အမွှာကိုယ်ဝန်ဖြစ်ဖို့ အထောက်အကူပြုနိုင်သောအချက်များ

အမွှာကိုယ်ဝန်ဖြစ်ဖို့ အထောက်အကူပြုနိုင်သောအချက်များ

တချို့အိမ်ထောင်ရှင်စုံတွဲတွေက ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာလေးတွေကို ရချင်ကြပါတယ်။အမွှာလေးတွေဟာလည်း တကယ်ကိုချစ်စရာကောင်းပါတယ်။

သို့ပေမယ့် ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာကိုယ်ဝန်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို ဖြစ်နိုင်ခြေလည်းနည်းပါတယ်။ အခုခေတ်စားနေတဲ့ ဖန်ပြွန်သန္ဓေနည်း (IVF) နဲ့ အမွှာကိုယ်ဝန်ရဖို့လုပ်ဆောင်နိုင်တယ်ဆိုတာတောင် သေချာပေါက်ရမယ်လို့အာမမခံနိုင်သလို ရနိုင်ခြေဟာလည်းနည်းနေပါသေးတယ်။

အမွှာကိုယ်ဝန်ရဖို့ဆိုတာဟာ အချက်အလက်တွေ အကြောင်းရင်းတွေများစွာပေါ်မူတည်ပြီး ထိုအကြောင်းရင်းတွေထဲက အတော်များများတိုက်ဆိုင်ကာ ကံကလည်းလိုက်မှ ရနိုင်တာပါ။ ဒါကြောင့် ဒီတပတ်မှာ အမွှာကိုယ်ဝန်ရဖို့အတွက် ဘယ်အကြောင်းတွေပေါ်မူတည်လဲ၊ ဘယ်အကြောင်းတွေက အမွှာကိုယ်ဝန်ဖြစ်နိုင်ခြေကို များစေလဲဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။ အသက်အရွယ်ကိုယ်ဝန်ဆောင်တဲ့အခါ ငယ်ရွယ်တဲ့အမျိုးသမီးတွေထက် အသက်ကြီးတဲ့အမျိုးသမီးတွေ (အသက် ၃၀ ကျော်အမျိုးသမီးတွေ) ဟာ အမွှာကိုယ်ဝန်ရနိုင်ခြေပိုများကြောင်း သုတေသနတွေအရသိရပါတယ်။

အသက်ကြီးလာတဲ့အခါ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥကိုကြွေစေရန် လှုံ့ဆော်ပေးတဲ့ဟော်မုန်း (Follicular Stimulating Hormone) ပမာဏာဟာမြင့်တက်လာပါတယ်။ အဲ့လိုမြင့်တက်လာခြင်းဟာ သားဥကြွေခြင်းကို ပိုမိုလှုံဆော်ပေးတဲ့အတွက် ပုံမှန်တလမှာ သားဥတလုံးကြွေတဲ့အစား သားဥတလုံးထက်ပိုပြီး ကြွေတာမျိုးဖြစ်ပြီး အမွှာကိုယ်ဝန်ရခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ မိသားစုမျိုးရိုးအတွင်း အမွှာမွေးဖူးတဲ့သူရှိခြင်း

မိမိရဲ့ အမေ၊ အဒေါ်၊ အဖွား၊ ညီမ၊ အမ တွေမှာ အမွှာမွေးဖူးတဲ့သူရှိပါက မိမိမှာလည်းအိမ်ထောင်ကျလို့ ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာမွေးနိုင်ခြေဟာပိုများပါတယ်။ ဒါ့အပြင် မိမိအမျိုးသားဖက်က ဆွေမျိုးတွေထဲမှာလည်း အမွှာမွေးဖူးတဲ့သူရှိပါက ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာမွေးနိုင်ခြေဟာ ၇၀ ရာခိုင်နှုန်းကျော်ထိ ဖြစ်နိုင်ကြောင်း လေ့လာမှုတွေအရသိရပါတယ်။

၃။ ကိုယ်အလေးချိန်လေ့လာမှုတွေအရ ကိုယ်အလေးချိန်များပြီး ဝတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ရနိုင်ခြေ (မျိုးအောင်နိုင်ခြေ) နည်းပါတယ်။ ဒါပေမယ့် တကယ်လို့ကိုယ်ဝန်ရခဲ့တဲ့အခါမှာဆိုရင် ပိန်တဲ့အမျိုးသမီးတွေ၊ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့အမျိုးသမီးတွေထက် အမွှာဖြစ်နိုင်ခြေပိုများကြောင်းသိရပါတယ်။

ဒါဟာဘာဖြစ်လို့လဲဆိုတော့ ဝတဲ့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေဟာ အီစတိုဂျင်ဟော်မုန်းကိုများစေပြီး ထိုများလာတဲ့ဟော်မုန်းဓါတ်ဟာ မမျိုးဥကြွေခြင်းကို များများဖြစ်အောင်လှုံဆော်ကာ တလပုံမှန်သားဥတလုံးကြွေရမယ့်အစား တလုံးထက်ပိုကြွေခြင်းကို ဖြစ်စေတာကြောင့်ပါ။

၄။ အရပ်အမြင့်အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ သာမန်အရပ်ရှိတဲ့ အမျိုးသမီးတွေ အရပ်ပုတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာရနိုင်ခြေပိုများပါတယ်။ သုတေသနလေ့လာမှုတခုအရ ၁၆၅ စင်တီမီတာ (ငါးပေ ငါးလက်မ) နဲ့အထက် အရပ်မြင့်တဲ့ အမျိုးသမီးတွေဟာ သာမန်အရပ်အမြင့် (ငါးပေ ၃လက်မကျော်) ရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာရနိုင်ခြေဟာ နှစ်ဆကျော်ပိုများကြောင်းသိရပါတယ်။ ဘာလို့ဒီလိုဖြစ်ရလဲအကြောင်းရင်းကိုတော့ ခုထိ အဖြေရှာမရသေးပါဘူးလို့ သုတေသနလေ့လာမှုလုပ်တဲ့သူတွေကပြောထားပါတယ်။

၅။ ကိုယ်ဝန်ဆောင်အကြိမ်အရေအတွက်များခြင်း (ကလေးများများမွေးခြင်း) အမွှာကိုယ်ဝန်ဟာ သားဦးကိုယ်ဝန်ထက် နောက်အကြိမ် ကိုယ်ဝန်ဆောင်တဲ့အခါတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် အမွှာရချင်ရင် ကလေးတယောက် သို့မဟုတ် နှစ်ယောက်လောက်မွေးပြီးတာနဲ့ ဆက်မယူတာမျိုးမလုပ်ဘဲ ဒုတိယမြောက်ကိုယ်ဝန် တတိယမြောက်ကိုယ်ဝန် ဆက်ယူသင့်ပါတယ်။

၆။ မိခင်နို့တိုက်ကျွေးခြင်း

လေ့လာမှုတွေအရ မွေးတဲ့ကလေးကို မိမိနို့ (မိခင်နို့) တိုက်ကျွေးတဲ့ မိခင်တွေဟာ မိခင်နို့မတိုက်ကျွေးတဲ့ မိခင်တွေထက် နောက်အကြိမ်ကိုယ်ဝန်ဆောင်တဲ့အခါမှာ အမွှာရနိုင်ခြေပိုများကြောင်းသိရပါတယ်။

၇။ ဖောလစ်အက်စစ်သောက်ခြင်း

ဖောလစ်အက်စစ်ဟာ ဗီတာမင်ဘီအမျိူးအစားတမျိူးပါပဲ။ ပြောရရင်ဗီတာမင်ဘီနိုင်း (Vitamin B9) လို့လည်းခေါ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေအသစ်တည်ဆောက်တဲ့ နေရာမရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တမျိုးပါ။ ဒီအင်အေတည်ဆောက်ရာမှာလည်း အရေးပါတဲ့ပစ္စည်းတခုအနေနဲ့ပါဝင်ပြီးတော့ သွေးနီဥတွေကြီးထွားဖို့အတွက်လည်း အထောက်အကူပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာမှ သောက်ရတာမဟုတ်ဘဲ ကိုယ်ဝန်ယူဖို့ကြိုးစားနေတဲ့ကာလမှာလည်း အားဆေးအနေနဲ့သောက်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လမှာ ဖောလစ်အက်စစ်သောက်သုံးပေးမယ်ဆိုရင် သန္ဓေသားမှာ ဦးနှောက်နဲ့အာရုံကြောမကြီး မဖွံ့ဖြိုးတာ ချို့ယွင်းတာ (Birth Defect Of Brain And Spinal Cord) တွေကို ၇၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ပါတယ်။

ဖောလစ်အက်စစ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ ဆက်နွယ်မှုရှိတဲ့ ဟိုမိုဆစ်စတင်အင်း (Homocysteine) ပမာဏကိုလည်း နည်းစေပါတယ်။ ဒါ့အပြင် လေ့လာမှုတွေအရ ဖောလစ်အက်စစ်ဟာ သားဥကြွေခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းရှိတဲ့အတွက် ကိုယ်ဝန်ယူဖို့ကြိုးစားနေတဲ့ကာလမှာ ဖောလစ်အက်စစ်ကို တနေ့တလုံးသောက်ပေးပါက အမွှာဖြစ်နိုင်ခြေကိုများစေနိုင်ကြောင်းသိရပါတယ်။ တနေ့တာ ဖောလစ်အက်စစ်လိုအပ်ချက်ကတော့ ၄၀၀ မိုက်ခရိုဂရမ်ပါ။ သို့သော်ကိုယ်ဝန်ဆောင်အမျိူးသမီးတွေမှာ ဒီထက်ပိုလိုအပ်နိုင်ပါတယ်။

၈။ မျိုးနွယ်

အာဖရိကန် အမေရိကန် (African-Americans) လူမျိုးနွယ်ဝင်တွေဟာ ကော့ကေးရှန်းလူမျိုးနွယ်ဝင် (Caucasian) တွေထက် အမွှာရနိုင်ခြေပိုများပါတယ်။ အာရှလူမျိုးနွယ်ဝင် (Asian) အမျိုးသမီးတွေဟာ အမွှာရနိုင်ခြေအနည်းဆုံးဖြစ်ကြောင်း လေ့လာမှုတွေအရသိရပါတယ်။

၉။ အစားအစာ

ပီလောပီနံ၊ ကန်စွန်းဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အများအပြား မကြာခဏ စားသုံးတဲ့အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေများကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ ဒါဟာဘာကြောင့်မှန်းတော့ ခုထိအဖြေရှာမရသေးသလို ဘယ်လိုဖြစ်လဲဆိုတာလည်း သေချာရှင်းပြမရသေးပါ။ ဖြစ်နိုင်ခြေရှိတာကတော့ အဲ့အစားစာတွေထဲမှာပါတဲ့ ဓါတ်တွေဟာ မမျိုးဥကြွေတာကို အထောက်အကူပြုလို့ဖြစ်နိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ