ခြောက်တိုင်းမကောင်းတဲ့နေရာ

 

ခြောက်တိုင်းမကောင်းတဲ့နေရာ

ပုံမှန်မှာဆိုရင် မိန်းမကိုယ်မှာရှိတဲ့ဆဲလ်တွေက အစိုဓါတ်ကိုထုတ်ပေးပြီး မိန်းမကိုယ်နံရံကို စိုစွတ်မှုအလွှာပါးလေးနဲ့ လွှမ်းခြုံထားပါတယ်။

ဒီစိုစွတ်မှုအလွှာပါးလေးရှိခြင်းကြောင့် လိင်ဆက်ဆံရာမှာ ပွတ်တိုက်မှုအားကို လျှော့ချပေးပြီး သက်တောင့်သက်သာခံစားမှုကိုရစေပါတယ်။

ဒါ့အပြင် သုတ်ကောင်တွေမိန်းမကိုယ်ထဲမှာ သက်တမ်းကြာရှည်ဖို့နဲ့ မိန်းမကိုယ်ကနေ သားအိမ်၊သားဥပြွန်တွေဆီတက်ပြီး မမျိုးဥနဲ့ပေါင်းနိုင်ဖို့အတွက်လည်း ဒီစိုစွတ်မှုအလွှာပါးလေးက ကူညီပေးပါတယ်။

အကြောင်းတခုခုကြောင့် အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတဲ့အခါမှာ မိန်းမကိုယ်မှာရှိတဲ့ဆဲလ်တွေကလည်း အစိုဓါတ်ထုတ်ပေးနိုင်ခြေနည်းလာပြီး စိုစွတ်မှုအလွှာပါးလေးလည်းပျက်စီးလာပါတယ်။အဲ့အခါမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်းဖြစ်လာပါတယ်။

အများအားဖြင့်တော့ အသက်ကြီးလာတဲ့အခါမှာ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာ အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတတ်ပါတယ်။

အသက်ကြီးလို့ အီစတိုဂျင်ဟော်မုန်းနည်းလာပြီး မိန်းမကိုယ်ခြောက်သွေ့တာအပြင်

ကလေးမွေးတာ

ကလေးနို့တိုက်နေတာ

ဆေးလိပ်သောက်တာ

စိတ်ဖိစီးစရာများတာ

စိတ်ဓါတ်ကျဝေဒနာခံစားနေရတာ

ခန္ဓာကိုယ်ပင်ပန်းမှုများတာ

ကင်ဆာရောဂါအတွက် ဟော်မုန်းဆေးတွေသောက်နေရတာ၊ကင်ဆာဆေးသွင်းကုသနေရတာ၊ဓါတ်ရောင်ခြည်နဲ့ကုသနေရတာ

ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါတခုခုဖြစ်နေတာ(ဥပမာ Sjogren’s Syndrome)

သားဥအိမ်ကို ဖြတ်ထုတ်လိုက်ရတာ တွေကြောင့်လည်း အီစတိုဂျင်ဟော်မုန်းနည်းလာပြီး မိန်းမကိုယ်ခြောက်သွေ့တတ်ပါတယ်။

ဒါ့အပြင် မိန်းမကိုယ်ကို ဆပ်ပြာမွှေးတွေနဲ့ဆေးတာ၊သန့်စင်ရည်တွေအလွန်အကျွံသုံးဆေးတာ၊အမွှေးနံ့သာLotion တွေ၊Cream တွေလိမ်းတာ တွေကြောင့်လည်း မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့ခြင်းဟာ မိန်းမကိုယ်နဲ့တင်ပဆုံတဝိုက်မှာ နေရခက်တဲ့ခံစားမှုကိုဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တဲ့အခါ

မိန်းမကိုယ်မှာပူစပ်ပူလောင်ဖြစ်တာ

လိင်ဆက်ဆံချင်စိတ်လျော့နည်းလာတာ

အတူနေလိင်ဆက်ဆံတဲ့အခါမှာနာကျင်မှုကိုခံစားရတာ

အတူနေဆက်ဆံပြီးနောက်မှာသွေးအနည်းငယ်ဆင်းတာ

မိန်းမကိုယ်ရောင်ရမ်းတာ

ဆီးပိုးခဏခဏဝင်တာ

မိန်းမကိုယ်ယားတာ တွေကို ခံစားရနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တဲ့အခါမှာသက်သာအောင် ချောဆီတမျိုးမျိုးသုံးနိုင်ပါတယ်။

ဒါပေမယ့်တွေ့ကရာချောဆီသုံးလို့မရပါဘူး။

တချို့တွေကချောဆီဆိုရင် အလွယ်တကူအုန်းဆီသုံးတာရှိသလို၊နေလောင်ကာလိမ်းဆေးခရင်မ်တွေလိမ်းတာမျိုးတွေလည်းရှိပါတယ်။

အဲ့လိုတွေမလုပ်ရပါ။

သုံးတဲ့ချောဆီအမျိုးအစားက ရေကိုအခြေခံထုတ်တားတဲ့ချောဆီတွေ(Water based Lubricants) ဖြစ်ရပါမယ်။

အမွှေးနံသာတွေ၊အရောင်တွေ၊သစ်သီးသစ်ဥကနေထုတ်တဲ့ပစ္စည်းတွေပါတဲ့ချောဆီအမျိုးအစားကိုရှောင်ဖို့လိုပါတယ်။

ရေနံကိုအခြေခံထုတ်ထားတဲ့ Petroleum jelly,Mineral oil တွေလည်းသုံးနိုင်ပေမယ့် ကိုယ်ဝန်တားဖို့ ကွန်ဒုံး(Condom)သုံးတဲ့သူတွေ၊Diaphragms သုံးတဲ့သူတွေ အနေနဲ့ဆိုရင်တော့ အဲ့ဒါတွေကမသင့်တော်ပါဘူး။

ဘာလို့လဲဆိုတော့ Petroleum jelly,Mineral oil တွေက ရာဘာနဲ့လုပ်ထားတဲ့ ကွန်ဒုံး၊Diaphragms တွေကိုပျက်စီးစေပြီး ကိုယ်ဝန်ရသွားစေနိုင်လို့ပါ။

အများအားဖြင့်တော့ မိန်းမကိုယ်ခြောက်သွေ့ခြင်းကြောင့် ကျန်းမာရေးပြသာနာကြီးကြီးမားဖြစ်တာရှားပါတယ်။

သို့သော် ချောဆီသုံးကြည့်လို့မှ မသက်သာဘူးဆိုရင် သို့မဟုတ် အတူနေပြီးနောက်သွေးဆင်းတာကလည်း တအားအများကြီးဆင်းတယ်ဆိုရင်တော့ ဆေးခန်းဆေးရုံချက်ချင်းပြသဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ