ဆီးမထိန်းနိုင်ခြင်းသည် အလွန်ကသိကအောက်နိုင်သော လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းဖြစ်သော်လည်း ဆီးသွားသောအခါတွင်လည်း မများပါ။ အနည်းငယ်ဆီးသွားသည်ဆိုသော်လည်း ဆီးမထိန်းနိုင်ခြင်းသည် ပိုးဝင်ခြင်းနှင့် အခြားသောကျန်းမာရေးအခြေအနေများကြောင့်ဖြစ်နိုင်ပါတယ်။
ဆီးမထိန်းနိုင်သောအကြောင်းရင်းများမှာ –
၁။ ဆီးပိုးဝင်ခြင်း
အများအားဖြင့် ဆီးပိုးဝင်ခြင်းကြောင့် ဆီးမကြာခဏသွားချင်စိတ် ဖြစ်စေပါတယ်။ CDC လေ့လာချက်အရ ဆီးပိုးဝင်ခြင်းဟာ ဆီးလမ်းကြောင်းဘယ်နေရာမှာမဆို ဖြစ်နိုင်ပေမဲ့ အများအားဖြင့်ဆီးအိမ်ကို ကူးစက်စေပြီး ဆီးအိမ်ရောင်စေပါတယ်။ အမျိုးသမီးများမှာ အဖြစ်များပါတယ်။ ဆီးပိုးဝင်သူဟာ မကြာခဏဆီးသွားချင်ပြီမထိန်းနိုင်ဘဲ အနည်းငယ်သာ သွားတတ်ပါတယ်။ အခြား
ဆီးပိုးဝင်သောလက္ခဏာများမှာ –
– ဆီးပူခြင်း
– ကိုယ်အပူချိန်ရှိခြင်း
– သွေးပါခြင်း သို့မဟုတ် ဆီးနောက်ခြင်း
– ဗိုက်အောက်ပိုင်းနာခြင်းစသည်တို့ဖြစ်ပါတယ်။
ကာကွယ်ရန်
၁) အဆီအဆိမ့်ရှောင်ပါ။
၂) ကျောက်ကပ်ထိစေမယ့် အစားအစာများ (မှို၊ မျှစ်၊ ကညွတ် ကလီစာပါသောအစာများ) ရှောင်ပါ။
၃) အရက်ဘီယာ ရှောင်ပါ။
၄) မလိုအပ်ဘဲ ဆေးတွေမသောက်ပါနဲ့။
၅) ဝိတ်ချပါ။
၆) အသီးအရွက်များများစားပါ။
၇) ရေများများသောက်ပါ။
၈) ဆီးသွားပြီးတိုင်း သန့်ရှင်းရေးလုပ်ပါ။
၉) အတွင်းခံတွေ သန့်ရှင်းနေပါစေ။
၂။ ကိုယ်ဝန်ဆောင်ချိန်
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးမထိန်းနိုင်ဘဲ မကြာခဏသွားနိုင်ပါတယ်။ ကိုယ်ဝန်ရှိစအချိန်ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ပိုဆိုးတတ်ပါတယ်။ လရင့်လာသောအချိန်မှာလည်း ကလေးအနေအထားအရ ဆီးအိမ်ဖိထားတာကြောင့် ဆီးမထိန်းနိုင်ပါ။
၃။ ဆီးအိမ် အလုပ်လုပ်မှုမြန်နေခြင်း
အာရုံကြောပြဿနာတွေကြောင့် ဆီးအိမ်ဟာ ဆီးအနည်းငယ်ရှိရုံနဲ့ ညှစ်ချသောကြောင့် ဆီးမထိန်းနိုင်ဘဲ မကြာခဏသွားချင်စိတ်ဖြစ်စေပါတယ်။
၄။ ဆီးကျိတ်ကြီးခြင်း
အမျိုးသားတွေမှာ ဆီးကျိတ်ကြီးသောကြောင့် ဆီးမထိန်းနိုင်ဘဲ မကြာခဏသွားချင်စိတ် ပေါ်လာပါတယ်။ အခြားသော ဆီးကျိတ်ကြီးသောလက္ခဏာများမှာ
– ဆီးစသွားရန်ခက်ခဲခြင်း
– ဆီးအားနည်းခြင်း
– ဆီးတစက်စက်ကျခြင်း
– ဆီးသွားပြီးနောက်နာကျင်ခြင်းစသည်တို့ဖြစ်ပါတယ်။
၅။ ဆီးအိမ်၊ ဆီးကျိတ်၊ သားဥအိမ်ကင်ဆာ
စတတဲ့ ရောဂါတွေကြောင့်လည်း ဆီးမထိန်းနိုင်ဖြစ်နိုင်ပါတယ်။
ကုသမှု
ကုသမှုနည်းလမ်းများအနေဖြင့် ဖြစ်နိုင်တဲ့အကြောင်းရင်းတွေအပေါ်မူတည်ပြီး ကုသမှုခံယူရပါမယ်။ ပိုးသတ်ဆေးသောက်ခြင်း၊ ဆီးကျိတ်ခွဲခြင်းနဲ့ ကင်ဆာကုသခြင်းစသည်တို့ကို ပြုလုပ်သင့်ပါတယ်။
ဒါကြောင့် ဆီးအိမ်ထဲဆီးမရှိပေမဲ့ ဆီးပေါက်ချင်သောစိတ် ဖြစ်စေတဲ့ အကြောင်းရင်းအများကြီးရှိပါတယ်။ တချို့လူနာတွေဟာ လူနေထိုင်မှုစနစ်ပြောင်းလဲရုံနဲ့ ပျောက်ကင်းနိုင်ပေမဲ့ အချို့လူနာတွေဟာ အကြောင်းရင်း သေချာရှာဖွေကုသသင့်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းဟာ ပေါ့ဆလို့မဖြစ်ဘဲ အရေးကြီးတဲ့ကျန်းမာရေးလက္ခဏာတစ်ခုဖြစ်ပါတယ်။
Dr. Pyae Shin