အလုပ်သမားတွေသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာရပိုင်ခွင့်များ

အလုပ်သမားတွေသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာရပိုင်ခွင့်များ

လုပ်ငန်းခွင် ကျန်းမာရေးဆိုတာ Occupational health ကိုပြောတာပါ။ အစိုးရအလုပ်လုပ်သည်ဖြစ်စေ၊ ပုဂ္ဂလိက အလုပ်လုပ်သည်ဖြစ်စေ၊ အလုပ်တစ်ခုချင်းစီအတွက် လုပ်ငန်းခွင်ကျန်းမာရေးစနစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းခွင်ကျန်းမာရေးက ထင်သလောက်မဖြစ်ထွန်းသေးပါဘူး ။

 

လုပ်ငန်းခွင်ကျန်းမာရေးဆိုတာ အလုပ်တစ်ခုစလုပ်တော့မယ်ဆိုတာနဲ့ အရေးပါပါတယ်။ အလုပ်မဝင်ခင်ကနေ အလုပ်လုပ်နေစဉ် တောက်လျှောက်အရေးပါပါတယ်။

 

မြန်မာနိုင်ငံမှာ အများစုသော အလုပ်တွေက အလုပ်မှာ လိုအပ်တာတွေပဲ ရေးပြီး အလုပ်ခေါ်တတ်ကြတယ်။ အလုပ်သမားတွေအတွက် ဘယ်လိုအကျိုးခံစားရရှိမလဲဆိုတဲ့ အချက်တွေ သိပ်မပါတတ်ကြဘူး။ အကျိုးခံစားခွင့်လို့ ပြောတဲ့အထဲမှာ လစာငွေကြေးတစ်ခုတည်းမဟုတ်ပါဘူး။ ခွင့်ကိစ္စတွေ ကျန်းမာရေးအာမခံချက်တွေစတဲ့ ကိစ္စတွေပါ ပါပါတယ်။

 

ဒီခေတ်ကြီးမှာ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့သူတွေ ပိုပိုများလာတာကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်ဝင်တော့မယ်ဆိုရင် ဘာလုပ်ရလဲ ဆိုတာ အတော်များများ ကြားဖူးနားဝရှိလာကြပါတယ်။

 

အလုပ်စဝင်တော့မယ်ဆိုတဲ့ အချိန်မှာ ကုမ္ပဏီတွေကနေ အလုပ်သမားတွေကို ဆေးစစ်ပေးတတ်ကြပါတယ်။ ပုံမှန် Medical check up လုပ်တာလည်းရှိသလို တစ်ချို့ သွေးစစ် ဆီးစစ် ဓာတ်မှန်ရိုက်တာတွေလည်းရှိပါတယ်။ ဆေးအောင်မှ အလုပ်လုပ်ခွင့်ရှိတာပါ ။

ကုမ္ပဏီတွေကနေပြီး ဆေးရုံဆေးခန်းတွေနဲ့ ချိတ်ဆက်ထားပြီး အလုပ်လုပ်နေစဉ်တောက်လျှောက်မှာလည်း ကျန်းမာရေးမကောင်းတာ ဖျားနာတာ ချောင်းဆိုးတာ တစ်ခုခုဖြစ်လာတယ်ဆိုရင် သတ်မှတ်ထားတဲ့ ဆေးရုံဆေးခန်းတွေမှာ ပြလို့ရအောင် စီစဉ်ထားပေးရပါတယ်။ ဆေးဖိုးကို ကုမ္ပဏီနဲ့ အလုပ်သမားတို့ ပူးပေါင်းကျခံရတာပါ ပမာဏတစ်ခုအထိကို ကုမ္ပဏီက ကျခံပေးပါတယ်။ သတ်မှတ်တဲ့ ပမာဏကျော်ပြီဆိုရင်တော့ အလုပ်သမားဘက်က ဆက်ပြီးကျခံရတာပါ။

တစ်ချို့ကုမ္ပဏီတွေမှာဆိုရင် တစ်နှစ်တစ်ခါ ကျန်းမာရေး စစ်ဆေးတာမျိုးတောင် ရှိပါတယ်။ အလုပ်သမားဘက်က ကျခံစရာမလိုပါဘူ။း ဒါပေမယ့် အလုပ်သမားတွေတိုင်းရဲ့ လစာထဲကနေတော့ အခွန်ငွေအနေနဲ့ ပြန်ပေးဆောင်ရပါတယ်။

ဖွံဖြိုးပြီး နိုင်ငံကြီးတွေမှာဆိုရင် လုပ်ငန်းခွင် ကျန်းမာရေးဌာနကပဲ အလုပ်သမားရဲ့ ကျန်းမာရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပါတယ်။ အလုပ်က အထက်အရာရှိလည်းသိဖို့မလိုသလို အလုပ်သမားအချင်းချင်းလည်းသိဖို့မလိုပါဘူး ။

ဒီ လုပ်ငန်းခွင် ကျန်းမာရေးဌာနကပဲ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့သင့်တော်မယ့် အလုပ်နေရာတွေကို စီစဉ်ပေးတာမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်သမားတစ်ယောက် အလုပ်လုပ်နေရင်း တစ်ဖြည်းဖြည်း ရင်ကျပ်လာတယ်ဆို ဆရာဝန်တွေ စစ်ဆေးစမ်းသပ်ပြီး အလုပ်နဲ့ ဆိုင်မဆိုင်ဆိုတာ ဆုံးဖြတ်ပေးပြီး လုပ်ငန်းခွင် ကျန်းမာရေးဌာနကို သတင်းပေးပါလိမ့်မယ် အလုပ်နဲ့သက်ဆိုင်တယ်ဆို လူနာကို ဒီအလုပ်မှာပဲ ဆေးတွေမကိုင်ရတဲ့ နေရာမျိုးရွှေ့ပြောင်းပေးတာအထိ လုပ်ပေးနိုင်ပါတယ် ။

လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာမဖြစ်ဖို့လည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု ပစ္စည်းတွေ စည်းမျဉ်းတွေကို လုပ်ငန်းခွင်ကျန်းမာရေးဌာနာကပဲ သေချာကြီးကြပ်ပေးတာပါ။ ဒီကြားထဲကမှာ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုဖြစ်ခဲ့ရင်လည်း အလုပ်သမားတွေအတွက် အကောင်းဆုံးဖြစ်နိုင်အောင် စီစဉ်ပေးတတ်ကြပါတယ်။

တစ်ချို့သော အလုပ်တွေက နှစ်ရှည်လများလုပ်တဲ့အခါ အလုပ်သမားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တစ်ချို့တွေ ပြန်မကောင်းတာတွေအထိ ဖြစ်နိုင်တယ် ဥပမာအားဖြင့်တော့ ကျောက်တူးတဲ့သူတွေမှာ အဆုတ်တွေထိခိုက်နိုင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာမှာကိုလည်း ကုမ္ပဏီတွေက ကြိုတင်ခန့်မှန်းပြီး ပြင်ဆင်ပေးရပါတယ်။ အလုပ်သမားတစ်ယောက်ရရုံ အလုပ်ပြီးရုံတင်မဟုတ်ဘဲ ဒီအလုပ်လုပ်ခြင်းကြောင့် အလုပ်သမားမှာ ဘယ်လိုကျန်းမာရေးထိခိုက်မှုတွေဖြစ်နိုင်တယ်ဆိုတာအတွက်ပါ ကြိုတင်ပြင်ဆင်ပေးထားဖို့လိုပါတယ်။ ကျန်းမာရေးပြဿနာတစ်စုံတစ်ခု ကြုံလာတိုင်းလည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက်လည်း လုပ်ငန်းခွင် ကျန်းမာရေး ဌာနတွေ လိုအပ်ပါတယ် ။

လုပ်ငန်းခွင် ကျန်းမာရေးစနစ်မှာ ဘယ်သူကမှပိုပြီး အမြတ်မရသလို အရှုံးလည်း မရှိပါဘူး။ အလုပ်ရှင်ဘက်ကလည်း အလုပ်သမားလစာငွေထဲကနေ ကျန်းမာရေးစရိတ်ပြန်ဖြတ်တယ်။ အလုပ်သမားဘက်ကလည်း သင့်တင့်ကောင်းမွန်တဲ့ ကျန်းမာရေးအာမခံချက်ရပါတယ် ။

အလုပ်သမားထုများလာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ လုပ်ငန်းခွင်ကျန်းမာရေးစနစ် ကောင်းမွန်လာအောင် အလုပ်တိုင်းက သေချာကြိုးစားစီမံကြမယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးစနစ်ကြီးလည်းအထိုက်အလျောက် ပြောင်းလဲတိုးတက်လာပါလိမ့်မယ် ။

 

Dr. CST

ဆက်စပ် ဆောင်းပါးများ