ပါးစပ်ကသောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ
ပါးစပ်ကနေသောက်ရတဲ့ ကိုယ်ဝန်တားဆေး မြန်မာပြည်မှာ (၃) မျိုးရှိပါတယ်။ ဘာတွေလည်းဆိုတော့
၁။ ဟော်မုန်း ၂ မျိုးလုံးပါတဲ့ဆေး (သို့) ၂၁ ရက်သောက်ရတဲ့ဆေး
၂။ ဟော်မုန်း ၁ မျိုးတည်းပါတဲ့ဆေး (သို့) နေ့တိုင်းသောက်ရတဲ့ဆေး
၃။ အရေးပေါ်သန္ဓေသားဆေး (တစ်ကြိမ်သာသောက်ရန်လို) တို့ပဲဖြစ်ပါတယ်။
အခုပြောပြမဲ့ဆိုးကျျိုးတွေကတော့ အပေါ်က (၂) ခုကြောင့် အဓိကရနိုင်သလို အောက်ဆုံးက (၁) ခုကြောင့်လည်း ရတက်ပါတယ်။ ဆိုးကျိုးတစ်ခုချင်းစီကို ပြောပြပေးသွားပါမယ်။
(၁) ရာသီလာရမဲ့ရက် မတိုင်ခင် သွေးအနည်းအကျဉ်း ဆင်းတက်ခြင်း။
ဒါကတော့ ဒီဆေးတွေကို စသောက်တဲ့ အချိန်ကစပြီး သုံးလလောက်ထိ ဖြစ်တက်ပါတယ်။ ဒီလို နဲနဲပါးပါးဆင်းလို့ ဆေးရဲ့အာနိသင်က မပြယ်သွားပါဘူး။ မှန်မှန်ကန်ကန် သောက်ဖို့တော့ လိုပါလိမ့်မယ်။ (၅) ရက်နဲ့အထက် ဆင်းနေတာမျိုး၊ ဒါမှမဟုတ် (၃) ရက်နဲ့အထက် သွေးအများကြီး ဆင်းနေတာမျိုး တွေဆိုရင်တော့ ဆေးရုံ ဆေးခန်း သွားပြသင့်ပါတယ်။
(၂) ပျို့အန်ချင်စိတ်ဖြစ်ခြင်း
ပထမဆုံးအကြိမ် စသောက်တဲ့သူတိုင်းလိုလို ဖြစ်တက်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး ပျောက်သွားတက်ပါတယ်။ အစားစားပြီးမှ သောက်တာ ဒါမှမဟုတ် အိပ်ခါနီးသောက်တာမျိုးဆိုရင် ဒါမျိုးဖြစ်နိုင်ချေနည်းပါတယ်။ သုံးလကျော်လောက်ထိ ဆက်ပြီး ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာ ကောင်းပါတယ်။
(၃) ရင်သားနာကျင်ခြင်း။
တချို့က ဒီဆေးတွေသောက်ပြီး ရင်သားတွေကြီးလာတာ နာကျင်လာတာတွေ ပါရှိပါတယ်။ ပုံမှန်ဆိုရင်တော့ တစ်ပတ်ကျော်လောက် အကြာမှာ ပျောက်တက်ပါတယ်။ မခံမရပ်နိုင်လောက်အောင် နာကျင်တာ၊ အချိန်အတော်ကြာအောင် နာကျင်တာ၊ ရင်သားမှာအလုံးအကျိတ် စမ်းမိတာမျိုးတွေဆိုရင်တော့ ဆရာဝန်အမြန်ပြပေးရပါမယ်။ သက်တောင့်သက်သာ ဖြစ်စေမဲ့ ဘရာစီယာ/ ဘော်လီ ဝတ်တာနဲ့ ကဖိန်းဓာတ် အငံဓာတ်တွေကို ရှောင်ကြဉ်တာတွေ လုပ်လိုက်ရင် မြန်မြန်သက်သာနိုင်ပါတယ်။
(၄) ခေါင်းကိုက်ခြင်း။
ဒီဆေးတွေထဲမှာပါတဲ့ ဟော်မုန်းတွေကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ အကြာကြီးမသက်သာဘူး ဒါမှမဟုတ် အရမ်းကို ကိုက်တယ်ဆိုရင်တော့ ဆေးခန်းသွားပါ။
(၅) “ဝ”လာခြင်း။
တကယ်တမ်း ဆေးဘက်ဆိုင်ရာ လေ့လာချက်တွေ အရတော့ ဝလာတာနဲ့ ဒီတားဆေးတွေ ကြားမှာ ခိုင်မာတဲ့ဆက်စပ်မှုမျိုး မရှိဘူးလို့ဆိုပါတယ်။ ရင်သားတွေကြီး၊ ပေါင်တွေတုတ်လာတာမျိုးတော့ ကြုံရနိုင်ပါတယ်။ ဟော်မုန်းတမျိုးထဲပါတဲ့ တားဆေးသုံးရင် တစ်နှစ်အတွင်းမှာ လေးပေါင်ထက် ပိုမဝလာပါဘူးလို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။
(၆) စိတ်အပြောင်းအလဲလွယ်ခြင်း။
ဟော်မုန်းဆေးတွေ ဖြစ်တာကြောင့် စိတ်အတက်အကျ လွယ်တာမျိုးတော့ ခဏကြုံရနိုင်ပါတယ်။ “စိတ်ကျရောဂါ” အခန့်မသင့်ရင် ရတက်ပါတယ်။ အရမ်းဆိုးဆိုး ဝါးဝါးဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
(၇) ရာသီထိန်ခြင်း။
တစ်ခါတစ်လေကျ မှန်မှန်ကန်ကန် သောက်နေရင်းနဲ့ကို ရာသီထိန်သွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါမျိုးကြုံရင်တော့ နောက်တစ်ကဒ် မသောက်ခင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်ပေးသင့်ပါတယ်။ ခဏခဏ ရာသီထိန်နေတာမျိုး ဖြစ်နိုင်ချေနည်းပါတယ်။ ဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
(၈) လိင်စိတ်ဆန္ဒနည်းပါးလာခြင်း။
ဆေးမှာပါဝင်တဲ့ ဟုန်မုန်းတွေကြောင့် တချို့လူတွေမှာ လိင်စိတ်ဆန္ဒနည်းပါး သွားတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုအကြာကြီး ဖြစ်နေရင်တော့ ဆေးကုသမှုခံယူနိုင်ပါတယ်။
(၉) မိန်းမကိုယ်မှ အရည်ဆင်းခြင်း
တစ်ခါတစ်လေ ဖြစ်နိုင်ပါတယ်။ အနံ့ဆိုးဆိုး အရောင်ပုံမှန်မဟုတ် တာမျိုးဆိုရင်တော့ ဆေးခန်းပြပါ။
(၁၀) မျက်သားထူလာခြင်း။
မျက်ကပ်မှန်တပ်တဲ့ အမျိုးသမီးတွေမှာ ကြုံရတက်တဲ့ပြဿနာပါ။ တာဆေးသောက်နေရင်းနဲ့ မျက်ကပ်မှန်က တဖြေးဖြေး အံဝင်ခွင်ကျ မရှိတော့ပါဘူး။ ဒါမျိုးကြုံခဲ့ရင်တော့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပါ။
အခုပြောပြခဲ့တာတွေကတော့ ပါးစပ်ကနေသောက်ရတဲ့ ကိုယ်ဝန်တားဆေး တွေရဲ့ ဘေးထွက်ဆိုးကျိုး အချို့ပါ။ အများစုက အချိန်ကြာလာတာနဲ့အမျှ သူ့အလိုလို သက်သာသွားတက်တာ တွေ့ရမှာပါ။ မသက်သာခဲ့ရင်တော့ ဆေးဝါးကုသမှု ဆေးပညာအကြံပေးမှု ခံယူဖို့ မနှောင့်နှေးကြပါနဲ့လို့ အသိပေးလိုက်ပါရစေ။
Dr.KG