ကိုယ်ဝန်ဆောင်စဉ်ချော်လဲခြင်း

ကိုယ်ဝန်ဆောင်စဉ်ချော်လဲခြင်း

ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ချော်လဲတာဟာ အဖြစ်များတဲ့ကိစ္စတခုပါ။ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင် အယောက် ၁၀၀ မှာ ၂၇ ယောက်လောက်ဟာ ကိုယ်ဝန်ဆောင်စဉ်မှ ာချော်လဲတာမျိုး ဖြစ်နိုင်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်တဲ့အခါမှာ တဖြည်းဖြည်း ဗိုက်ထွက်လာတာနဲ့အမျှ လမ်းလျှောက်ရခက်လာသလို ဟန်ချက်ထိန်းရတာလည်းခက်လာလို့ဖြစ်ပါတယ်။

တခုကံကောင်းတာက ချော်လဲတဲ့အခါ သန္ဓေသားလေးကို လွယ်လွယ်နဲ့မထိခိုက်အောင် သားအိမ်မှာရှိတဲ့ ကြွက်သားတွေနဲ့ သားအိမ်အတွင်းကရေမွှာအိတ်ထဲမှာရှိတဲ့ ရေမွှာရည်တွေက အကာကွယ်ပေးထားပါတယ်။ သို့သော် ဒီလိုကာကွယ်ပေးထားလို့ ဘယ်လောက်ချော်လဲချော်လဲ ဘာမှမဖြစ်ဘူးလို့တော့ ပြောမရပါဘူး။ ကိုယ်ဝန်ဆောင်စဉ်ချော်လဲတာဟာ တချို့တွေမှာဘာမှမဖြစ်ပေမယ့် တချို့တွေမှာကျ မိခင်ရော ကလေးပါ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ချော်လဲတာ စိုးရိမ်ရမရ ဆိုတာဟာ ကိုယ်ဝန်ဘယ်နှစ်လမှာဖြစ်တာလဲ ဘယ်လောက်ပြင်းထန်မှုရှိလဲ ချော်လဲပြီးနောက်ဘာတွေဖြစ်လဲ စတဲ့အချက်တွေပေါ်မူတည်ပါတယ်။

လေ့လာမှုတွေအရ ကိုယ်ဝန်ပထမသုံးလမှာဆိုရင် သားအိမ်ဟာ တင်ပဆုံရိုးကွင်းရဲ့နောက်မှာပဲကပ်ရှိနေတဲ့အတွက် ကိုယ်ဝန်ပထမသုံးလမှာ ချော်လဲတာဖြစ်ပါက သိပ်မပြင်းထန်ဘူးဆိုရင် စိုးရိမ်ရနိုင်ခြေနည်းပါတယ်။ ဒုတိယသုံးလအဆုံးနဲ့ တတိယသုံးလအစပိုင်း ကာလတွေမှာဆိုရင်တော့ သားအိမ်ဟာ တင်ပဆုံရိုးကွင်းထဲမှာ ရှိမနေတော့ဘဲ ဝမ်းဗိုက်ပိုင်းထဲရောက်လာတာဖြစ်တဲ့အတွက် အဲ့ကာလတွေမှာချော်လဲတာဖြစ်ရင်တော့ အသာအယာချော်လဲသည်ဖြစ်စေ ပြင်းပြင်းထန်ထန်ချော်လဲသည်ဖြစ်စေ ကလေးရော မိခင်ကိုပါ ထိခိုက်နိုင်ခြေများပါတယ်။

ဘယ်အချိန်မှာချော်လဲချော်လဲ ချော်လဲတာပြင်းထန်သည်ဖြစ်စေ မပြင်းထန်သည်ဖြစ်စေ ချော်လဲပြီးနောက် အောက်ပါအချက်တွေခံစားရပါက ချက်ချင်းဆေးခန်းပြစမ်းသပ်ကြည့်ဖို့လိုပါတယ်။

အဲ့ဒါတွေကတော့

၁။ ချော်လဲပြီးနောက် မိန်းမကိုယ်ကနေ အရည်ဆင်းတာ သွေးဆင်းတာတွေရှိရင်

၂။ ချော်လဲပြီးနောက် ဝမ်းဗိုက်နာကျင်မှု ခံစားရရင်

၃။ ချော်လဲပြီးနောက် ကလေးမလှုပ်တော့ရင် သို့မဟုတ် အလှုပ်နည်းသွားရင် ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ချော်လဲတာဖြစ်နိုင်ခြေနည်းအောင် ဖိနပ်အထူစီးတာတွေ၊ ဖိနပ်အောက်ခံပြားက လျှောနေတဲ့ဖိနပ်မျိုးစီးတာတွေ ရှောင်ပါ။ ဖိနပ်အပါးကိုမှ ဖိနပ်အောက်ခံပြားက မလျှောတဲ့အမျိုးအစားကိုစီးပါ။ တတ်နိုင်သမျှ အမြင့်တက်တာတွေရှောင်ပါ။ လှေကားအတက်အဆင်းပြုလုပ်ပါက လှေကားလက်ရန်းကို ကိုင်တက်ကိုင်ဆင်းပါ။ လက်ရန်းမရှိပါက နံရံဘက်ကနေ ကပ်တက်ကပ်ဆင်းပါ။ အလေးအပင်မပြီးလမ်းလျှောက်တာ၊ အလေးအပင်မပြီး လှေကားတက်တာတွေရှောင်ပါ လို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ