နာကျင်ကိုက်ခဲမှုတွေနဲ့ အဝေးကြီးဝေးစေဖို့ ပြင်ရမဲ့ အမှား ၇ ခု

နာကျင်ကိုက်ခဲမှုတွေနဲ့ အဝေးကြီးဝေးစေဖို့ ပြင်ရမဲ့ အမှား ၇ ခု

အဆစ်အမြစ်ကိုက်ခဲတာနဲ့ ကြွက်သားနာကျင်ကိုက်ခဲတာတွေဟာ လူအတော်များများ ကြုံတွေ့ခံစားရဖူးတဲ့ သို့မဟုတ် ကြုံတွေ့ခံစားနေရတဲ့ သို့မဟုတ် ကြုံတွေ့ခံစားရလာနိုင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

ဒီလို ကိုက်ခဲနာကျင်မှုတွေ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ထိခိုက်ဒဏ်ရာရတာ ၊ နာတာရှည်ရောဂါတခုခု ရှိနေတာ စသဖြင့်ပေါ့။

ဒါပေမဲ့ ဒီလို အဆစ်အမြစ်ကိုက်တာ ကြွက်သားနာကျင်နေတာတွေကို လူအများစု ခံစားနေရတဲ့အဓိကအချက်ကတော့ နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အထအမှားတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်လို နေ့စဉ်အမှားတွေက ဒီလို ကိုက်ခဲနာကျင်စေတာလဲ။

စုစုပေါင်း ၇ ချက် ရှိပါတယ်။လေ့လာကြည့်လိုက်ရအောင်။

၁။ လှုပ်ရှားသွားလာမှု သိပ်မရှိခြင်း

တနေ့တနေ့ လှုပ်လှုပ်ရှားရှားလုပ်ကိုင်စရာ မရှိဘဲ ဖြတ်သန်းကုန်ဆုံးနေရပြီဆိုရင်တော့ အဆစ်နာအမြစ်နာ တကိုယ်လုံးနာဖြစ်ဖို့ များနေပါပြီ။

တကယ်တော့ ကျနော်တို့ ခန္ဓာကိုယ်ဟာ လှုပ်လှုပ်ရှားရှားနေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာပါ။

အချိန်အကြာကြီး လှုပ်ရှားမှု မရှိခဲ့ရင် အကြောတွေ ကြွက်သားတွေဟာ အားနည်းလာတတ်ပါတယ်။
ဒီအခါမှာ အရိုးတွေအဆစ်တွေကို ဒေါင်ဒေါင်မြည်နေအောင် မထောက်ပံပေးနိုင်တော့ပဲ ဘာမဟုတ်တာလေးနဲ့တင် ကြွက်သားဒဏ်ရာရတာ အဆစ်နာသွားတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

၂။လေ့ကျင့်ခန်း လုပ်လေ့မရှိခြင်း

မနက်စောစောထပြီးတော့ စိတ်ပါလက်ပါ လေ့ကျင့်ခန်းလုပ်တဲ့အကျင့်ကိုမွေးမြူပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို အဘက်ဘက်က မြင့်တက်စေပြီး ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။

အဆစ်အမြစ်ကိုက်ခဲနာကျင်တာတွေရဲ့ ကိုင်တွယ်ရခက်ခဲတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ အဝလွန်တာကိုလည်း လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် မဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာကလည်း ကြွက်သားတွေကို ညောင်းညာကိုက်ခဲစေတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက အနာကောင်း အညောင်းကောင်းလို့ ပြောလို့ရပါတယ်။

တကယ်တမ်းမှာ လေ့ကျင့်ခန်းသာ မှန်မှန်ကန်ကန် လုပ်ပေးနိုင်ရင် အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေကိုတောင် သက်သာစေပါသတဲ့။

၃။ ကိုယ်နေဟန်ထား မမှန်ခြင်း

ငယ်ငယ်က မိဘတွေ ဆရာမတွေက မတ်မတ်ထိုင်လို့ ပြောလည်း ကျနော်တို့ကတော့ ထိုင်ခုံမှာထိုင်တဲ့အခါ အရှေ့ကိုငိုက်ပြီးပဲ ထိုင်လေ့ရှိကြပါတယ်။ ကြီးလာတဲ့အခါ ဆေးပညာသင်ယူပြီးတဲ့အခါကျမှပဲ ကိုယ်နေဟန်ထားမှန်ဖို့က အတော်အရေးကြီးမှန်း သိလာရပါတယ်။

ကိုယ်နေဟန်ထား မမှန်ခြင်းဟာ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။

ခန္ဓာကိုယ်က အလိုင်းမင်း (Alignment) လွဲနေခဲ့ရင် အရိုးအဆစ်တွေမှာ ကျိန်းသေပေါက် ပြဿနာရှိလာနိုင်ပါတယ်။ ခါးတစ်ခုထဲမှ မဟုတ်ပါဘူး။ ပခုံး၊ လည်ပင်း၊ လက်မောင်းနဲ့ ပေါင် စတဲ့နေရာတွေမှာလည်း ကိုက်ခဲနာကျင်မှုတွေ ခံစားရနိုင်ပါတယ်။

တခါတလေကျရင် ကိုယ်နေထား မမှန်တာဟာ ကြွက်သားနဲ့ အဆစ်အမြစ်နာကျင်ရုံသာမကပဲ ခေါင်းပါ ကိုက်စေတဲ့အထိ ဖြစ်နိုင်ပါသေးတယ်။

၄။ ကိုယ်အလေးချိန် လွန်ကဲခြင်း

တကယ်လို့ ခင်ဗျားက ဝတုတ်ကြီးတယောက်ဖြစ်နေရင်တော့ ဘာမဟုတ်တာလေးနဲ့လည်း အဆစ်အမြစ်တွေနာတာ ကိုယ်လက်ကိုက်ခဲတာတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် နည်းမှန်လမ်းမှန်နဲ့ ဝိတ်ချဖို့ စဉ်းစားပါ။ တကယ်တမ်း နည်းနည်းလေး ကျသွားရင်တောင်မှ အဆစ်အမြစ်ကိုက်တာ ကြွက်သားကိုက်တာတွေ အရင်ထက် အများကြီးလျော့သွားတာကို ထူးထူးခြားခြား တွေ့ရပါလိမ့်မယ်။

၅။ လှုပ်ရှားသွားလာပုံ မမှန်ကန်ခြင်း

လေ့ကျင့်ခန်းလုပ်တာ Gym ကစားတာတွေက အကျိုးတကယ်ရှိပါတယ်။ဒါပေမဲ့ နည်းစနစ်ကျဖို့တော့ လိုပါတယ်။

Gym မှာ အလေးမနေတာပဲဖြစ်ဖြစ် အပြင်မှာ သေတ္တာတစ်လုံးကို မနေတာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတာကို သေချာစိတ်ထည့်ထားဖို့ လိုပါမယ်။

တစ်ချက်ကလေး လှုပ်ရှားပုံမှားလိုက်တာနဲ့ မလိုလားအပ်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားရနိုင်ပါတယ်။

၆။ ဆေးလိပ်သောက်ခြင်း

နီကိုတင်းက သွေးစီးဆင်းမှုကို နည်းစေပါတယ်။ဒီအခါ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်နှုန်း လျော့ကျသွားပြီး အရိုးဖွံ့ဖြိုးကြီးထွားမှုကို အနှောက်အယှက်ဖြစ်စေပါတယ်။

ဒါကြောင့် ဆေးလိပ်သမားတွေရဲ့ အရိုးအဆစ်တွေဟာ ကြွပ်ဆတ်နေပြီး ကျိုးလွယ် ထိခိုက်လွယ်ပါတယ်။ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့အခါမှာလည်း ပြန်သက်သာဖို့ အတော်ကြာလေ့ရှိပါတယ်။

၇။ အဟာရဖြစ်စေမဲ့ အစားအစာများ မစားခြင်း

အရိုးအဆစ်တွေကျန်းမာသန်စွမ်းဖို့ ကိုယ်စားတဲ့အစားအစာထဲမှာ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် ဒီ လုံလုံလောက်လောက် ပါဝင်ဖို့လိုပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ အလေ့အကျင့်ဆိုးတွေကိုသာ သေချာပြင်ဆင်နိုင်ရင် ကြွက်သားနာကျင်တဲ့ အဆစ်အမြစ်ကိုက်ခဲတဲ့ဝေဒနာတွေကို မတွေ့ကြုံရနိုင်ပါဘူး။ ဒါပေမဲ့ သိကြတဲ့အတိုင်း အကျင့်တွေဆိုတာ ချက်ချင်းလက်ငင်း ပြင်လို့ လွယ်တာမျိုး မဟုတ်ဘူးလေ။

ဒါကြောင့် တဖြည်းဖြည်းချင်း ပြင်ကြရမှာပါ။ ဒီလို ပြင်နေတဲ့အချိန်မှာ ကြုံတွေ့လာရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုတော့ သင့်တော်တဲ့ဆေးဝါးတွေ အသုံးပြုပြီး သက်သာအောင် ဖြေရှင်းနိုင်ပါတယ်။ ဆေးဝါးဆိုတဲ့နေရာမှာ အကိုက်အခဲပျောက်ဆေးတွေသောက်တာထက်စာရင် နာကျင်ကိုက်ခဲနေတဲ့နေရာကိုသာ လိမ်းပေးစရာလိုတဲ့ topical cream လိမ်းဆေးတွေကို ပိုသုံးစေချင်ပါတယ်။

ရေရှည်လည်း အသုံးပြုလို့ရသလို ကြီးမားတဲ့ဆိုးကျိုးတွေလည်း မရှိလို့ပါ။

အားလုံးပဲ အကိုက်အခဲကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ….

Dr.KG

ဆက်စပ် ဆောင်းပါးများ