မွေးလမ်းကြောင်းချဲ့ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

မွေးလမ်းကြောင်းချဲ့ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

“ဟဲ့ ငါ့တုန်းက ရိုးရိုးမွေးတာဆိုပေမယ့် မွေးလမ်းကြောင်းချဲ့ရတယ်။ နင်ရော မွေးတုန်းက ချဲ့ခဲ့ရသေးလား” ဆိုပြီး ကလေးမွေးပြီးခါစ မိခင်တွေအချင်းချင်း တွေ့ရင် မေးလေ့ရှိကြပါတယ်။

အဲ့အခါမှာ အချင်းချင်းမေးကြပြောကြရင်း ငါ့ကျ ချဲ့ရပြီး သူ့ကျ ဘာလို့မချဲ့ရတာလဲ ဆိုပြီး စိတ်ထဲမတင်မကျ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီတပတ်မှာ မွေးလမ်းကြောင်းချဲ့ခြင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

မွေးလမ်းကြောင်းချဲ့တယ်ဆိုတာဟာ ရိုးရိုးမွေးတဲ့အခါမှာ ကလေးထွက်ရလွယ်စေရန် မိန်းမကိုယ်နဲ့စအိုကြားနေရာကို ထုံဆေးထိုးပြီး ခွဲစိတ်ခန်းသုံး ကတ်ကြေးနဲ့ မိန်းမကိုယ်ဘက်ကနေ စအိုဘက်ဆီကို အတည့် သို့မဟုတ် ဘေးတစောင်း စနစ်တကျ ညှပ်ခြင်းဖြင့် မိန်းမကိုယ်အဝကျယ်အောင်လုပ်ခြင်းဖြစ်ပါတယ်။

ကလေးထွက်ပြီးရင် ထိုညှပ်ထားတဲ့အရာနေရာကို စနစ်တကျ ပြန်ချုပ်ပါတယ်။

ရိုးရိုးမွေးတဲ့မိခင်တိုင်း မွေးလမ်းကြောင်းချဲ့ဖို့မလိုနိုင်ပါ။

မွေးလမ်းကြောင်းချဲ့ဖို့လိုနိုင်တဲ့ အခြေအနေတွေကတော့

– အကြောင်းတခုခုကြောင့် တင်ပဆုံရိုးအတွင်းရှိ ကြွက်သားများခွဲစိတ်ခံထားဖူးတာ

– အကြောင်းတခုခုကြောင့် မိန်းမကိုယ်နဲ့စအိုကြားနေရာမှာ ခွဲစိတ်ခံထားဖူးတာ

– မွေးနေစဉ်မှာ ကလေးပခုံးဟာ မိန်းကိုယ်အဝမှာတစ်နေပြီး မွေးရခက်နေတာ

– မွေးချိန်ကြာပြီး ကလေးကမထွက်နိုင်ဘဲ အောက်စီဂျင်အရနဲကာ ကလေးမွန်းနေတာ

– ကလေးအနေအထားမမှန်တာကြောင့် ကလေးကခေါင်းနဲ့မထွက်ဘဲ တင်ပဆုံနဲ့ထွက်တာ

– မွေးရခက်နေတာကြောင့် လေစုပ်၊ညှပ်ဆွဲ စတဲ့ကိရိယာတွေအကူအညီယူပြီး မွေးဖို့လိုတာ

စတဲ့အခြေအနေတွေမှာဆိုရင် မွေးလမ်းကြောင်းချဲ့ဖို့လိုပါတယ်။

ဒီလိုအခြေအနေတွေမှာ စနစ်တကျ မွေးလမ်းကြောင်းချဲ့ပေးခြင်းဖြင့် အညှစ်လွန်ခြင်းကြောင့် ကြွက်သားတွေစုတ်ပြဲဒဏ်ရာရကာ နောက်ဆက်တွဲအနေနဲ့ ဆီးမထိန်းနိုင်၊ဝမ်းမထိန်းနိုင် ဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ကလေးကိုလည်း မြန်မြန်ဆန်ဆန်လွယ်ကူစွာမွေးဖွားဖို့အတွက် အထောက်အကူပြုပါတယ်။

ဒီလိုကောင်းကျိုးတွေရှိသလို မွေးလမ်းကြောင်းချဲ့ခြင်းကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

– သွေးထွက်လွန်တာ၊

– မိန်းမကိုယ်အဝနေရာမှာ သွေးခဲပြီး ရောင်ရမ်းဖောင်းနေတာ၊

– ညှပ်တဲ့ဒဏ်ရာကနေပိုးဝင်တာ၊

– အညှပ်လွန်ပြီး စအိုကြွက်သားကိုထိကာ ဝမ်းမထိန်းနိုင်ဖြစ်တာ၊

– မွေးလမ်းကြောင်းချဲ့ပြီး ပြန်ချုပ်ထားတဲ့ချုပ်ရိုးကနာတာ၊

– ထိုင်ရ လမ်းလျှောက်ရခက်တာ၊

– ဆီးသွားရ၊ ဝမ်းသွားရခက်တာ၊

– အတူနေဆက်ဆံတဲ့အခါနာကျင်တာတွေပါ။

ဒီလိုရေးလိုက်လို့ မွေးလမ်းကြောင်းချဲ့ရတဲ့အခါမှာ အစိုးရိမ်မလွန်ကြပါနဲ့။

ဖြစ်နိုင်ခြေရှိမယ့်ဆိုးကျိုးတွေကိုခြုံရေးရခြင်းဖြစ်ပါတယ်။ မွေးလမ်းကြောင်းချဲ့တဲ့သူတိုင်း သေချာပေါက်ဒါတွေခံစားရမယ်လို့ဆိုလိုတာမဟုတ်ပါ။

အများအားဖြင့်လည်း မွေးလမ်းကြောင်းချဲ့ခြင်းကြောင့် ဆိုးကျိုးကြီးကြီးမားမားဖြစ်တာမျိုး သိပ်မရှိပါဘူး။

Dr 528

ဆက်စပ် ဆောင်းပါးများ