ရင်သားကင်ဆာဖြစ်နိုင်ချေများစေတဲ့ အချက် ၁၀ ချက်

ရင်သားကင်ဆာဖြစ်နိုင်ချေများစေတဲ့ အချက် ၁၀ ချက်

ရင်သားကင်ဆာဟာ ရင်သားရဲ့နို့ရည်အိတ် နဲ့ နို့ရည်ပြန်ချောင်းလေးတွေမှာရှိတဲ့ ဆဲလ်တွေမူမမှန်အထိန်းအကွပ်မဲ့ပွားများလာခြင်းကြောင့်ဖြစ်ပါတယ်။ရင်သားကင်ဆာဟာ ကျွန်တော်တို့မြန်မာအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ပြီးရင် ဒုတိယအဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ဒါကြောင့် ဒီတပတ်မှာ ရင်သားကင်ဆာဖြစ်စေရန်တွန်းအားပေးတဲ့အချက်၁၀ချက်ကိုရေးသားတင်ပြပါမယ်။

၁။အသက်အရွယ်ကြီးခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာတဖြည်းဖြည်းများလာပါတယ်။အများအားဖြင့် အသက်၇၀ နဲ့၈၀ ကြားမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေဟာအများဆုံးဖြစ်ပြီး အသက်၂၅နှစ်မတိုင်ခင်ဖြစ်တာတော့ အလွန်ရှားပါတယ်။

၂။အပျိုဖော်ဝင်ချိန်စောခြင်း

အပျိုဖော်ဝင်ချိန်စောလေ ရင်သားကင်ဆာဖြစ်နိုင်ခြေများလေပါ။အသက်၁၁နှစ်မှာ အပျိုဖော်ဝင်တဲ့အမျိုးသမီးတွေဟာ အသက်၁၄နှစ်မှာအပျိုဖော်ဝင်တဲ့အမျိုးသမီးတွေနဲ့စာရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်းပိုများပါတယ်။

၃။ပထမဆုံးကလေးမွေးချိန်မှာရှိတဲ့မိမိအသက်ဟာ၃၅နှစ်ကျော်ခြင်း

အသက်၃၅နှစ်ကျော်မှ ပထမဆုံးကလေးမွေးတဲ့သူတွေဟာ အသက်နှစ်ဆယ်မတိုင်ခင် ပထမဆုံးကလေးမွေးတဲ့သူတွေထက်စာရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။

၄။မျိုးရိုးရာဇဝင်ရှိခြင်း

မိမိရဲ့အမေ၊အဒေါ်၊အမ၊ညီမ တယောက်ယောက်မှာ ရင်သားကင်ဆာဖြစ်ဖူးရင် မိမိမှာရင်သားကင်ဆာဖြစ်နိုင်ခြေဟာ တခြားမျိုးရိုးရာဇဝင်မရှိသူတွေထက်စာရင် ပိုများပါတယ်။

၅။ကလေးအားမိမိနို့မတိုက်ခြင်း

ကလေးမွေးသော်လည်း ကလေးကို မိခင်နို့မတိုက်တဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ မိခင်နို့တိုက်တဲ့အမျိုးသမီးတွေနဲ့ယှဉ်ရင် သိသာစွာမြင့်တက်နေတတ်ပါတယ်။

၆။အီစတိုဂျင်ဟော်မုန်းဆေးတွေသောက်ခြင်း

သွေးဆုံးတဲ့ချိန်မှာဖြစ်တဲ့ဝေဒနာတွေကိုသက်သာစေရန် အီစတိုဂျင်ဟော်မုန်းပါဆေးများသောက်နေတဲ့အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာပိုများပါတယ်။

၇။ရင်သားသိပ်သည်းဆများခြင်း(ရင်သားကြီးခြင်းကိုမဆိုလိုပါ)

ရင်သားသိပ်သည်းဆများတဲ့အမျိုးသမီးတွေဟာ ရင်သားသိပ်သည်းဆနည်းတဲ့အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ တအားပိုများပါတယ်။ရင်သားသိပ်သည်းဆများမများက ရင်သားဓါတ်မှန်(Mammogram)ရိုက်ကြည့်မှသိမှာပါ။

၈။ဓါတ်ရောင်ခြည်ထိတွေ့မှုများခြင်း

ရောဂါတခုခုကြောင့်ဓါတ်ကင်ရတာ၊သဘာဝဘေးအန္တရာယ်ကြောင့်နူကလီးယားဓါတ်ရောင်ခြည်ယိုစိမ့်မှုနဲ့ကြုံခဲ့ရတာ စတဲ့ အကြောင်းကြောင်းကြောင့် ဓါတ်ရောင်ခြည်ထိတွေ့မှုများရှိခဲ့တဲ့အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ တခြားအမျိုးသမီးတွေထက်စာရင်ပိုများနေပါတယ်။

၉။အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း

အယ်လ်ကိုဟောဓါတ်နဲ့နီကိုတင်းဓါတ် ဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကိုသိသိသာသာ များစေတဲ့အတွက် အရက်၊ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ သိသိသာသာမြင့်တက်နေနိုင်ပါတယ်။

၁၀။ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်ခြင်း

ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်တဲ့အခါ ခန္ဓာကိုယ်မှာအဆီတွေစုလာပြီး အီစတိုဂျင်ဟော်မုန်းတွေများလာတတ်ပါတယ်။အဲ့အခါမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ သာမန်ကိုယ်အလေးချိန်ရှိသူတွေထက်စာရင် များလာနိုင်ပါတယ်။

ဒါတွေကတော့ ရင်သားကင်ဆာဖြစ်စေဖို့ရန် တွန်းအားပေးတဲ့အချက်၁၀ချက်ဖြစ်ပါတယ်။ တချို့အချက်တွေကကျ ပြုပြင်လို့ရပေမယ့် တချို့အချက်တွေကကျ ပြင်လို့မရပါ။ပြင်လို့ရတဲ့အချက်တွေကို ပြင်ခြင်းဖြင့်ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေလျော့နည်းအောင် နေထိုင်ပါလို့အကြံပြုချင်ပါတယ်။(ဥပမာဆေးလိပ်အရက်ဖြတ်တာ၊ကိုယ်အလေးချိန်ကိုရှိသင့်တဲ့ပမာဏအတွင်းမှာထိန်းတာ၊ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်တာတွေပါ)

Dr 528

ဆက်စပ် ဆောင်းပါးများ