စားလို့လည်းရ ဆေးဖက်လည်းဝင်တဲ့ တမာပင်အကြောင်း

စားလို့လည်းရ ဆေးဖက်လည်းဝင်တဲ့ တမာပင်အကြောင်း

တမာကို အင်္ဂလိပ်လို Neem လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Azadirachta indica A.Juss. ဖြစ်ပါတယ်။ မျိုးရင်းကတော့ Meliaceae ပါ။

အရိပ်ရ အပင်ကြီး အမျိုးစားဖြစ်ပြီ အညာဒေသဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ သဘာဝအလျောက် ပေါများစွာပေါက်ရောက်ပါတယ်။

အရွက်အမျိုးအစားပုံစံအနေနဲ့ကတော့ ငှက်မွေးရွက်ပေါင်းဖြစ်ပြီး ရွက်မွှာများဟာ ငါးစုံမှ ခြောက်စုံအထိရှိပါတယ်။ လှံစွပ်ပုံအရွက်များ ရွက်ဆိုင်ထွက်ပါတယ်။

ရွက်ထိပ်ချွန်ပြီး ရွက်ရင်းအနား တဖက်သွယ်ပါတယ်။ အပွင့်အနေနဲ့ကတော့ အဖြူရောင် အပွင့်ငယ်လေးတွေ ပွင့်ပါတယ်။ အသီးအနေနဲ့က တစေ့ခွံသီးဖြစ်ပြီး လုံးဝန်းပါတယ်။

တမာရွက်နုလေးတွေကို မန်ကျည်းသီးနဲ့ရောပြုတ်ပြီး ငပိရည်နဲ့တို့စားတာလည်းရှိသလို ငါးနဲ့ရောပြီး ဟင်းချက်စားတာမျိုးလည်းရှိပါတယ်။

တမာပင်မှာ Nimbolide, hyperoride, nimbin, myristric acid, limbolide, azadirinin, quercetin, margosalone, margocilin, azadirol စတဲ့ ကျန်းမာရေးအတွက် အကျိုးပြုဓာတ်တွေ များစွာပါဝင်ပါတယ်။

ဒီလိုကျန်းမာရေးအတွက် အကျိုးပြုဓါတ်တွေ များစွာပါတဲ့အတွက် တမာပင်ဟာ ရောင်ရမ်းနာကျင်မှုကို လျော့ပါးသက်သာစေတဲ့ အစွမ်းသတ္တိ (Anti-inflammatory and analgesic action)၊ ဆီးချိုသွေးချိုကို ကျစေနိုင်တဲ့အစွမ်းသတ္တိ (Anti-diabetic action)၊ ကင်ဆာဖြစ်ခြင်းကို လျော့နည်းစေနိုင်တဲ့ အစွမ်းသတ္တိ (Anti-Oxidant action)၊ အဖျားကျစေနိုင်သော အစွမ်းသတ္တိ (Anti-pyretic action)၊ ဘက်တီးရီးယားပိုး မှိုပိုး ဗိုင်းရပ်စ်ပိုး ပါရာဆိုက်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိ၊ အရေပြားယားယံမှုကို သက်သာစေနိုင်တဲ့ အစွမ်းသတ္တိ စတဲ့အစွမ်းသတ္တိတွေ များစွာရှိပါတယ်။

ဒီလိုကျန်းမာရေးအတွက် အသုံးဝင်တဲ့အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ တမာပင်ရဲ့ အခေါက်၊ အရွက်၊ အသီးအပွင့်တွေကို ပန်းနာရင်ကြပ်ရောဂါ၊ အရေပြားရောဂါ၊ ဆီးချိုရောဂါ၊ အဖျား စတဲ့ ရောဂါတွေအတွက် ဆေးတွေဖော်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။

အိမ်သုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံတွေကို သိသလောက်ပြောရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တမာရွက်မှာ ပိုးမွှားအတော်များများကိုနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာဖြစ်တဲ့အခါ တမာရွက်ပြုတ်ရည်နဲ့ အနာကို ဖန်ရည်ဆေးပေးခြင်းဖြင့် အနာသက်သာပျောက်ကင်းနိုင်ပါတယ်။

ဒါ့အပြင် တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးပါက အရေပြားယားယံတာတွေကို ပျောက်ကင်း သက်သာစေနိုင်ပါတယ်။

အပူလောင်ဒဏ်ရာတွေ (ရေနွေးပူလောင်၊ ဆီပူလောင်) ဖြစ်ပါကလည်း တမာရွက်ပြုတ်ရည်ကို ဒဏ်ရာတဝိုက်လိမ်းပေးခြင်းဖြင့် ပိုးမွှားမဝင်အောင်ကာကွယ်ပေးနိင်ပြီး အနာကျက်ဖို့အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။

ခံတွင်းပျက်ပြီး စားသောက်ချင်စိတ်မရှိတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေဖြစ်ပါက တမာရွက်နုကို ပြုတ်ပြီးစားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဝမ်းထဲသန်ကောင်တွေရှိရင်လည်း ကျစေနိုင်ပါတယ်။

အရေပြားပြတ်ရှဒဏ်ရာရတာ၊ အရေပြားမှာ ယားနာတွေဖြစ်တာ၊ အနီကွက်ထတာတွေအတွက် တမာသီးကနေရတဲ့ တမာဆီကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

တမာဆီဟာ ဆံပင်သားကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဗောက်ထတာ၊ သန်းရှိတာ၊ ဆံပင်ကျွတ်တာတွေဖြစ်ပါက တမာဆီကိုဦးရေပြားမှာလိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် အရိုးအဆစ်တွေ၊ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာဖြစ်ပါကလည်း တမာဆီကို ရောင်ရမ်းနာကျင်တဲ့နေရာပေါ်မှာ လူးပေးပြီး အသာနှိပ်နယ်ပေးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။

Dr. သီတာနွယ်

ဆက်စပ် ဆောင်းပါးများ