြောထိခိုက်ပျက်စီးမှုတွေကြောင့် နာလို့ နာမှန်း မသိ…အနာရှိလို့ရှိနေမှန်းမသိ ဖြစ်တတ်ပါတယ်။
  •  အနာတစ်ခုခုရှိနေခဲ့ရင် ရေ၊ ဆပ်ပြာတို့နဲ့ သန့်စင်အောင် ဆေးကြောပြီး ပိုးသတ်ဆေးတစ်ခုခုထည့်ပါ။
    ဆရာဝန်အမြန်ပြပါ။
  • ရေချိုးပြီးတိုင်း/ ခြေထောက်ဆေးပြီးတိုင်းမှာ ခြေချောင်းလေးတွေကြားကို ခြောက်သွေ့အောင် သေချာသုတ်ပါ။
  • ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ မိမိခြေထောက်အာရုံကြောအခြေအနေကို ခြောက်လတစ်ကြိမ် စမ်းသပ်စစ်ဆေးပါ
  • ခြေအိတ်နဲ့ ဖိနပ်တွေကို ခြေထောက်နဲ့ တကယ်တော်တာကိုပဲ ရွေးချယ်ဝတ်ဆင်ပါ။
    ဆီးချိုလူနာတွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးနိုင်ရင်ပိုကောင်းပါတယ်။
  • ခြေအိတ်တွေ သန့်ရှင်းနေစေဖို့ ဂရုစိုက်ပါ။
  • အရေးအကြီးဆုံးအချက်ကတော့ ဆီးချိုသွေးချိုရောဂါစတင်ဝင်လာပြီဆိုတာနဲ့လွတ်မသွားအောင် ကွိခနဲ အမြန်ဆုံးဖမ်းမိဖို့ပါပဲ။
  • ဒီတော့ မကြာခဏ အာခေါင်ခြောက်ရင်၊ ရေဆာဆာနေရင်၊ ဆီးအရမ်းသွားရင်၊ ပုံမှန်မဟုတ်ဘဲ နေရတာ လေးလံထိုင်းမှိုင်းလာရင်၊ ယားနာတစ်ခုခုဖြစ်လာရင်၊ ခြေလက်ထုံကျဉ်တာတွေဖြစ်လာရင် ဆီးချိုရှိမရှိဖောက်စစ်ပါ။
  • ဘာလက္ခဏာမှ မရှိဘဲလည်း အသက်အရွယ်မရွေး ဆီးချိုသွေးချို ရှိနေနိုင်တာမို့ အနည်းဆုံး ၁ လ တစ်ခါလောက်ဖြစ်ဖြစ် ဆီးချိုဖောက်စစ်ပါ။
  • ဆီးချိုရှိနေခဲ့ရင်တော့ ဆီးချိုရောဂါသည်တစ်ယောက် နေထိုင်ရမဲ့ပုံစံအတိုင်း တိတိကျကျလိုက်နာနေထိုင်ရပါမယ်။
  • မရှိသေးရင်လည်း အချိန်မရွေး ဆီးချိုဝင်လာနိုင်တယ်ဆိုတဲ့ အသိနဲ့ ကျန်းမာစေမဲ့ နေထိုင်မှုပုံစံအတိုင်း နေထိုင်ရပါမယ်။

အသက်တိုလို့မဖြစ်သလို ခြေထောက်တိုလို့လည်း မဖြစ်သေးပါဘူး။
ဒီကမ္ဘာမြေကြီးပေါ်က ဘဝခရီးရှည်ကြီးကိုနှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် ဆက်လျှောက်ရဦးမယ် မဟုတ်လား..

ကျန်းမာပျော်ရွှင်ကြပါစေ…

Dr ဖြိုးဝေလင်း

(9.1.20)