စပျစ်သီးသန္ဓေတည်ဖူးရင် ကင်ဆာဖြစ်နိုင်သလား

စပျစ်သီးသန္ဓေတည်ဖူးရင် ကင်ဆာဖြစ်နိုင်သလား

ရာသီသွေး မလာလို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေပြီ။ နီလာတို့လင်မယား ၏ အပျော်ကား  အတိုင်းမသိ။ သက်ဦးအရူးဆိုသည့်အတိုင်း ကိုယ်ဝန်အပေါ်တွင်  အာရုံစိုက်လျှက်ရှိသည်။ စားသတိ သွားသတိနှင့် ကိုယ်ဝန်လနုစဉ်ကတည်းက ကိုယ်ဝန်အပေါ်တွင် စောင့်ရှောက်နေကြပြီ။

မိခင်တို့၏ မေတ္တာကား အံမခန်းပေ။ သားလေးလား သမီးလေးလား မသိခငိကတည်းက အစားအသောက် အနေအထိုင်ကို ဆင်ခြင်လျှက်ရှိပြီ။ မိဘတို့ ၏ မေတ္တာကိုကား နားလည် သိတတ်လာပြီ။ ကိုယ်ဝန်လေးလကျော်တော့ ဝက်ဆီဖတ်လိုမျိုးတွေ အတွင်းခံ ဘောင်းဘီထဲတွင် တွေ့ရသည်။ ဘာတွေမှန်းလည်း နီလာမသိ။ ဘယ်ကနေရောက်လာတာမှန်းလည်းမသိ။ စအိုကကျတာလား။ မွေးလမ်းကြောင်းက ကျတာလားမသိ။ ကိုယ်ဝန်နှင့်မို့ OG ဆရာဝန်ဆီကိုပဲ အပြေးအလွား သွားရသည်။ စိုးရိမ်စိတ်က အပြည့်။

” ဝက်ဆီဖတ်တွေလိုမျိုးဆရာမရေ။ ” နီလာ အပြောကြောင့် ဆရာဝန် မျက်နှာပျက်သွားသည်။

“သေချာအောင် USG ရိုက်လိုက်ပါ။ စပျစ်သီး သန္ဓေတည်တာ ဖြစ်နိုင်ပါတယ်  ”

ဆရာဝန် စကားကြောင့် နီလာ ဝမ်းနည်းသွားသည်။ သားဦး ကိုယ်ဝန်မို့ မိမိတို့ လင်မယားနှစ်ယောက် ဒီကိုယ်ဝန်ပေါ်တွင် မျှော်လင့်ချက်တွေ ထားခဲ့ကြသည်။ USG ရိုက်ပြီးတော့ အဖြေက ပိုသေချာသွားသည်။ စပျစ်သီး သန္ဓေတည်နေခြင်းဖြစ်သည်။ ခြစ်ချရမည်ဆို၍ သားအိမ်ခြစ်လိုက်ရသည်။ မွေးခန်းထဲတွင် နီလာတစ်ယောက် ဝမ်းနည်းပက်လက် ငိုနေမိသည်။ မျှော်လင့်ထားသလိုများဖြစ်မနေ၍ ကံကြမ္မာကိုလည်း အပြစ်တင်မိသည်။  မိမိတို့တွင်သာ ကံဆိုးနေသည်ဟု ကံကိုပင် အပြစ်ပုံချမိသည်။

” သမီးက စပျစ်သီး သန္ဓေမို့တော်သေးတာပေါ့။ တစ်ချို့ဆိုရင် choriocarcinoma ဆိုတဲ့ သားအိမ် ကင်ဆာ တစ်မျိုးဖြစ်တတ်တယ်။ သားအိမ်ခေါင်းကင်ဆာကို ပြောတာ မဟုတ်ဘူးနော်။  စပျစ်သီး သန္ဓေ ဖြစ်ဖူးတဲ့သူတွေဟာ choriocarcinoma ဆိုတဲ့ ကင်ဆာ ဖြစ်တတ်တယ်။ စပျစ်သီး သန္ဓေမဖြစ်ပဲ Choriocarcinoma တန်းဖြစ်တဲ့သူတွေလည်း ရှိတယ်။

” ဟုတ်လား”

နီလာတစ်ယောက် ဆရာဝန်ပြောပြသည်များကို ခေါင်းလေး ငြိမ့်ကာ နားထောင်နေမိသည်။ အမျိုးသားကတော့ ဆရာဝန်ကို သူသိချင်သည်များကို မေးနေသည်။

” လက္ခဏာတွေလည်း မပြဘူးနော်။ ”

”  စပျစ်သီး သန္ဓေတည်တဲ့သူတွေမှာ အလွန်အမင်း အန်တာတွေ ဖြစ်တတ်ပါတယ်။”

”  အန်ချင်တာတွေ ပျို့ချင်တာတွေ တော့ရှိပါတယ်။ ဒါပေမယ့် တခြားကိုယ်ဝန်ဆောင်တွေမှာလည်း ဖြစ်တတ်တယ်ဆိုပြီး ယူဆနေလို့ပါ။” နီလာ ခြားဖြတ် ဝင်ပြောလိုက်သည်။ အစောပိုင်းတွေမှာ အန်တာတွေ ဖြစ်ပါသည်။ ဒါ လူတိုင်းဖြစ်တတ်တာပဲဟု ပေါ့ပေါ့ပင် တွေးမိလိုက်သည်။

”  တစ်ချို့ သွေးပေါင်တတ် တယ်။ တစ်ချို့ ဆီးထဲမှာ protein ဓာတ်တွေ များနေတတ်ပါတယ်။ တစ်ချို့သွေးဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့လည်း နီလာလိုမျိုး အခုပြောတဲ့ လက္ခဏာတွေ မပြပဲနဲ့ ဝက်ဆီဖတ်လိုမျိုးတွေပဲ ဆင်းတာမျိုး ရှိတတ်ပါတယ်။   ”

” ဟုတ်ကဲ့ ပါ”

အမျိူးသားကား ဆရာဝန်ပြောသည်များကို ဂရုတစိုက်နားထောင်နေသည်။

” ပြန်ဖြစ်နိုင်လား ဆရာမ ”

“သားအိမ်ခြစ်ထားတဲ့အတွက်  ရောဂါကတော့ ပျောက်ပါတယ်။ ပြန်ဖြစ်တတ်လားဆိုရင် တစ်ချို့ လူနည်းစုတွေ ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွေးထဲမှာ hCG ဆိုတဲ့ hormone နည်း သွားပြီး ခြောက်လ ကြာသည်အထိ ကိုယ်ဝန် ယူလို့မရပါဘူး။ တစ်ခါ စပျစ်သီး သန္ဓေ ဖြစ်ဖူးရင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ကလေး ရှိခဲ့ရင် ဆရာဝန်နဲ့စောစီးစွာ ပြန်ပြရပါမယ်။ USG ကိုလည်း စောစောရိုက်ရပါမယ်။  ”

” ဟုတ်ကဲ့ပါဆရာမ”

နီလာတစ်ယောက် ဆေးခန်းထဲမှ ထွက်လာခဲ့သည်။

အမျိုးသားကား နီလာကို အားပေးသည်။ ကံကောင်းလို့ ကင်ဆာ မဖြစ်တာ။ စပျစ်သီး သန္ဓေလောက်ဖြစ်တာကိုပဲ ကံကောင်းတယ်လို့ ပြောရမည်ဟု အားပေးသည်။ သို့သော် နီလာ တစ်ယောက် မျက်ရည်များ ကျလျှက်သာ။ နောက်တစ်ကြိမ် ထပ်မဖြစ်ပါနှင့် ဟု ဆုတောင်းလျှက်သာ။

Dr. Aye Chan Moe

ဆက်စပ် ဆောင်းပါးများ