နေ့ခင်းဘက်အိပ်တာ ကောင်းသလား

နေ့ခင်းဘက်အိပ်တာ ကောင်းသလား

ကျွန်တော်တို့တွေဟာ ညဘက်အိပ်ပေမယ့် နေ့လည်နေ့ခင်း ထမင်းစားပြီးနောက်မှာ မျက်လုံးတွေစင်းလာပြီး တရေးတမောအိပ်ချင်လေ့ရှိပါတယ်။

ကလေးငယ်တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေကလွဲရင် နေ့လည်နေ့ခင်း တရေးအိပ်တဲ့သူတွေကို လူပျင်းလို့ အများစုက သတ်မှတ်ကြပေမယ့် တကယ်တမ်း လေ့လာကြည့်တဲ့အခါမှာ လီယိုနာဒိုဒါဗင်ချီ၊ ဂျွန်အက်ဖ်ကနေဒီ၊ နပိုလီယံ၊ အိုင်စတိုင်း၊ အက်ဒီဆင်စတဲ့ ကမ္ဘာတလွှား အောင်မြင်ကျော်ကြားသူတွေဟာ နေ့လည်နေ့ခင်း တရေးအိပ်တတ်ကြောင်း တွေ့ရပါတယ်။

နေ့လည်နေ့ခင်း တရေးအိပ်ခြင်းဖြင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကို သိသလောက်ပြောရရင် ငါးချက်ရှိပါတယ်။

၁။ နေ့ခင်းဘက်တရေးအိပ်ခြင်းဖြင့် လန်းဆန်းတက်ကြွမှုကို ပြန်လည်ရစေနိုင်ခြင်း

ကျွန်တော်တို့တွေအများစုဟာ နေ့လည်ထမင်းစားပြီးနောက်မှာ အိပ်ငိုက်ကာ အာရုံစူးစိုက်နိုင်မှုတွေ လျော့ကျလာတတ်ပါတယ်။ ထိုသို့ဖြစ်လာပါက မိနစ်နှစ်ဆယ်ကနေ နာရီဝက်လောက် တမှေးမှေးလိုက်ခြင်းဖြင့် အင်အားသစ်တွေရလာသလို ခံစားရပြီး ပြန်လည်တက်ကြွလန်းဆန်း လာစေနိုင်ပါတယ်။

၂။ စိတ်ပင်ပန်းမှုတွေကိုပြေပျောက်စေခြင်း

ကျွန်တော်တို့တွေဟာ ဒီခေတ်မှာ ကြီးပွားတိုးတက်အောင်မြင်ရေး၊ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်း စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကိုခံစားနေကြရပါတယ်။ နေ့လည်နေ့ခင်း တရေးအိပ်ခြင်းဖြင့် သာယာငြိမ့်ညောင်းတဲ့ ခံစားမှုကိုရရှိစေပြီး အပန်းဖြေခရီးတိုလေးထွက်လိုက်သလို အကျိုးရှိတဲ့အတွက် ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေကို အထိုက်အလျောက် လျော့နည်းစေနိုင်ပါတယ်။

၃။ ခံစားမှုအာရုံကိုကောင်းမွန်စေပြီး အကြံဉာဏ်သစ်တွေကို ပေါ်ထွက်စေခြင်း

သုတေသနတွေအရ နေ့ခင်းဘက်တရေးအိပ်ခြင်းဟာ ဦးနှောက်ကိုအနားရစေပြီး ကြည်လင်စေကာ ခံစားမှုအာရုံတွေပိုကောင်းလာစေတဲ့အတွက် အကြံဉာဏ်ကောင်း၊ အကြံဉာဏ်သစ်တွေ ထွက်ပေါ်လာဖို့ အထောက်အကူပြုနိုင်ကြောင်း သိရပါတယ်။

၄။ ကျန်းမာရေးအတွက်အထောက်ကူပြုခြင်း

နေ့ခင်းဘက် တရေးတမောအိပ်ပါက ကိုယ်ခံအားကိုလည်းကောင်းမွန်စေနိုင်သလို နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ သုတေသနစစ်တမ်းတခုအရ တပတ်ကို သုံးရက် တရက်ကို နာရီဝက် နေ့ခင်းတရေးအိပ်ခြင်းဖြင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကြောင့် သေဆုံးရခြင်းကို ၃၇ ရာခိုင်နှုန်းထိ လျော့နည်းစေနိုင်ကြောင်းသိရပါတယ်။

၅။ ပိုက်ဆံကုန်သက်သာခြင်း

နေ့ခင်းထမင်းစားပြီးနောက် မှေးစင်းလာတဲ့မျက်လုံးနဲ့ လျော့ကျလာတဲ့ အာရုံစိုက်နိုင်စွမ်းတွေကို ထိန်းဖို့အတွက် ကော်ဖီတွေသောက်တာ၊ အားဖြည့်အချိုရည်တွေသောက်တာ၊ ကွမ်းစားတာတွေဟာ သင့်ကို ငွေကြေးကုန်ကျစေနိုင်ပါတယ်။ မိနစ်နှစ်ဆယ်လောက် တရေးတမောအိပ် လိုက်ခြင်းဖြင့် အဲ့ဒါတွေလုပ်လို့ကုန်မယ့် ပိုက်ဆံကို သက်သာစေကာ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေရပြီး လန်းလည်းလန်းဆန်းစေနိုင်ပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက် နေ့လည်ဘက်တရေးတမော အိပ်ခြင်းရဲ့ကောင်းကျိုးတွေပါ။ နေ့လည်နေ့ခင်း တရေးအိပ်တယ်ဆိုရာမှာ ယေဘုယျအားဖြင့်ပြောရရင် အရမ်းကြာအောင် အိပ်ဖို့မသင့်ပါ။ အများဆုံးအနေနဲ့ နာရီဝက်လောက်ပဲ ကြာသင့်ပါတယ်။ အဲ့ထက်ပိုကြာသွားပါက ပြန်ထတဲ့အခါ ထိုင်းမှိုင်းပြီးလေးလံနေတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ညဘက်အိပ်မရတာ၊ စတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ