ငုံးဥလို အသားအရည်မျိုး မဖြစ်ဖို့
အသားအရည်ဆိုတာ ဖြူဖွေးနုထွတ်နေမှ လှတာမဟုတ်ပါဘူူး။ညိုစိမ့်စိမ့်လေးနဲ့လည်း လှနိုင်ပါတယ်။စကားတစ်ခုတောင် ရှိပါသေးတယ်။ညိုတဲ့သူလှရင် ဖြူတဲ့သူ လိုက်မမှီပါဘူးတဲ့။ဒါ အမှန်ပါပဲ။ဖြူဖြူညိုညို အသားအရည်စိုစိုပြေပြေ ညီညီညာညာလေးနဲ့ဆို ကြည့်လို့အလွန်ကောင်းပါတယ်။ဒါပေမဲ့ တချို့ကျတော့ အသားက ပင်ကိုယ်ဖြူပါရက်နဲ့ မျက်နှာပြင်ပေါ်မှာ နဲနဲညိုတိုတိုအကွက်ကလေးတွေ သမ်းနေတာမျိုး ပင်ကိုယ်အသားရည်ညိုစိမ့်စိမ့်လေးအပေါ်မှာ အမဲကွက်လေးတွေ ရှိနေတာမျိုးတွေ တွေ့ရပါတယ်။ဒါမျိုးကို အရေပြားအသားရောင် မညီတာလို့ခေါ်ပါတယ်။ဘယ်လောက်ပဲ ဖြူဖွေးနုထွတ်ပါစေဦးတော့ ဒီလိုမျိုးအရေပြားအသားရောင် ညီညာမှုမရှိဘူးဆိုရင် ကြည့်ရတာအဆင်မပြေပါဘူး။
ဘာကြောင့် ဖြစ်တာလဲ။
အရေပြားနဲ့ဆံပင်ရဲ့အခြေခံရောင်ခြယ်ဖြစ်တဲ့ မယ်လနင် (melanin) တွေကို အဆမတန်ထုတ်လုပ်လာလို့ပဲဖြစ်ပါတယ်။အဲဒီအခါ အရေပြားပေါ်မှာ အညိုကွက်အမဲကွက် အညိုစက်အမဲစက်လေးတွေ ဟိုတကွက် ဒီတစက်ပေါ်လာကြပြီး သင့်ကိုရှိရင်းစွဲထက် အသက်၁၂ နှစ်လောက် ပိုရင့်သွားစေပါတယ်။အရေပြားအသားရောင် မညီမှုကိုဖြစ်စေနိုင်တဲ့အချက်တွေကတော့
၁)နေရောင်နှင့်မကြာခဏထိတွေ့ခြင်း
နေရောင်နဲ့မကြာမကြာထိတွေ့နေရတဲ့အခါ နေရောင်မှာပါလာတဲ့ UV အလင်းတန်းတွေကို ကာကွယ်ဖို့ အရေပြားက မယ်လနင်တွေကို ပိုပိုပြီးထုတ်ပါတယ်။ဒီအခါမှာ အရေပြားပေါ်မှာ အညိုစက်တွေ အမဲကွက်တွေ ထွက်လာတတ်ပါတယ်။
၂)လေထုညစ်ညမ်းခြင်း
နေ့စဉ်လှုပ်ရှားသွားလာရင်း ကားလမ်းမပေါ်က ညစ်ညမ်းတဲ့အခိုးအငွေ့တွေ အမှုန်အမွှားတွေနဲ့ ထိတွေ့ရတဲ့အခါ အမဲကွက်အမဲစက်တွေဟာ အထူူးသဖြင့် မျက်နှာပေါ်မှာ ထွက်လာတတ်ကြပါတယ်။
၃)ဟော်မုန်းများ
တင်းတိတ်လိုမျိုး အမဲစက်အမဲကွက်တွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်နိုင်ပါတယ်။ဥပမာ ကိုယ်ဝန်ဆောင်တဲ့အခါမျိုးမှာ သိပ်သိသာပါတယ်။တားဆေးတွေသောက်နေရတဲ့သူတွေမှာလည်း ဒီလို အသားအရောင်မညီတာမျိုး ကြုံရနိုင်ပါတယ်။
၄)အရည်အသွေးညံ့တဲ့မျက်နှာဖြူဆေးများ
ဖြူရင်လှပြီအထင်နဲ့ တွေ့ကရာအလှအပ ပစ္စည်းတွေစွတ်သုံးတဲ့အခါမျိုးမှာလည်း မျက်နှာအသားအရည်မညီမညာဖြစ်ကုန်တာမျိုးတွေ ကြုံရနိုင်ပါတယ်။
၅)အမာရွတ်ကတဆင့် မဲသွားတာ
ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့အမာရွတ်တွေ ထိခိုက်ဒဏ်ရာရပြီး ကျန်ခဲ့တဲ့အမာရွတ်တွေဟာ တဖြေးဖြေးမည်းသွားတတ်တာမို့ အသားအရောင်မညီတာမျိုးဖြစ်စေပါသေးတယ်။
အသားအရောင်ညီအောင် ဘယ်လိုလုပ်မလဲ။
၁)နေကာခရင်မ်(sunscreen) နေ့စဉ်သုံးပါ။
၂)တစ်ပတ်တစ်ခါ မျက်နှာဂျီးချွတ် (exfoliation) ပေးပါ။
၃)သဘာဝအတိုင်း သစ်ပင်ပန်းမန်များမှ ဖော်စပ်ထားတဲ့ လိမ်းဆေးများသာအသုံးပြုပါ။
၄)စိတ်ရှည်ပါ။အသားအရောင် ညီအောင်ပြန်ညှိပေးဖို့ဆိုတာ ဗြုန်းခနဲဒိုင်းခနဲတော့ မရပါဘူး။အနည်းဆုံး နှစ်လကနေ သုံးလလောက်အချိန်ပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် စိတ်ရှည်ပါ။
ကဲ ဒီလောက်ဆို အသားဆိုတာဖြူဖို့အရေးမကြီးဘူး။ညီညာချောမွေ့နေဖို့ပဲလိုတယ်ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ဒါကြောင့် ညီညာချောမွေ့တဲ့အသားအရည်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလ်ုက်ကြပါစို့။
Dr.KG