မိန်းမကိုယ် ရောင်ရမ်းခြင်း အကြောင်း

မိန်းမကိုယ် ရောင်ရမ်းခြင်း အကြောင်း

မိန်းမကိုယ်ရောင်ရမ်းခြင်းဟာ အဖြစ်များတဲ့ အမျိုးသမီးပြဿနာတခုဖြစ်ပါတယ်။ အမျိုးသမီးတွေအားလုံးနီးပါး ဘဝမှာ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အနည်းဆုံး တကြိမ်တခါ ခံစားတွေ့ကြုံရနိုင်ပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်း ၃ ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Bacterial Vaginosis ခေါ် ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတာ

မိန်းမကိုယ်အတွင်း ပုံမှန်ဆို အကျိုးပြုဘက်တီးရီးယားပိုးနဲ့ ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုးတွေဟာ မျှခြေတခုမှာ ရှိနေရပါတယ်။ အကြောင်းကြောင်းကြောင့် ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုးတွေ ပိုပေါက်ပွားနှုန်းများလာတဲ့အခါ အကျိုးပြုဘက်တီးရီးယားတွေ နည်းလာပြီး မျှခြေပျက်ကာ Bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်ခံရတဲ့ အခြေအနေဖြစ်လာပါတယ်။

အများအားဖြင့်တော့ လိင်ဆက်ဆံမှုနဲ့ ဆက်နွယ်ပြီး ဖြစ်တတ်လေ့ရှိပါတယ်။ လိင်ဆက်ဆံဖော်များတာ သို့မဟုတ် လိင်ဆက်ဆံဖော်အသစ်နဲ့ လိင်ဆက်ဆံတာတွေကြောင့် ဖြစ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အရမ်းအသန့်ကြိုက်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည် အလွန်အကျွံသုံးတဲ့ အမျိုးသမီးတွေ၊ ဆပ်ပြာမွှေးသုံးပြီး မိန်းမကိုယ်ကို ဆေးတဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း သူတို့သုံးတဲ့ဆပ်ပြာမွှေးတွေ၊ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကြောင့် မိန်းမကိုယ် မျှခြေပျက်သွားပြီး Bacterial vaginosis အခြေအနေဖြစ်နိုင်ပါတယ်။

Bacterial vaginosis ဟာ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတခုဖြစ်ပြီး Bacterial vaginosis ဖြစ်တဲ့အခါ ငါးညှီနံနံတဲ့ အစိမ်းရောင်သန်းတဲ့အဖြူ သို့မဟုတ် အဖြူပျစ် တွေဆင်းလေ့ရှိပါတယ်။

၂။ မှိုပိုးဝင်ရောက်ကူးစက်ခံရတာ

Candida မှိုပိုးဝင်ရောက် ကူးစက်ခံရတာ ဖြစ်တဲ့အခါမှာ မိန်းမကိုယ်ရောင်ရမ်းခြင်းနဲ့ ယားယံခြင်း၊ ဆီးကျင်ဆီးအောင့်ခြင်း၊ အဖြူအပျစ်တွေဆင်းခြင်းတွေကို ခံစားတွေ့ကြုံရနိုင်ပါတယ်။ ဒီမှိုပိုးဟာ ကိုယ်ဝန်ဆောင်တွေ၊ အကြောင်းကြောင်းကြောင့် ပိုးသတ်ဆေးအပြင်းတွေ သောက်နေရတဲ့သူတွေ၊ ကိုယ်ခံအားကျနေသူတွေ၊ ဆီးချိုရှိတဲ့သူတွေမှာ ဝင်ရောက်ကူးစက်နိုင်ခြေများပါတယ်။

၃။ ကပ်ပါးပိုးဝင်ရောက်ကူးစက်ခံရတာ

မသန့်ရှင်းတဲ့ လိင်ဆက်ဆံရာမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံရာမှတဆင့် Trichomaonas ကပ်ပါးပိုး ဝင်ရောက်ကူးစက်ခံရပြီး မိန်းမကိုယ်ရောင်ရမ်းတာ၊ ယားတာ၊ မူမမှန်အဖြူဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီသုံးချက်အပြင် ရာသီလာရင် မိန်းမကိုယ်ထဲ ထည့်သုံးရတဲ့ တန်ပွန်နဲ့ ဓါတ်မတည့်တာ၊ သုတ်ကောင်သေစေတဲ့ ဓါတ်ပါတဲ့ ကွန်ဒုံးတွေနဲ့ဓါတ်မည့်တာ၊ မိန်းမကိုယ်သန့်စင်ရည်၊ ဆပ်ပြာမွှေးတွေနဲ့ ဓါတ်မတည့်တာ၊ သားအိမ်တွင်းထည့်ပစ္စည်းနဲ့ ဓါတ်မတည့်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပျိုဖော်မဝင်သေးတဲ့ အမျိုးသမီးငယ်လေးတွေမှာဆိုရင် မိန်းမကိုယ်နှုတ်ခမ်းသားတွေ ကောင်းကောင်းမဖွံ့ဖြိုးသေးတာ၊ အီစတိုဂျင်ဟော်မုန်းမထွက်သေးတာကြောင့် မိန်းမကိုယ်ခြောက်သွေ့တာ၊ ဆီးခုံမွှေးတွေပြည့်စုံစွာမပေါက်သေးတာ စတဲ့အချက်တွေကြောင့် ပိုးဝင်နိုင်ခြေများပြီး
မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့ပြင်

– ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ
– ဆီးချိုရောဂါရှိတဲ့အမျိုးသမီးတွေ
– လိင်ဆက်ဆံဖော်များတဲ့အမျိုးသမီးတွေ
– အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်ဆေးတဲ့အခါ သန့်စင်ရည်၊ ဆပ်ပြာမွှေးတွေ အလွန်အကျွန်သုံးတဲ့ အမျိုးသမီးတွေ
– သားအိမ်ထဲပစ္စည်းထည့်တဲ့အမျိုးသမီးတွေ
– ကျပ်ပြီး လေဝင်လေထွက်မကောင်းတဲ့ အသားနဲ့ ချုပ်ထားတဲ့အတွင်းခံတွေကို ဝတ်တဲ့အမျိုးသမီးတွေ ဟာဆိုရင်လည်း မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေများပါတယ်။

မိန်းမကိုယ်ရောင်ရမ်းတဲ့အခါ မိန်းမကိုယ် နှုတ်ခမ်းသားတွေ နီရဲရောင်ရမ်းနေတာအပြင် မိန်းမကိုယ်ယားတာ၊ အနံဆိုးထွက်တာ၊ မူမမှန်တဲ့အဖြူတွေဆင်းတာ၊ ဆီးသွားတဲ့အခါ ဆီးကျင်၊ ဆီးအောင့်တာ၊ အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်တာ စသဖြင့်ပါ တွဲပြီးခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေခံစားရပြီဆိုရင် မိန်းမကိုယ်ရောင်ရမ်းခြင်းဟုတ်မဟုတ် သေချာအောင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သားအိမ်ခေါင်းနဲ့ မိန်းမကိုယ် အကျိအချွဲယူစစ်တာ၊ မိန်းမကိုယ် pH စစ်တာတွေလုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုရပါတယ်။ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်တဲ့အခါ သက်သာအောင် အတူနေလိင်ဆက်ဆံခြင်းကို ခဏရှောင်ပါ။ ရောင်ရမ်းတဲ့နေရာကိုရေခဲကပ်ပါ။ အကိုက်အခဲပျောက်ဆေးတမျိုးမျိုးကို အစာစားပြီးသောက်ပါ။ အစာအိမ်ရောဂါရှိပါက ဆရာဝန်နဲ့ ပြသပြီးမှ သောက်ပါ။

မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေနည်းအောင် တကိုယ်ရေ သန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်၊ ဆပ်ပြာမွှေးတွေ အလွန်အကျွံ့သုံးတာကိုရှောင်ရပါမယ်။ မိမိနဲ့မကျပ်တဲ့ ချည်သားနဲ့ ရက်လုပ်ထားတဲ့ အတွင်းခံတွေဝတ်ပါ။ တနေ့တထည်လဲပါ။ စိုထိုင်းပြီးချွေးထွက်တာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။

ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။ အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့နေရာမှာနေပူလှမ်းပါ သို့မဟုတ် မီးပူတိုက်ပါ။ ဝမ်းမချုပ်ပါစေနဲ့ ဆီးသွားပြီးတဲ့အခါတိုင်း မိန်းမကိုယ်ကို ရေနဲ့ သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ခြောက်အောင်သုတ်ပါ။ ကွန်ဒုံးနဲ့ ဓါတ်မတည့်ပါက တခြားတားနည်းတခုခု ပြောင်းသုံးပါ။မိန်းမကိုယ်ခြောက်သွေ့ပါက ချောဆီတခုခုသုံးပေးပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ