ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသနိုင်ငံတွေထဲမှာ မိခင်သေဆုံးမှု (ကိုယ်ဝန်ဆောင် သေဆုံးနှုန်း – Maternal mortality rate) မြင့်မားသော နိုင်ငံဖြစ်ပြီး အဆင့်အနေနဲ့ ဒုတိယအဆင့်မှာ ရှိပါတယ်။

ကောက်ယူထားသော စာရင်းများအရ တနှစ်ကို ကိုယ်ဝန်ဆောင် အယောက် ၃၀၀၀ နီးပါး သေဆုံးနေကြောင်းသိရပါတယ်။

ဘာလို့ မိခင်သေဆုံးမှု (ကိုယ်ဝန်ဆောင်သေဆုံးနှုန်း) များနေရလဲလို့ လေ့လာကြည့်တဲ့အခါမှာ စုစုပေါင်းသေဆုံးမှုတွေရဲ့ ၁၂ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာများကြောင့် ဖြစ်ကြောင်း တွေ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတွင်း ပြည်သူအများစုအနေနဲ့ ကျန်းမာရေးဗဟုသုတ အထူးသဖြင့် မျိုးဆက်ခြားကျန်းမာရေးဗဟုသုတ အားနည်းခြင်း၊ စီးပွားရေးအခြေအနေအရ အောက်ခြေလူတန်းစားတချို့အနေနဲ့ သန္ဓေတားနည်းကို လက်လှမ်းမမီ၊ မသုံးနိုင်ခြင်း၊ လက်လမ်းမှီပြီး၊သုံးနိုင်တဲ့သူများတချို့အနေနဲ့ကျတော့လည်း ညွန်ကြားချက်အတိုင်းမသုံးဘဲ မိမိဘာသာမိမိ ထင်သလိုသုံးခြင်း စတဲ့အချက်တွေကြောင့် မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရလာတာမျိုးနဲ့ ကြုံရတတ်ပါတယ်။

မလိုချင်တဲ့ ကိုယ်ဝန်ရလာတဲ့အခါမှာ အများစုအနေနဲ့က ဖျက်ချဖို့ကြိုးစားကြပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းကို ကျွန်တော်တို့နိုင်ငံမှာ ဥပဒေအရလည်း တရားဝင်ခွင့်ပြုထားခြင်းမရှိသလို ဘာသာရေးအရလည်း လက်မခံတာကြောင့် ကိုယ်ဝန်ဖျက်ချဖို့ရာ အများစုအနေနဲ့က တချို့အရပ်လက်သည်တွေ၊ အပ်ပုန်းတွေနဲ့ဖျက်ချတာ သို့မဟုတ် အွန်လိုင်းက တရားမဝင်ပေ့တွေမှာ ကြေညာထားတဲ့ ကိုယ်ဝန်ဖျက်ဆေးတွေ ဝယ်သောက်တာမျိုးတွေကို လုပ်ကြလေ့ရှိပါတယ်။

အဲ့လိုတွေလုပ်ရင်းနဲ့ သွေးလွန်တာ၊ သွေးဆိပ်သင့်တာတွေဖြစ်ကာ ဆေးရုံကို အချိန်လွန်မှပဲ ရောက်လာကြကာ အသက်ဆုံးရှုံးကြရလေ့ရှိပါတယ်။

ကိုယ်ဝန်ဖျက်ချတဲ့သူအများစုက ကိုယ်ဝန်ပျက်ဖို့ပဲ စိတ်စောနေပြီး ကိုယ်ဝန်ဖျက်ချရင် မိမိအတွက် အသက်အန္တရာယ်ရှိတာ၊ သွေးဆိပ်သင့်တာ၊ သွေးလွန်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်နိုင်တာကို မသိကြတာများပါတယ်။

ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ ကိုယ်ဝန်ဖျက်ချရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းတွေကို ရေးသားတင်ပြချင်ပါတယ်။

၁။ အကုန်အစင်မဆင်းဘဲ အထဲမှာကျန်နေခြင်း

အကုန်အစင်မဆင်းဘဲ အထဲမှာကျန်နေတဲ့အခါ သွေးဆင်းမရပ်ဘဲ သွေးဆင်းများကာ ဆင်းတဲ့ရက်ကြာနေတာ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။

အဲ့အခါမှာ ကျန်နေတဲ့အပိုင်းအစကို ဖယ်ထုတ်ဖို့အတွက် သားအိမ်ခြစ်ဖို့ လိုနိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် ခွဲစိတ်ဖို့အထိ လိုနိုင်ပါတယ်။

၂။ ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်း

မသန့်ရှင်းသောပစ္စည်းများ (ဥပမာ- တုတ်ချောင်း၊ စမုတ်တံ) ဖြင့် မိန်းမကိုယ်ကတဆင့် သားအိမ်ထဲထိုးခြင်း၊ လက်ကိုသေချာမသန့်ရှင်းဘဲ သားအိမ်ထဲနှိုက်ခြင်းတို့ကြောင့် ပိုးဝင်နိုင်သလို ကိုယ်ဝန်ဖျက်ချဆေးသောက်ပြီး အကုန်အစင်မပျက်ကျဘဲ အထဲမှာ ကျန်ခဲ့လို့လည်း ပိုးဝင်နိုင်ပါတယ်။ ဒါ့အပြင် ဆေးသောက်လို့ အကုန်အစင်ပျက်ကျသွားရင်လည်း ပိုးဝင်နိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကလေးပျက်ကျပြီးသွေးဆင်းတဲ့အခါ သားအိမ်ခေါင်း (Cervix) ကပွင့်နေတဲ့အတွက်ပါ။ ထိုပွင့်နေတဲ့ သားအိမ်ခေါင်းကနေတဆင့် ဘက်တီးရီးယားပိုးတွေဟာ သားအိမ်ထဲ ဝင်ရောက်ကူးစက်နိုင်ပါတယ်။

ပိုးဝင်တာက အခြေအနေဆိုးရင် သွေးဆိပ်တက်တာ (ပိုးတွေဟာ သွေးကြောထဲကတဆင့် တကိုယ်လုံးကိုပျံ့နှံ့သွားပြီး ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပျက်စီးတာ) ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

၃။ သားအိမ်ပေါက်ခြင်း

သားအိမ်ထဲကို တုတ် သို့မဟုတ် စမုတ်တံနဲ့ထိုးတဲ့အခါ ပိုးဝင်နိုင်တာအပြင် သားအိမ်ထိခိုက်ဒဏ်ရာရပြီး ပေါက်သွားတာလည်း ဖြစ်တတ်ပါတယ်။ သားအိမ်ပေါက်တာဟာ သေးရင် သူ့ဘာသူပြန်ပိတ်သွားနိုင်ပေမယ့် ပေါက်တဲ့နေရာများရင် အပေါက်ကကြီးရင် သားအိမ်တခုလုံးထုတ်လိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

၄။ သွေးဆင်းလွန်ခြင်း

သားအိမ်အတွင်းသန္ဓေသားအပိုင်းအစကျန်ခြင်း၊ပိုးဝင်ခြင်း၊သားအိမ်ထိခိုက်ဒဏ်ရာရပြီးသားအိမ်ပေါက်ခြင်း၊သားအိမ်ခေါင်းထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် သွေးဆင်းများပြီး သွေးပေါင်ချိန်ကျကာ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

ကံကောင်းလို့ ဒီလိုတွေမဖြစ်ဘဲ ပြီးသွားတဲ့သူများအနေနဲ့လည်း တခါကိုယ်ဝန်ဖျက်ချခဲ့ခြင်းကြောင့် နောက်ကိုယ်ဝန်အပေါ် အောက်ပါအတိုင်း အကျိုးသက်ရောက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

၁။ အချင်းရှေ့ရောက်ခြင်း

ပထမတခါ ကိုယ်ဝန်ဖျက်ချထားခဲ့တာကြောင့် သားအိမ်နံရံမှာအမာရွတ်ဖြစ်ကာ နောက်တကြိမ်ကိုယ်ဝန်မှာ အချင်းက ပုံမှန်နေရာ (သားအိမ်ရဲ့ထိပ်ပိုင်း) မှာမရှိတော့ဘဲ သားအိမ်ခေါင်းဝနေရာမှာ သွားရှိနေတတ်ပါတယ်။

ကိုယ်ဝန်ဖျက်မချထားဖူးတဲ့ သူတွေနဲ့ယှဉ်ရင် ကိုယ်ဝန်ဖျက်ချထားဖူးတဲ့သူတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါမှာ အချင်းရှေ့ရောက်နိုင်ခြေ ၇ဆ ကနေ ၁၅ဆ ထိပိုဖြစ်နိုင်ခြေများပါတယ်။

အချင်းရှေ့ရောက်တာဟာ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။

၂။ နေရာလွဲမှားသန္ဓေတည်ခြင်း

ကိုယ်ဝန်ဖျက်ချထားဖူးပါက နောက်တကြိမ်ကိုယ်ဝန်ဆောင်တဲ့အခါမှာသန္ဓေသားက သားအိမ်မှာမတည်ဘဲ သားအိမ်ပြင်ပနေရာတွေ (ဥပမာ သားဥပြွန်) ထဲမှာ သွားရောက် သန္ဓေတည်တတ်ပါတယ်။

အဲ့လိုဖြစ်တဲ့အခါ ကလေးကအဖတ်မတင်ဖြစ်တတ်ပြီး မိခင်အတွက်လည်း အန္တရာယ်ရှိတတ်ပါတယ်။

၃။ နေ့မစေ့လမစေ့ဘဲ စောမွေးခြင်း

အရင်ကကိုယ်ဝန်ဖျက်ချခဲ့ဖူးတာကြောင့် သားအိမ်ခေါင်းဟာ ထိခိုက်ဒဏ်ရာရပြီး အားနည်းတာ မလုံတာတွေဖြစ်ကာ နေ့မစေ့လမစေ့ဘဲမွေးတာတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေအပြင်ကို နောက်ထပ်ဖြစ်နိုင်တဲ့ဆိုးကျိုး၂ခုလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

၁။ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အသည်းကင်ဆာဖြစ်နိုင်ခြေကို များလာစေခြင်း

ကိုယ်ဝန်ဖျက်ချတဲ့အခါ ခန္ဓာကိုယ်တွင်းဟော်မုန်းဓါတ်တွေကို အပြောင်းအလဲဖြစ်စေခြင်းနဲ့ သားအိမ်ခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ဖိစီးစရာများခြင်းတို့ကြောင့် သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အသည်းကင်ဆာ ဖြစ်နိုင်ခြေတွေဟာ မြှင့်တက်လာပါတယ်။

သုတေသနတွေအရ ကိုယ်ဝန်ဖျက်ချခဲ့ဖူးတဲ့သူတယောက်ဟာ မဖျက်ချဖူးတဲ့သူနဲ့ယှဉ်ရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေဟာ ၂ဆကျော်များနေပါတယ်။

၂။ စိတ်ကျဝေဒနာခံစားရခြင်း

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နာကျင်တတ်ပြီး ရေရှည်မှာ စိတ်ကျဝေဒနာခံစားရတတ်ပါတယ်။ တချို့ဆိုရင် စိတ်ဓါတ်ကျတာ အရမ်းဆိုးလာတဲ့အတွက် ကိုယ့်ကိုကိုယ်သတ်သေတဲ့အထိ လုပ်တာမျိုးတွေလည်းရှိပါတယ်။

ခြုံပြောရရင် ကိုယ်ဝန်ဖျက်ချတာဟာ သင်တို့ထင်မှတ်မထားနိုင်လောက်တဲ့ ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ကလေးကိုပဲထိခိုက်တာမဟုတ်ဘဲ အမေနဲ့နောက်တကြိမ်ကိုယ်ဝန်ကိုပါ သွားထိခိုက်နိုင်ပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့မှာချင်တာက မလိုချင်တဲ့ကိုယ်ဝန်ကို မရအောင် လူတိုင်းလူတိုင်း သားဆက်ခြား ကျန်းမာရေးအကြောင်းကို သေချာလေ့လာဖို့နဲ့ သားဆက်ခြားနည်းတွေကို သုံးရာမှာလည်း သိတတ်နားလည်သူတွေကညွန်ကြားထားတဲ့အတိုင်းသုံးဖို့လိုပါတယ်။

အခုခေတ် အွန်လိုင်းဖေ့ဘွတ်မှာ ဆရာဝန်တွေ ကိုယ်တိုင်ထောင်ထားတဲ့တရားဝင် ပေ့တွေရှိပြီး ထိုပေ့တွေကလည်း သားဆက်ခြားနည်းနဲ့ပတ်သက်တာတွေကို သေချာရေးထားတဲ့ ဆောင်းပါးတွေလည်း တင်ပေးနေပါတယ်။

ဒါ့ပြင် အွန်လိုင်းကနေ ဆရာဝန်နဲ့မေးမြန်းလို့ရတဲ့ပေ့တွေလည်း အများကြီးရှိနေပါပြီ။

မျိုးဆက်ခြားကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်မရှင်းတာ၊ အပြင်မှာတွေ့ပြီးမမေးရဲတာတွေကိုလည်း စာနဲ့သေချာမေးမြန်းပြီး အကြံဉာဏ်ရယူဆွေးနွေးနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ