ရင်သား နာကျင်ခြင်း အကြောင်း သိကောင်းစရာ

ရင်သား နာကျင်ခြင်း အကြောင်း သိကောင်းစရာ

ရင်သားနာကျင်ခြင်းဝေဒနာဟာ အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ခံစားရနိုင်တဲ့ ဝေဒနာတခုဖြစ်ပါတယ်။

အထူးသဖြင့် အပျိုဖော်ဝင်ပြီး အချိန်ကနေ သွေးမဆုံးခင် အချိန်ကြားကာလမှာ အဖြစ်များပါတယ်။

ကျွန်တော်တို့ဆီက အမျိုးသမီးတချို့က ရင်သားနာကျင်မှုကို ခံစားရပြီဆိုရင် ရင်သားကင်ဆာများ ဖြစ်နေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

တကယ်တော့ ရင်သားနာကျင်ခြင်းနဲ့ ရင်သားကင်ဆာနဲ့ဟာ သိပ်ဆက်စပ်မှု မရှိပါဘူး။

ရင်သားနာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေက အများကြီးရှိပါတယ်။

ရင်သားနာကျင်ခြင်းကို ဆေးပညာအရ mastalgia လို့ခေါ်ပြီး cyclical mastalgia နှင့် non cyclical mastalgia ဆိုပြီး နှစ်မျိုးရှိပါတယ်။

Cyclical mastalgia ဆိုတာကတော့ ဓမ္မတာစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ဓမ္မတာ ပေါ်ခါနီးတပတ် သို့မဟုတ် နှစ်ပတ်လောက်မှာ ရင်သားနာကျင်မှုကိုခံစားရပြီး ဓမ္မတာပေါ်တဲ့အခါမှာ နာကျင်မှု သက်သာလျော့ပါးသွားတဲ့ အမျိုးအစားဖြစ်ပါတယ်။

လေးလေးကြီးနဲ့ ကိုက်ခဲနေတာမျိုးဖြစ်ပြီး ရင်သားနှစ်ဖက်လုံးဖြစ်လေ့ရှိပါတယ်။

တဖက်တည်းဖြစ်တာတော့ ရှားပါတယ်။

ဓမ္မတာပေါ်ခါနီးလေ နာကျင်မှုက ပိုဆိုးလေပါ။

ဖြစ်ရတဲ့အကြောင်းအနေနဲ့ကတော့ ဟော်မုန်း အပြောင်းအလဲ ဖြစ်တာကြောင့်ပါ။

ရာသီလာခါနီးအချိန်မှာ ဟော်မုန်းပမာဏတွေ အပြောင်းအလဲ ဖြစ်ပါတယ်။

အများအားဖြင့် စိုးရိမ်ဖို့မလိုတတ်ပါ။ သူ့ဘာသာသူ သက်သာသွားလေ့ ရှိပါတယ်။

Non cyclical mastalgia ဆိုတာကတော့ ဓမ္မတာစက်ဝန်းနဲ့ မဆိုင်တဲ့ ရင်သားနာခြင်းအမျိုးအစား ဖြစ်ပါတယ်။

အထဲက အချွန်တခုခုနဲ့ထိုးနေသလို၊ မီးစနဲ့ထိုးနေသလို မျိုးခံစားရပြီး ရင်သားတဖက်တည်းမှာပဲ အဖြစ်များလေ့ရှိပါတယ်။

ဖြစ်ချင်တဲ့အချိန်မှ ာဖြစ်လေ့ရှိပြီး ဓမ္မတာလာပြီးတဲ့အခါမှာလည်း နာကျင်မှုက သက်သာလျော့ပါးသွားတာ မရှိပါဘူး။

ဖြစ်စေတဲ့ အကြောင်းတွေ အနေနဲ့ကတော့

– ရင်သားအလုံးအကျိတ် သို့ ရင်သားအရည်အိတ်ရှိတာ

– မတော်တဆ ရင်သား ထိခိုက်ဒဏ်ရာရဖူးတာ၊ ရင်သားခွဲစိတ်ခံရဖူးတာ

– မှိုပိုးသတ်ဆေး အချို့သောက်နေတာ၊ သားဥကြွေဆေး သို့မဟုတ် သားဆက်ခြားဆေးလို
ဟော်မုန်းဆေးတွေ သောက်တာ၊ စိတ်ဆေးတွေ သောက်တာ

– နို့တိုက်မိခင်တွေမှာ နို့ချောင်း ပိုးဝင်ရောင်ရမ်းတာ

– နို့တိုက်ချိန်မှာ ကလေးနို့မစို့လို့ သို့မဟုတ် ကလေးနဲ့ ဝေးရာရောက်နေလို့ နို့တင်းလာတာ

– ဆေးလိပ်သောက်တာ၊ ကဖင်းဓါတ်ပါတာတွေ စားသောက်များတာ၊ အဆီအဆိမ့်တွေ အစားများတာ

– ရင်သားကြီးတာ စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။

cyclical mastalgia ဖြစ်ဖြစ် non cyclical mastalgia ဖြစ်ဖြစ် ရင်သားနာကျင်မှုကို ခံစားရတဲ့အခါမှာ သက်သာအောင် ရေနွေးပုလင်းလှိမ့်တာ၊ ရေခဲကပ်တာ၊ Ibuprofen လိုအကိုက်အခဲပျောက်ဆေးတွေ သောက်တာ၊ အရောင်ကျဆေးတွေ သောက်တာတွေ လုပ်နိုင်ပါတယ်။

ရင်သားအားကောင်းစွာ ထောက်ပံ့မှုပေးနိုင်မယ့် Sport bra လိုမျိုးဝတ်ပါ။

ဆေးသောက်တာက အစာအိမ်ရောဂါအခံရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီးမှပဲ သောက်သင့်ပါတယ်။

တကယ်လို့ ရင်သားနာကျင်မှုက နှစ်ပတ်ကျော်တဲ့ထိမသက်သာရင်၊ နိစ္စဒူဝအလုပ်တွေ မလုပ်နိုင်တော့အောင် နာကျင်မှုက ပိုပိုဆိုးလာရင်၊ ရင်သားတနေရာတည်းမှ ဆက်တိုက်နာကျင်ရင်၊ ရင်သားမှာ မာမာခဲခဲအလုံးကျိတ်စမ်းမိရင်၊ နို့သီးခေါင်းချိုင့်ဝင်နေရင်၊ နို့်သီးခေါင်းထိပ်က ပြည်အရည်ကျတာရှိရင်တော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နိုင်လို့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသပြီး စစ်ဆေးမှုတွေ လုပ်ကြည့်ဖို့လိုပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့ ဆရာဝန်နဲ့ စမ်းသပ်တာအပြင် အာထရာဆောင်းရိုက်တာ၊ အရည်အိတ်ရှိပါက အပ်နဲ့စုပ်ထုတ်ပြီး (Fine Needle Aspiration Cytology) စစ်ဆေးကြည့်တာ၊ အသားစယူစစ်ဆေးကြည့်တာ စသဖြင့် လုပ်နိုင်ပါတယ်။

ရင်သားနာကျင်ခြင်းဖြစ်နိုင်ခြေနဲအောင်

အဆီများတဲ့ အစားအသောက်တွေ၊ ကဖင်းဓါတ်ပါတဲ့ အစားအသောက်တွေ ရှောင်ပါ။

ဆေးလိပ်ဖြတ်ပါ။

ကိုယ့်ရင်သားအရွယ်အစားနဲ့ မတော်တဲ့ ဘရာစီယာကို မဝတ်ပါနဲ့။

ညဘက် ဘရာစီယာချွတ်အိပ်ပါ။

ဗီတာမင်အီး တနေ့တလုံးသောက်ပါ လို့အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ