မတ်မတ်ဗိုက်တွေအတွက် သတိထားရမဲ့ ကိုယ်အလေးချိန်..

မတ်မတ်ဗိုက်တွေအတွက် သတိထားရမဲ့ ကိုယ်အလေးချိန်..

အစားအသောက်မီးလိုတောက်နေတတ်တဲ့ အမရင်းလို အရမ်းခင်နေရတဲ့ သားဦးကိုယ်ဝန်ဆောင် မမဗိုက်တစ်ယောက် ကိုယ်ဝန်ရက်ချိန်းပြပြီးသကာလ ကျွန်မဆီ အလည်လာခဲ့လေသည်။

– “ပြောမပြောချင်တော့ပါဘူး ငါ့ညီမရေ.. မမလေ ခုပဲဆေးခန်းကပြန်လာတာ ဝိတ်လည်းချိန်ရော ပေါင် ၃၅ ပေါင်ဆောင့်တက်နေတယ်.. မမကလေးပဲ အရမ်းထွားတာလား မပြောတတ်ဘူး.. စိတ်တွေလည်း ညစ်ပါတယ်။..”

ဟုတ်ပါတယ်.. ဒီအမက ခုမှ ၆ လဗိုက်ပါ။ တစ်ရစ်ရစ်နဲ့ လရင့်လာတာနဲ့အမျှ အလေးချိန်တွေ တိုးလာတာ အပျိုတုန်းကပေါင် ၁၂၀ ခန္ဓာကိုယ်လေးက ခုတော့ ၁၅၅ ပေါင်ဖြစ်နေပေါ့..

– “မမရေ.. အားမနာပဲပြောတော့မယ်.. မမက တအားစားတာကို.. အပျိုတုန်းက စားသလောက် လေ့ကျင့်ခန်း ပြန်လုပ်နိုင်တော့ body လေးထိန်းထားနိုင်သေးတယ်..”

– “ဟဲ့ ကိုယ်ဝန်သည်ပဲ ကလေးရော အမေရော ကျန်းမာအောင် စားရမှာပဲ မဟုတ်ဘူးလား??? နောက်သားဦးဆိုတော့ ထိခိုက်မိမှာ အရမ်းကြောက်တာ ဘာမှကို အယိုယွင်းမခံနိုင်ဘူး.. ညည်းတို့လို အပျိုလေးတွေ ဒါတွေ ဘယ်နားလည်ပါ့မလဲ..”

– “ဟောကြည့် အကောင်းပြောမို့ ဟာကို..

ဟုတ်တယ် မမပြောသလိုပဲ။ ဒီမှာက ဘိုးဘွားဘီဘင်အစဉ်ဆက်ထဲက ကိုယ်ဝန်သည်ဆို များများစားရမယ်၊ တစ်ရက်သင်္ချိူင်း မျက်စောင်း ၃ ခေါက်လောက်ထိုးနေတာ.. အနေထိုင်အရမ်းဆင်ခြင်ရတယ်.. ဒါတွေက အရပ်ထဲမှာ အမြဲပြောနေကြစကား.. ဟုတ်တယ်နော်”

– “ဟုတ်တယ်လေ မမမေမေတို့ အဖွားတို့လဲ ဒီလိုပဲပြောနေတာ.. မမအမျိုးသားကလဲ သားဦးဆိုတော့ မမကို ပေးတောင်မလှုပ်ဘူး”

– “အဲ့ဒါပြောတာပေါ့ ဒီမှာက အဲ့ဒါတွေ တော်တော်များများက လွဲနေကြတာ။ ညီမလေးတွက်ပြမယ်နော်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကလေးလေးက အလေးချိန်တိုးလာရမယ် လရင့်လာတာနဲ့အမျှ.. အဲ့ဒါကတော့အမှန်ပဲ။ ဒါပေမဲ့ ကလေးလေးမွေးထုတ်လိုက်တဲ့အခါ ကလေးလေး body weight ကပျှမ်းမျှ 2.5 – 3.5 kg , ၅ ပေါင်ကနေ ၈ ပေါင်လောက်ထိပဲ ရှိသင့်တယ်။
အဲ့တော့ အမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ရှိလို့ အလေးချိန်တွေ တိုးလာတယ်ဆိုရင်တောင် အများဆုံး ၁၅ ပေါင်ကနေ ပေါင် ၂၀ လောက်ထိပဲ တိုးသင့်တယ်လေ။ ဒါတောင် မွေးပြီးတဲ့အချိန်ထိနော်.. ကလေးအလေးချိန်ပါ ထည့်တွက်ထားတာ… မမပြောသလို ကလေးက အရမ်းထွားတဲ့ ကိစ္စတွေတော့ ရှိပါတယ်။ ဒါကို big baby လို့ခေါ်တယ် အမေမှာ ဆီးချိုရှိတာမျိုးနဲ့ တွဲတတ်တယ်။”

– “ဟဲ့ အဲ့ဆို ကလေးထွားတိုင်း မကောင်းဘူးပေါ့..”

– “ဟုတ်တယ်မမရဲ့.. မမဆို ဆီးချိုလဲမရှိဘူး မမဗိုက်ကိုကြည့်ရတာလဲ ကလေးက ဒီအရွယ်မှာ ရှိရမဲ့အနေအထားပဲ ပိုကြီးနေတာမျိုးလဲမရှိဘူး.. ၆ လမှာတင် ၃၅ ပေါင်တိုးတယ်ဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူး..”

– “ဟုတ်တယ်နော် ဒုက္ခပဲ မမတော့ မွေးပြီးရင် ပူစီဖောင်းကြီးုဖြစ်နေတော့မှာ စိတ်ညစ်ပါတယ်”

– “အဲ့ဒါပြောတာပေါ့.. ဒီမှာ ကလေးအမေ အမျိုးသမီးတော်တော်များများက ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စားချင်တာစားဖို့ ပါမစ်ရပြီလို့မှတ်တတ်ကြတယ်။ ကလေးထွားဖို့ ဘာညာဆိုတဲ့အကြောင်း ပြချက်နဲ့ စားချင်တာတွေ ဇွတ်စားပစ်တတ်ကြတာ.. အမေတွေ အဖွားတွေဆိုတာလဲ ဇွတ်ကျွေး၊ နောက်အမျိုးသားကအစ ကိုယ့်အမျိုးသမီး ကိုယ်ဝန်သည်ဆိုရင် အလိုလိုက်ပြီး ဖူးဖူးမှုတ်ထားတတ်ကြတာလေ။ ချင်ချင်းတက်ပြီးစားချင်တာတွေကလဲ များသောအားဖြင့် အာဟာရတန်ဖိုး မြင့်တာတွေထက် junk food တွေများတာ။”

-“ညီမလေးပြောမှပဲ မမဆို ခုထိချင်ချင်းတက်လွန်းလို့ ဒိုမီနို၊ ဖာလူဒါ၊ ကြက်ကြော်၊ ဒန်ပေါက် နေ့တိုင်းနီးပါးစားဖြစ်နေတာ။ ကလေးထွားအောင် နို့ဆိုလဲ တစ်ရက်နှစ်ခွက်နှုန်း။ မလိုင်နံပြားလဲ နေ့တိုင်းစားဖြစ်တယ်။”

– “အဲ့ဒါကိုပြောချင်တာလေ.. ကိုယ်ဝန်ရှိတယ်ဆိုပြီး အစားသောက်ဆင်ခြင်ဖို့၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ထိန်းထားဖို့ မမေ့ဖို့ လိုတယ်မမရေ.. ဝိတ်တက်ပြီးသွားရင် ဒီတိုင်းအပျိုတောင် ဝိတ်ချရခက်တာ။ ကလေးမွေးပြီးမှဆိုရင်တော့ ကလေးနို့တိုက်ဖို့ တာဝန်တွေ၊ သွေးနုသားနုဆိုတော့ လေ့ကျင့်ခန်းလုပ်ဖို့က တဖြည်းဖြည်းနောက်ရွှေ့သွားရော..”

-“ဟုတ်တယ်နော်.. ငါ့ညီမလေး သတိပေးမှပဲ.. ပြောပါဦးမမကို.. မမဘယ်လိုတွေ လုပ်ရမလဲဆိုတာ..”

ကဲခုတော့ဆောင်းပါးလေးရှည်သွားမှာစိုးလို့ ဒီမှာပဲရပ်လိုက်မယ်နော်။ နောက်ဆောင်းပါးမှာမှ ဘာတွေဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးမယ်နော်..

Scarlette (ဆေး၁)

ဆက်စပ် ဆောင်းပါးများ