ပုံစံမမှန်တဲ့ နို့သီးခေါင်းဆိုတာ

ပုံစံမမှန်တဲ့ နို့သီးခေါင်းဆိုတာ

နို့သီးခေါင်းနဲ့ပတ်သက်ပြီး ဗဟုသုတလေးတွေ ပြောပြပေးချင်ပါတယ်။ နို့သီးခေါင်းဆိုလိုက်တာနဲ့ ပုံမှန်အနေအထားဆို ဘယ်လိုပုံစံရှိရမယ် ဘယ်လောက်အရွယ်အစားရှိရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး။ ဆေးပညာအရလည်း သတ်မှတ်ထားခြင်း မရှိပါဘူး။ နို့သီးခေါင်းပုံစံအရွယ်အစားတွေဟာ လူတယောက်ချင်းအပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။

နို့သီးခေါင်းဟာ အပြင်ကို ချွန်ထွက်နေတာမျိုးလည်း ရှိနိုင်တယ်။ ဖောင်းဖောင်းလုံးလုံးကလေးလည်း ဖြစ်နိုင်တယ်။ အမွေးပေါက်နေတတ်တာမျိုးလည်း ရှိနိုင်ပြီး အထဲကိုဝင်နေတဲ့ နို့သီးခေါင်း ပြားချပ်နေတဲ့ နို့သီးခေါင်းစသဖြင့်မျိုးစုံရှိတတ်ကြပါတယ်။

များသောအားဖြင့်တော့ ဘယ်လိုပုံစံရှိရှိ နို့သီးခေါင်းတွေက နို့သီးခေါင်းအလုပ်လုပ်ကြပြီး ပြဿနာမရှိတတ်ပါဘူး။ တချို့တလေမှာ ရှားရှားပါးပါး နို့သီးခေါင်းနှစ်ခုထက်ပိုပြီး ပါနေတတ်သလို တစ်ခုမှကို မပါတာမျိုးလည်း ရှိတတ်ပါတယ်။ ပြောခဲ့သလိုပဲ ရှားတော့ အတော်လေး ရှားပါတယ်။

တချို့နို့သီးခေါင်းပုံစံတွေဟာ ကလေးနို့တိုက်တဲ့အခါ အဆင်မပြေတတ်ဘူးဆိုပြီး ပြောကြတာတွေလည်း ရှိပါတယ်။ မှန်ပါတယ်။ အချို့သော နို့သီးခေါင်းပုံစံတွေက ကလေးနို့တိုက်ရာမှာ အခက်အခဲရှိနိုင်ပေမဲ့ အများစုကတော့ ဒါမျိုးကြုံရလေ့ မရှိပါဘူး။ ပြားတဲ့နို့သီးခေါင်း၊ အလွန်ကြီးတဲ့နို့သီးခေါင်းနဲ့ အထဲဝင်နေတဲ့နို့သီးခေါင်းတွေဟာ တခါတရံမှာ ကလေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ရာ အခက်အခဲ ရှိတတ်တယ်လို့ ပြောထားတာတွေတော့ ရှိပါတယ်။

အခုဆောင်းပါးမှာတော့ များသောအားဖြင့်တွေ့ရလေ့ရှိတဲ့ နို့သီးခေါင်းပုံစံတွေကို ဖော်ပြပေးသွားပါမယ်။

၁။ နို့သီးခေါင်းဖောင်းဖောင်းလုံးလုံး

တချို့သူတွေမှာ ခုလိုနို့သီးခေါင်း ဖောင်းဖောင်းလုံးလုံးလေးတွေ ရှိတတ်ပြီး နို့သီးခေါင်းအောက်အရေပြားအဝိုင်းလေးကလည်း အပြင်ကိုမို့မို့ဖောင်းဖောင်းလေး ဖြစ်နေတတ်ပါတယ်။

၂။ အမွှေးအမျှင်ထွက်တတ်တဲ့ နို့သီးခေါင်း

တချို့မှာတော့ နို့သီးခေါင်းတဝိုက်မှာ အမွှေးအမျှင်ထွက်တတ်တာတွေ့ရပါတယ်။ တစ်ပင်နှစ်ပင်လောက်ပဲတွေ့ရတဲ့သူရှိသလို အများကြီးပေါက်တဲ့သူတွေလည်း ရှိပါတယ်။

၃။ နို့သီးခေါင်းကော့ကော့ချွန်ချွန်

နို့သီးခေါင်းကော့ကော့ချွန်ချွန်လေးတွေကလည်း ပုံမှန်ပါပဲ။ အောက်ခံအရေပြားကနေ အပေါ်ကို တုတ်ချောင်းလေးလို ချွန်ထွက်နေတတ်တယ်။ ဘယ်လောက်ကော့ ဘယ်လောက်ချွန်တယ်ဆိုတာကတော့ တယောက်ချင်းအပေါ် မူတည်ပါသတဲ့။

၄။ အထဲချိုင့်ဝင်နေတဲ့နို့သီးခေါင်း

တချို့ကြတော့ အထဲကိုချိုင့်ဝင်နေတတ်တဲ့ နို့သီးခေါင်းတွေ ပိုင်ဆိုင်ထားကြပြီး အေးတဲ့အခါ လိင်စိတ်နိုးထတဲ့အခါမျိုးတွေမှာ ထောင်လာတတ်ပါသတဲ့။ တခါတလေကျတော့လည်း ဘာဖြစ်ဖြစ်ကို ထောင်မလာတာမျိုးလည်း ရှိနိုင်ပါတယ်။

၅။ နို့သီးခေါင်းအပြား

တချို့ကျ ချွန်လည်းမထွက် ၊ အထဲလည်းမဝင်ဘဲ ပြားပြားကလေး ရှိနေတတ်ပါတယ်။

၆။ အဖုကလေးလိုဖြစ်နေတဲ့နို့သီးခေါင်း

တချို့နို့သီးခေါင်းတွေကျ အောက်ခံအရေပြားပေါ်မှာ ပေါက်နေတဲ့အဖုလိုပုံမျိုးနဲ့ ရှိနေတတ်ပါတယ်။

ခုပြောခဲ့သမျှက ပုံမှန်မဟုတ်တဲ့ နို့သီးခေါင်းတခုမှ မပါပါဘူး။ အများဆုံးတွေ့ရှိရတဲ့ပုံစံတွေကို ပြောပြထားတာဖြစ်ပါတယ်။ တကယ်တမ်းစိတ်ပူရမဲ့ နို့သီးခေါင်းပြဿနာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေ ရှိနေရင်တော့ ရင်သားကင်ဆာစိုးရိမ်ဖွယ်ရာ ရှိတာမို့ သတိထားဖို့လိုပါလိမ့်မယ်။ ဒါတွေကတော့

– နို့သီးခေါင်းနာကျင်တာ
– နို့ရည်မဟုတ်ပဲ အခြားအရည်တွေထွက်တာ
– နို့သီးခေါင်းမှာ အသားပက်သလို အဖတ်ဖတ်တွေလန်တာ စသဖြင့်ပါ။

ဒီလက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါတွေကလွဲလို့တော့ ကိုယ့်နို့သီးခေါင်းကို သိပ်စိတ်ပူစရာ မလိုကြောင်း အသိပေးလိုက်ရပါတယ်။

Dr.KG

ဆက်စပ် ဆောင်းပါးများ